Tuesday, May 14, 2013

ကျွန်တော်နှင့် အဘောရှင်း

by Zay Yar Phyo (Notes) on Monday, May 13, 2013 at 6:23am

ဆေးခန်းထဲကို ကောင်မလေး တစ်ယောက်ဝင်လာတယ် ပုံစံကြည့်ရတာလည်း ကြောက်တာလိုလို ယောက်ျားဆရာဝန်ကို တွေ့လိုက်ရလို့ ရှက်တာလိုလိုနဲ့ မအီမလည်ကြီးဖြစ်နေတယ်။
"ဘာဖြစ်တာလဲ ညီမလေး" လို့မေးလိုက်တာ
"ဆရာ သမီး အဘောရှင်းဖြစ်နေလို့ "ဆိုပြီး ဘိုလိုညှပ်ပြီး ဖြေတယ်။

ဗုဒ်ဓေါ မြတ်စွာဘုရား ကျွန်တော် ခေါင်းနပန်းကြီးသွားတယ်။ သူ ဘိုလို ပြောတဲ့ အဘောရှင်း(abortion) ဆိုတာ မြန်မာလိုဆို သားပျက်သားလျော လွယ်လွယ်ပြောရရင် ကိုယ်ဝန်ပျက်ကျတာကို သုံးနှုံးလိုက်တာ။ သူ့ပုံစံကြည့်ရတာလည်း ရည်ရည်မွန်မွန်နဲ့ ကြည့်ပျော်ရှုပျော်ရုပ်ရည်လေးနဲ့ပါ။ အသက်မေးကြည့်လိုက်တော့လည်း ၁၉ နှစ်ပဲရှိသေးတယ်။ အတန်းပညာကတော့ ဆယ်တန်းမအောင်ဘူး။
အိမ်ထောင်ရှိလားဆိုတော့လည်း မရှိသေးဘူး ဒါဆို ရည်းစားရောရှိလား ဆိုတော့ ကောင်မလေးက ကျွန်တော်ကို ပြူးပြဲကြည့်ပြီး မရှိပါဘူးဆရာ
(သူ့စိတ်ထင်တော့ ဒီဆရာဝန် ဘာတွေ လာမေးနေတာလဲ လို့ ထင်လိမ့်မယ်)ံ
ဒါနဲ့ ကျွန်တော်လည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ သူမ့ ကို abortion နဲ့ ပတ်သက်တဲ့ history (လူနာ ရာဇဝင်) တွေ ဆက်မေးရတော့တယ်။
"ဗိုက်နာလား "
"နာတယ်ဗိုက်အပြင် ခါးတွေပါ နာတယ် ဆရာ"
"ဘယ်နှရက် ရှိပြီလဲ"
"့  နှစ်ရက်ရှိပြီဆရာ "
"သွေးရော ဆင်းသေးလား "
"ဆင်းတယ်"
"သွေးဆင်းတာရော ဘယ်နှရက်ရှိပြီလဲ "
'ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီဆရာ"
"သွေးဆင်းတာ တော်တော်များလား "
"သိပ်တော့ မများပါဘူး "
"ခန့်မှန်းခြေပေါ့ သွေးဆင်းနေတုန်း ညီမလေး လစဉ်သုံးဂွမ်းထုပ် တစ်ရက်ကိုဘယ်နှထုပ်လောက် သုံးလိုက်ရသေးလဲ "
"သိပ်မသုံးရပါဘူးဆရာနှစ်ထုပ် သုံးထုပ်လောက်ပါပဲ "
"ရာသီရော ထိန်သွားသေးလား တစ်လတစ်ခါ ပုံမှန်ဆင်းရဲ့လား"
"ဆင်းပါတယ်ဆရာ တစ်လတစ်ခါ ပုံမှန်ပါပဲ"
"နောက်ဆုံးရာသီ ဆင်းခဲ့တဲ့နေ့က ဘယ်နေ့ကလဲ "
