Saturday, June 1, 2013

သင်စိတ်ညစ်နေချိန် တန်ဖိုးရှိတဲ့အလုပ်တစ်ခုခု လုပ်နေပါ




စိတ်ဆင်းရဲစရာနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ သူ့ကို လုံးလုံး မေ့ပစ်လို့ရမှာ မဟုတ်ပါဘူး။ သူ့ကို အေးအေးဆေးဆေး ကြည့်ဖို့လိုပါတယ်။ ဒါပေမဲ့ တစ်ခြား တန်ဘိုးရှိတဲ့ အလုပ်တစ်ခုခုကိုလည်း လုပ်နေဖို့ လိုတယ်။ အဲဒါသိပ်အရေးကြီးတယ်။ အလုပ်မရှိရင် စိတ်ဆင်းရဲစရာကိုပဲ တွေးနေမယ်။ များများတွေးလေ ပိုပြီး စိတ်ဆင်းရဲလေ ဖြစ်တတ်တယ်။
ကြုံဘူးတာရှိတယ်။ သိပ်ချစ်ရတဲ့သူတစ်ယောက်ပါ မဆုံနိုင်တော့မှန်းသိသွားပေမယ့် သူ့အကြောင်းပဲ ထိုင်ပြီးတော့ စဉ်းစားနေရင် ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ အဖြေမထွက်လာဘူး။ အဲဒီတော့ ခဏမေ့ထားလိုက်အုံးမယ် ဆိုပြီးတော့ ကိုယ်တန်ဖိုးထားတဲ့ ကောင်းတဲ့ အလုပ်တစ်ခုကို သွားလုပ်နေလိုက်တယ်။



လုပ်ခါစမှာ စိတ်က အဲဒီအလုပ်ထဲမှာ မနေဘူး။ စိတ်က အဲဒီစိတ်ဆင်းရဲစရာကိုဘဲ ပြန်ပြန်တွေးနေမိတယ်။ ဒါပေမဲ့ အလုပ်ကို ကြိုးစားပြိးတော့ လုပ်ရင်းကနေ အော်…ဒီအလုပ်လေးက အကျိုးရှိလိုက်တာ။ တန်ဘိုးရှိလိုက်တာဆိုပြီးတော့ အလုပ်ကို တန်ဘိုးထားတဲ့စိတ် ဖြစ်လာပြီးတော့ အာရုံစိုက်ပြီးတော့ လုပ်သွားတဲ့အခါ ကိုယ်လုပ်တဲ့အလုပ် ပြီးသွားတဲ့အခါမှာ စိတ်ကလေး နည်းနည်း ချမ်းသာလာတယ်။

အဲ့ဒီစိတ်ချမ်းသာတာကိုက စိတ်ကို အားဖြည့်ပေးသလို ဖြစ်သွားတယ်။ စိတ်က အားပိုရှိလာတယ်။ ခံနိုင်ရည် ပိုရှိလာတယ်။ အဲဒီအခါမှာ ခုနကကိုယ် စိတ်ဆင်းရဲပါတယ်ဆိုတဲ့ ကိစ္စကို ပြန်စဉ်းစားလိုက်တဲ့ အခါမှာ အရင်လောက် စိတ်မဆင်းရဲတော့ဘူး။

စိတ်ဆင်းရဲစရာ အဆင်မပြေမှုတွေ တွေ့ရတဲ့အခါမှာ ဘာမှ မလုပ်ဘဲ ထိုင်တွေးနေတာ အကျိုးမရှိဘူး။ အကျိုးရှိတာ တစ်ခုခုလုပ်နေလိုက်ပါ။ နောက်မှ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားပါ။ အကျိုးရှိတဲ့ အလုပ်ကို လုပ်နေတာဟာ အဲဒီလောက်တော့ နားထောင် ပေးနိုင်တယ်။ ကိုယ်လုပ်သင့်တာကို ဘာမှ မလုပ်ပဲနဲ့ ခဏခဏ တညည်းညည်း တညူညူ ပြောနေမယ်ဆိုရင်တော့ နားမထောင်ချင်တော့ဘူး။

