Sunday, May 19, 2013

ပြုပြင်ပြောင်းလဲရေး....သို့မဟုတ် Revolution & Evolution.....


စနစ်တစ်ခု၊ လုပ်ငန်းတစ်ခု၊ အခြေအနေတစ်ခု ပြောင်းလဲလိုသည်၊ သို့မဟုတ် ပြောင်းလဲရန် လိုအပ်သည်၊ သို့မဟုတ် ပြောင်းလဲရမည်ဟု ဆိုရာတွင် ဝေဖန်ပိုင်းခြားရန် အကြောင်းများစွာ ရှိပါသည်။
ထမ ထိုစနစ် သို့မဟုတ်၊ လုပ်ငန်း သို့မဟုတ်၊ အခြေအနေ၏ လက်ရှိအခြေအနေအား အမှန်အတိုင်း သိရှိနိုင်ရပါမည်....၊


ထို့နောက် အားနည်းချက်၊ အားသာချက်များအား(အကျိုး/အပြစ်များအား) စိစစ်ဖော်ထုတ် အတည်ပြုရပါမည်။

စိစစ် အတည်ပြုပြီးသော အားနည်းအားသာချက်များအား ပြုပြင်ပြောင်းလဲရန်၊ ဖြတ်တောက် ရန်၊ ဖြည့်စွက်ရန်၊ အစီအစဉ်များနှင့် ဖြစ်နိုင်ချေများကို ထည့်သွင်းစဉ်းစား ရပါမည်။

ထိုသို့ စဉ်းစားရာတွင်လည်း ခေတ်၏ အခြေအနေ၊ အချိန်အခါနှင့် လက်ခံနိုင်မှုကို ကြိုတင်တွက်ချက်ထားနိုင်ရပါမည်...။

တွက်ချက်ပြီးသော ထိုအစီအစဉ်များကိုလည်း သိပ္ပံနည်းကျ သုတေသနပြု၍ အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးရပါဦးမည်။

ထိုသို့ စမ်းသပ်စစ်ဆေး၍ အောင်မြင်နိုင်မှုရာနှုန်းသည် ရာနှုန်းပြည့်နီးပါး ရရှိပြီ...၊ ဘေးထွက် ဆိုးကျိုး ကျဆင်းမည်...၊ တန်ပြန်ဆိုးကျိုးများ လျော့နည်းသည် ဆိုပါက ပြုပြင်ပြောင်းလဲရန် အခြေအနေနှင့် အချိန်အခါကို တွက်ချက်၍ ပြုပြင်ပြောင်းလဲနိုင်ရန် အဆင့်လိုက် လုပ်ငန်းစနစ် ချမှတ်၍ ခိုင်မာသော သန္ဓိဌာန်စိတ်ဖြင့် စုပေါင်းကာ စနစ်တကျ တစ်ဆင့်ချင်းပြောင်းလဲ ရပါမည်....။
 


အဆင့်လိုက် ပြောင်းလဲနေစဉ်ကာလတွင်လည်း အကျိုး/အပြစ်များကို မျက်ခြေ မပြတ် စောင့်ကြည့် အကဲခတ်နေရန်နှင့် တစ်စုံတရာသော ဘေးဥပါဒ်၊ အနှောင့် အယှက်များ ဖြစ်ပေါ်လာပါက ချက်ချင်း ကာကွယ်ခြင်း၊ လမ်းကြောင်းပြောင်းလဲခြင်း၊ လုပ်ငန်းပြောင်းလဲခြင်းများအတွက် အရံ အစီအစဉ်များ ရေးဆွဲထားရှိရပါမည်။

ထို့ကြောင့် စနစ်တစ်ခု၊ လုပ်ငန်းတစ်ခု၊ အခြေအနေတစ်ခု ပြောင်းလဲရန် ``နိဒါန်း၊ ရည်ရွယ်ချက်၊ ဆောင်ရွက်မှုနည်းစနစ်၊ သတင်းထုတ်ပြန်မှု၊ သုတေသနမှတ်တမ်း´´ စသည့် အခြေအနေများ လိုအပ်ပါသည်။

