Sunday, May 26, 2013

L o v e p h o b i a

by Maung Sue (Notes) on Saturday, May 25, 2013 at 4:48pm

သူ့တွင် မိန်းမတွေကို ကြောက်တတ်သောရောဂါရှိသည်။
မိန်းမများကိုကြောက်သလို ကြောင်တွေကိုလည်း ကြောက်၏။
လောကကြီးတွင် သူ့ကို ထိတွေ့ပွေ့ဖက်၍ရသော မိန်းမဟူ၍
သူ့အမေတစ်ယောက်သာ ရှိသည်။
သူ့အမေ ဆုံးပါးသွားပြီးနောက်ပိုင်း
သူ့ကို ဘယ်မိန်းမမှ ထိတွေ့၍မရတော့။ ထိတွေ့လိုက်သည်နှင့်
မီးလောင်ကျွမ်းသည့်နှယ် ပူပြင်းတောက်လောင်သော ဝေဒနာတစ်ရပ်ကို
ခံစားရ၏။ လောကတွင် မိန်းမများနှင့် ထိတွေ့နေရမှ သာယာမှုရတတ်သူများ
ရှိသလို၊ သူ့ကဲ့သို့ မိန်းမများနှင့် ထိတွေ့တိုင်း နာကျင်ရသူလည်း ရှိသင့်သည်မဟုတ်လား။

“ရှင် ကျွန်မကို ချစ်သူသက်တမ်း တစ်နှစ်အတွင်း
လုံးဝမထိမကိုင်ခဲ့ဖူးဘူး .. ကျွန်မ ထိတွေ့မယ်လုပ်ရင်လည်း
ရှင်လက်မခံဘူး .. အဲ့ဒါ ဘာသဘောလဲ”

“ဆောရီးပါ လမင်းဖြူ ..
ကျွန်တော့်မှာ မိန်းမတွေနဲ့ ပတ်သက်လာရင်
အာရုံလေးပါးပဲ ရှိတယ် ..
အထိအတွေ့ဆိုတဲ့ ဘာသာရပ်က
ကျွန်တော့်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ် ..
အဲ့ဒါ ကျွန်တော့်ဆိုက်ကိုပဲ”

“Shit !!!”

သူ့ ၂၈ နှစ်မြောက် မွေးနေ့တွင် နိုင်ငံခြားမှ ပြန်လာသော
သူ့သူငယ်ချင်းက Sex Toy လှလှလေးတစ်ရုပ် လက်ဆောင်ပေး၏။
သူ ထိုဆက်စ်တွိုင်းလေးကို မခင်နှင်းဆီဟု နာမည်ပေးထားလိုက်သည်။
မခင်နှင်းဆီသည် သူနှင့်အတူ ထမင်းစား၏။ သူ့ကို စကားမပြောသော်လည်း
သူပြောသမျှ နားထောင်သည်။ မခင်နှင်းဆီသည် သူ့ဘဝဖြစ်လာ၏။
မခင်နှင်းဆီနှင့်အတူ ကောင်းကင်၏ ကာရံကို ဖွဲ့သီသည်။ မခင်နှင်းဆီနှင့်အတူ
မိုးစက်ပေါက်ကလေးများ၏ တေးချင်းကို နားစွင့်သည်။ မခင်နှင်းဆီနှင့်အတူ
ညနက်နက်များတွင် ကာမစပ်ယှက်ခြင်းအမှုပြု၏။ မခင်နှင်းဆီသည်
သူ့ဘဝဖြစ်မှန်းမသိ ဖြစ်လာလေသည်။

“ဒီမှာ သူငယ်ချင်း .. မင်းကို ငါ မွေးနေ့လက်ဆောင်ပေးခဲ့တာ
သက်ရှိလူသားမဟုတ်ဘူးနော် .. Sex Toy တစ်ရုပ် ဆိုတာ မမေ့နဲ့”

“ငါ သိတယ် မင်းထက် .. အခု ငါက ဘာဖြစ်နေလို့လဲ”

“Sex Toy ဆိုတဲ့ သဘောတရားအရ .. တစ်ကိုယ်ရည်အာသာဖြေတာထက်
အနည်းငယ်သာလွန်တဲ့ ဆက်ဆံမှုတစ်ရပ်ကလွဲရင် ..
မင်းဘဝတစ်ခုလုံး ပေးထားစရာမလိုဘူး .. ဘာကြောင့်လဲ ဆိုတော့ ..
မင်းရဲ့ မခင်နှင်းဆီဆိုတာ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့
သက်ရှိမိန်းမတစ်ယောက်မဟုတ်ဘူး .. Sex Toy သက်သက်ပဲ”

နောက်တစ်နေ့မနက်တွင် သူ ရဲစခန်းသို့ သွားရောက်အဖမ်းခံသည်။
သူ့ကို လူသတ်မှုဖြင့် ဖမ်းဆီးအရေးယူပေးပါရန် စခန်းမှူးအား မေတ္တာရပ်ခံ၏။
စခန်းမှ ယာယီထိန်းသိမ်းထားပြီး သူ့အိမ်လိပ်စာအတိုင်း သွားရောက်စုံစမ်းရာ
သူ့အိမ်ခန်းအတွင်းတွင် ရင်ဘတ်မှာ ဓားတန်းလန်း စိုက်ဝင်နေသော
အရုပ်တစ်ရုပ်ကိုသာ တွေ့ရှိရလေသည်။
-
-
-
-
-
-
မခင်နှင်းဆီ သေဆုံးသွားခဲ့လေပြီ။

- ဆူး ခ က် မ င်း -
26.5.2013
06:10

No comments:

Post a Comment