အဖော်ရှိတယ်။ မရှိဘူးဆိုတာ ကိုယ့်အပေါ်မှာ အများကြီး မှုတည်မယ်။ ဒုက္ခနဲ့ကြုံတဲ့အချိန်မှာ အသိလေးနဲ့ ဥာဏ်လေးနဲ့ ကိုယ့်စိတ်ကိုကိုယ် ထိန်းသိမ်းပြီးတော့ ရင့်ကျက်တဲ့စိတ်နဲ့ သည်းခံပြီးတော့ နေမယ်ဆိုရင် တစ်ခါတလေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူဟာ ကြာတော့ ရိပ်မိလာပါတယ်။ သူ့ဒုက္ခက မသေးဘူး။ ဒါပေမဲ့ သူမညည်းဘူး…။ သူတော်တော် သည်းခံတာဘဲဆိုတာ မြင်လာတာဘဲ။

အဲဒီလို မြင်လာတဲ့အခါမှာ တစ်ခါတလေ ကိုယ်က မခံနိုင်လွန်းလို့ ပြောလို့ရှိရင် သူတော်တော် မခံနိုင်လွန်းလို့ ပြောတာ။ တော်ယုံတန်ယုံဆို သူပြောမှာ မဟုတ်ဘူးလေ။ အဲဒီလို နားလည်လာတဲ့အတွက် ကိုယ့်အတွက် သူတတ်နိုင်တာဆိုရင် တကယ် စိတ်ပါလက်ပါ လုပ်ပေးချင်တယ်။

ဒါကြောင့် ကိုယ့်မှာ ဒုက္ခကြုံတဲ့အခါမှာ ကိုယ့်ဘက်ကယူရမဲ့ တာဝန်ကို ကိုယ်တတ်နိုင်သလောက် အများဆုံးယူမှ ဖြစ်မယ်။ ကိုယ်က လုပ်နိုင်တာကို မလုပ်ဘဲနဲ့ ကိုယ်ယူရမဲ့တာဝန်ကို မယူဘဲနဲ့ ကိုယ် သည်းခံနိုင်သလောက်ကို သည်းမခံဘဲနဲ့ လိုတာထက်ပိုပြီးတော့ အော်နေမယ်၊ ညည်းနေမယ်၊ ငိုနေမယ်ဆိုယင် ကိုယ့်အနားမှာ ဘယ်သူမှရှိတော့မှာ မဟုတ်တော့ဘူး။

ဘယ်သူမှ စိတ်ဓာတ်အင်အား မကြီးကြဘူးလေ။ လူတိုင်းမှာ စိတ်ဓာတ်အင်အားဆိုတာ သူ့အတိုင်းအတာလေးတစ်ခု အနေနဲ့ဘဲရှိတယ်။ လူတိုင်း ကိုယ့်လောကဓံ၊ ကိုယ့်ဒုက္ခနဲ့ကိုယ်၊ ကိုယ့်ဝန်ထုပ်ကြီးကို ကိုယ် ထမ်းပြီးတော့ သွားနေကြတာ။ သူများဆီက ၀န်ထုတ်ကို ဘယ်သူကမှ တာရှည် ယူမထားနိုင်ဘူး။ ကိုယ်ပျော်နေတယ်ဆိုရင်တော့ ၀ိုင်းပျော်လိုက်လို့ရှိရင် သူလည်းနည်းနည်း အားပြည့်လာတဲ့အတွက်ကြောင့် အဲဒါတော့ ယူချင်တယ်။ စိတ်ဆင်းရဲနေတယ် ဆိုရင်တော့ ခဏဘဲယူမယ်။ ကြာကြာမယူဘူး။ မယူတဲ့လူကို အပြစ်တင်လို့ မဖြစ်ပြန်ဘူးလေ။

Laugh and the world laughs with you,
Weep, and you weep alone.

ဆိုတာကို ဖတ်ပြီးတော့ သင်တစ်ယောက်ထဲ ငိုရလိမ့်မယ် ဆိုတော့ လောကကြီးကို အပြစ်တင်ရမလို ဖြစ်နေပြန်တယ်။ တစ်ကယ်တော့ လောကကြီးကို အပြစ်မတင်သင့်ပါဘူးနော်။

Credit - Original up-loader

No comments:

Post a Comment