"အခုလောလောဆယ် သမီး ရာသီလာနေတာဆရာ မပြီးသေးဘူး အဲဒါ အခု ခါးတွေကိုက် ဗိုက်တွေအောင့်ပြီး လူနေရထိုင်ရမကောင်းလို့ ဆရာ့ဆီလာပြတာလေ "
သြော် ဒီတော့မှ ဆရာဝန်ပေါက်စလေး ခမျာ ဖြစ်ကြောင်းရယ်ကုန်စင်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတော့တယ်။
တကယ်တမ်း သူမခံစားနေရတာက မိန်းကလေးတွေရဲ့ အာဝေဏိက ဒုက္ခတစ်ခု ဖြစ်တဲ့ တစ်လတစ်ခါ ရာသီလာတဲ့အချိန်မှာ ကိုက်တာခဲတာတွေ မအီမသာဖြစ်တာတွေကို ခံစားနေရတာပါ။ ဒါကို သူမက ဘိုဆန်စွာနဲ့ အရပ်ထဲကလူတွေ ပြောတဲ့ ကြားဖူးနားဝ အင်္ဂလိပ်စကားလုံးကို ကြားညှပ်သုံးလိုက်တော့ ဆရာဝန်ပေါက်စခမျာ ချောက်ကျတဲ့ကိန်းဆိုက်တာပါပဲ။
ဒါနဲ့သူ့ကို ပြန်ပြောရတယ်
"မသိဘူးလေ ညီမလေးက လာပြတော့ အဘောရှင်းဖြစ်နေတယ်လို့ ဆရာ့ကို ပြောတာကိုး "
"အဘောရှင်းဆိုတာ အင်္ဂလိပ်လို မိန်းကလေး ဓမ္မတာလာတာကို ခေါ်တာမဟုတ်ဘူးလားဆရာ "
"ဘယ်ဟုတ်ပါမလဲ မိန်းကလေးတွေ ဓမ္မတာလာတာကို အင်္ဂလိပ်လို မန်စထရိတ်ရှင်း (menstruation) လို့ခေါ်တယ်"
"ညီမလေး ပြောတဲ့ အဘောရှင်းဆိုတာ ကိုယ်ဝန်ပျက်ကျတာကိုခေါ်တယ် ရှင်း ရှင်း ခြင်းတော့ တူပေမယ့် နင်လုပ်မှ ငါ့မှာ မရှင်းမရှင်းတွေဖြစ်ပြီး ရွာလည်တာပဲ"
တော်သေးတာပေါ့ history လေး မေးမိလို့ မဟုတ်လို့ကတော့ ဘိုဆန်တဲ့ လူနာရှင်ညီမလေးရဲ့ အဘောရှင်းဆိုတဲ့ စကားလုံးကိုသာ ယုံမှတ်ပုံအပ်ပြီး refer (လူနာညွှန်းပို့) လိုက်လို့ကတော့ အိုဂျီမမတွေက ငါ့ကို အရှင်လတ်လတ် သမချင်စိတ်တွေ ပေါ်ပေါက်ကောင်း
ပေါ်ပေါက်လာနိုင်တယ် ဒါမှမဟုတ် ဘာမှမမေးပဲ သူ့ပြောတာကိုယုံပြီး ညီမလေး ဒီကိုယ်ဝန်ဘယ်လိုဖျက်ချတာလဲ ဘယ်သူနဲ့ရတာလဲ ဘာညာသရကာ ဆိုပြီး ဝေဝေဆာဆာနဲ့ ဒဲ့သွားပြောမိလို့ကတော့ အပျိုညီမ ငိုချင်းချပြီး ဒီဆရာဝန်ပေါက်စ တော်တော် အောက်ကျတယ်လို့
မသိစိတ်ကနေ မေတ္တာပို့ကောင်းပို့နေလိမ့်မယ်။ဟူး..... ဒီလို လွဲလွဲလေးတွေနဲ့ ဆရာဝန်ဘဝကို အားခဲပြီး လျှောက်လှမ်းရမှာပါလား အရပ်ကတို့ရေ.....။ ။

photo credit to original uploader

No comments:

Post a Comment