ပြောင်းလဲခြင်းဆိုရာတွင်လည်း အလုံးစုံပြောင်းလဲခြင်းနှင့် အဆင့်လိုက်ပြောင်းလဲခြင်းဟူသော Revolution နှင့် Evolution အကြောင်းများအား၊ သေချာစွာ လေ့လာသိရှိထားရန် လိုအပ်မည်ဖြစ်ပါသည်။

ယခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေ ကွန်ဖရင့်များ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အကြိုညှိနှိုင်း တွေ့ဆုံပွဲများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆောင်ရွက်နေကြသည်ကို အွန်လိုင်းသတင်းများ မြေပြင်သတင်းများအရ သိရှိနေရပါသည်။

မြန်မာနိုင်ငံ၏ပညာရေးစနစ်(ကိုလိုနီခေတ်ပညာရေးစနစ်မဟုတ်သော မူပိုင်ပညာရေးစနစ်)သည် ဟိုးယခင်အတိတ်ဆီတွင် စင်္ကာပူနိုင်ငံမှ အားကျအတုယူခဲ့ရသော စနစ်ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံအနေဖြင့် ထိုနည်းစနစ်အား အခြေတည်၍ ခေတ်၊ စနစ်နှင့် အညီ တစ်ဆင့်ချင်း (Refresh ) လုပ်၍ ယခုအချိန်အထိ ကမ္ဘာနှင့် ရင်ပေါင်တန်းလျှက်ရှိပါသည်။

ထို့ကြောင့် အကြံပြုတင်ပြလိုသည်မှာ......

ယခင်က ချမှတ်ခဲ့သော မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ပြန်လည်လေ့လာမှတ်တမ်းတင် ထားရှိရန် လိုအပ်ပါမည်။

ယခုဖြစ်ပေါ်နေသော ပညာရေး ကဏ္ဍ၏ အားနည်းချက်၊ အားသာချက်များအား စိစစ်ဖော်ထုတ် ထားရှိရန် လိုအပ်ပါသည်။

ထိုသို့ စိစစ်ဖော်ထုတ်ရာတွင်လည်း အောက်ပါအချက်များအား တစ်ခုချင်း ခွဲခြားလုပ်ဆောင် ထားရှိရပါမည်-

- ပညာရေး အဆင့်အတန်း။ သင်ရိုးညွှန်းတန်းများအဆင့်မီခြင်းရှိ/မရှိ။

- သင်ကြားမှု အဆင့်အတန်း
(က) ဆရာ/ဆရာမများ ၀န်ထမ်းစည်းကမ်း၊ ကျောင်းစည်းကမ်း လိုက်နာမှု ရှိ/မရှိ။
(ခ) သင်ကြားမှုစနစ် ပီပြင်ခြင်း ရှိ/မရှိ။

- လက်ခံနိုင်မှု အဆင့်အတန်း ။ ကျောင်းသား/သူများ၏ စိတ်ပါဝင်စားမှု၊ နားလည်မှု၊
လိုက်ပါဆောင်ရွက်နိုင်မှုနှင့်၊ တတ်ကျွမ်းမှု ရှိ/မရှိ။

- စီစဉ် ညွှန်ကြား စစ်ဆေးနိုင်မှု အဆင့်အတန်း
(က) သင်ကြားသူ ဆရာ/ဆရာမများမှ ပြဌာန်း ချက်များအတိုင်း သင်ကြားခြင်းရှိ/မရှိ၊
(ခ) ပညာရေးဆိုင်ရာ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ၊
(ဂ) သင်ကြားခံရသူ ကျောင်းသား/သူများမှ သင်ကြားမှုစည်းကမ်း၊ လိုက်နာရမည့်စည်းကမ်းအတိုင်း လိုက်ပါဆောင်ရွက်မှု ရှိ/မရှိ၊
(ဃ) အားနည်းချက်/အားသာချက်များအား မှတ်တမ်းထားရှိ ပြုပြင်ပေးခြင်းနှင့် တင်ပြဆောင်ရွက်ခြင်း ရှိ/မရှိ၊
(င) ကျောင်းများ၊ စာသင်ခန်းမများ၊ လက်တွေ့ စမ်းသပ်ခန်းနှင့် သင်ထောက်ကူ ပစ္စည်းများပြည့်စုံလုံလောက်ခြင်း ရှိ/မရှိ။
(စ) စည်းကမ်းထိန်းသိမ်းပေးရန်နှင့် ဒေသတွင်းလိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးရန် ဌာနဆိုင်ရာ၊ ဆရာနှင့် မိဘ ပူးပေါင်းဆောင်ရွက်ခြင်း ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ရပါမည်။

ထိုသို့ စိစစ်ဖော်ထုတ်မှုများအား အတည်ပြု ရရှိပြီး ဖြစ်ပါက ပညာရေး အဆင့်အတန်း၊ သင်ကြားမှု အဆင့်အတန်း၊ လက်ခံနိုင်မှု အဆင့်အတန်းနှင့် စီစဉ် ညွှန်ကြား စစ်ဆေးနိုင်မှု အဆင့်အတန်း တို့တွင် တစ်ချက်ချင်းအနေဖြင့်သော်လည်းကောင်း၊ အစိတ်အပိုင်းအလိုက်သော်လည်းကောင်း၊ ပြုပြင်ပြောင်း လဲရန် လိုအပ်မည်ဖြစ်ပြီး ပညာရေးဆိုင်ရာ ဥပဒေကိုလည်း ပြဌာန်းထားရှိရမည်ဖြစ်ပါသည်။

ပညာသင်ကြားမှု ဟူသော ကဏ္ဍတွင် ကျောင်းသား/ကျောင်းသူများ၏ အသက်အရွယ် အဆင့်အတန်း အလိုက် သင်ကြားရန် မူအားဖြင့် သတ်မှတ်ထားသော သင်ရိုးများအား ဥာဏ်ရည်အရ လက်ခံနိုင်မှုနှင့် တုံ့ပြန်နိုင်မှုများအတွက် မဖြစ်မနေ သုတေသန ပြုလုပ်ပြီးမှသာ ပြဌာန်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

သင်ကြားရာတွင်လည်း ဥပမာအားဖြင့် သူငယ်တန်း ကလေးငယ်များအား `` ညအခါ လသာသာ ကစားမလား၊ နားမလား…´´ ဟူသော သံပေါက်လေးတွင် ဤအတိုင်း တစ်လုံးတစ်ပါဒမျှ မကျန်…. ပြန်လည် ရေးပြနိုင်လျှင် အမှတ်(၁၀၀)ဟု သတ်မှတ်သည့်အစား လသာသောညများတွင် ကလေးငယ်များ ပျော်ရွှင်စွာ ကစားတတ်ကြောင်း၊ အချို့ သောကလေးငယ်များမှာ လသာညတွင် ကစားခြင်းမပြုပဲ အနားယူတတ်ကြောင်း၊ ထို့ကြောင့် သူငယ်ချင်း အချင်းချင်း လသာနေပြီဖြစ်သဖြင့် ကစားကြမလား သို့တည်းမဟုတ် နားကြမလား ဟုမေးမြန်းခြင်းဖြစ်ကြောင်း၊ စသည်ြဖင့် ရှင်းပြ သင်ကြားခြင်းမျိုးကို ဆောင်ရွက်သင့်ပြီး ဆိုလိုရင်း၏ အဓိပ္ပါယ်ကို နားလည်စေရန် သင်ကြား သင့်ပါသည်။

ဘာသာရပ်များအတွက် စာလုံးပေါင်း မှန်ကန်စေရန်၊ သဒ္ဒါမှန်ကန်စေရန်၊ စနစ်တကျတွက်ချက် တတ်စေရန် သင်ကြားခြင်းသည် မှတ်ဥာဏ် ( IQ ) အတွက် သင်ကြားမှုအပိုင်းဖြစ်ပြီး၊ သဘော သဘာဝနှင့် အခြေအနေအမှန်ကို သင်ကြားပေးခြင်းသည် ဗဟုသုတကို အခြေခံသော ဆင်ခြင်နိုင်မှု ( EQ ) အတွက် သင်ကြားပေးခြင်း ဖြစ်ပါသည်။

ဆရာဗဟိုပြု သင်ကြားမှုစနစ်သည် သင်ရိုးအတိုင်း တစ်ပြိုင်တည်း သင်ကြားခြင်းဖြစ်ပြီး…. ကျောင်းသား မဏ္ဍိုင်ပြု စနစ်သည်ကား ကျောင်းသားများ၏ စိတ်ပါဝင်စားသော ကဏ္ဍ၊ တစ်ဦးချင်း အားသာမှု ဖော်ထုတ် သင်ကြားခြင်းကဏ္ဍများအား မေးမြန်းခြင်း၊ ဖြေကြားခြင်းဖြင့် သင်ကြားရသော စနစ် ဖြစ်ပါသည်။

မဖြစ်မနေသင်ကြားပေးရန် လိုအပ်သော ဘာသာရပ်များနှင့် စိတ်ပါဝင်စားမှုရှိသော ဘာသာရပ်အား ဖြည့်စွက်သင်ကြားခြင်းစနစ်များအား ကျင့်သုံးသင့်ပါသည်။

ထိုသို့ ကျင့်သုံးဆောင်ရွက်ရန်အတွက် အမှန်တကယ် ကဏ္ဍအလိုက်တတ်ကျွမ်းသော ဆရာ/ဆရာမများ လိုအပ်ပါသည်။

၎င်းတို့အတွက်လည်း ပြည့်စုံလုံလောက်သော ထောက်ပံ့စနစ် လိုအပ်ပါသည်။

စည်းကမ်းလိုက်နာမှုကို ထိန်းသိမ်းပေးနိုင်ရန်အတွက် တိကျသော ဥပဒေတစ်ရပ်လည်း လိုအပ်ပါသည်။

သုတေသနပြုခြင်း၊ ထိန်းကျောင်းပေးနိုင်ခြင်းများအတွက် တတ်သိပညာရှင်၊ ၀န်ထမ်းနှင့် လူမှုရေး အသင်းအဖွဲ့များ လိုအပ်ပါသည်။

ကဏ္ဍအလိုက် ပီပြင်စွာ လိုက်နာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကဏ္ဍအလိုက် စည်းကျော်ဝင်ရောက်မှု မရှိစေရေးအတွက် အတိုင်းအတာ သတ်မှတ်ချက်လည်း လိုအပ်ပါသည်။

ထို့ကြောင့် ပြုပြင်ပြောင်းလဲလိုသော ပညာရေးစနစ်အား အလုံးစုံပြောင်းလဲခြင်းနှင့် Revolution (အလုံးစုံပြောင်းလဲခြင်း) နှင့် Evolution (အဆင့်လိုက်ပြောင်းလဲခြင်း) စနစ်တို့အား သင့်လျှော်ရာ ဆောင်ရွက်နိုင်ရန် အတွက် တတ်စွမ်းသမျှ အထောက်အကူဖြစ်စေကြောင်း အကြံပြု တင်ပြလိုက်ရ ပါသည်။

(ကွန်ဆူးမား)
(၁၉-၅-၂၀၁၃)

No comments:

Post a Comment