“ဒေါက် ဒေါက် ဒေါက်”
မင်းအောင် အိမ်ပြန်လာပြီ။
မင်းအောင် အိမ်ပြန်လာပြီဆိုတာ သူ့အိမ်က လူတွေ သိနှင့်ပြီးသား။
တံခါးခေါက်လို့ တံခါးထ ဖွင့်ပေးစရာမလို။
မင်းအောင် အိမ်ပြန်လာချိန်မှာ တံခါးဟာ သော့မခတ်ထား။ စေ့ရုံလေးသာ။
“ဒေါက် ဒေါက် ဒေါက်”
မင်းအောင် အိမ်ပြန်လာပြီ။
မင်းအောင် အိမ်ပြန်လာပြီဆိုတာ သူ့မိန်းမ မသန်းစွေ သိနှင့်ပြီးသား။
အိမ်ထဲမှာ မင်းအောင်ရဲ့ သားအကြီးကောင်နဲ့ အငယ်ကောင်က ပြေးလွှားဆော့ကစားနေတယ်။
မင်းအောင် စေ့ထားတဲ့ တံခါးလေးကို ဖွင့်ပြီး ၀င်လာလိုက်ရုံ။
“ဒေါက် ဒေါက် ဒေါက်”
မင်းအောင် အိမ်ပြန်လာပြီ။
မင်းအောင် အိမ်ပြန်လာပြီဆိုတာ သူ့မိန်းမ မသန်းစွေ မီးဖိုချောင်မှ ကြားလိုက်တယ်။
အိမ်ထဲမှာ သူ့သားအကြီးကောင်နည်းနည်း ဖျားနေတယ်။
မင်းအောင်စားဖို့ ဟင်းရည်အိုးနွေးထားတာ အဆင်သင့်။
“ဒေါက် ဒေါက် ဒေါက်”
မင်းအောင် အိမ်ပြန်လာပြီ။
မင်းအောင် အိမ်ပြန်လာပြီဆိုတာ အဲဒီ “ဒေါက် ဒေါက် ဒေါက်” အသံနဲ့ သူ့မိန်းမ မသန်းစွေသိနေခဲ့တယ်။
သူ့သားအကြီးကောင် ရော ၊ အငယ်ကောင်ပါ သိနေခဲ့တယ်။
မင်းအောင် စေ့ထားတဲ တံခါးလေးကို တွန်းဖွင့်လို့ အိမ်ထဲ ၀င်တယ်။
“ဒေါက် ဒေါက် ဒေါက်”
မင်းအောင် အိမ်ပြန်လာပြီ။
ဒီတစ်ခါ သူ့မိန်မ မသန်းစွေ စကားပြောဖို့ လိုလာပြီ။
“ရှင့်မှာလည်း
အဲဒီ ဘေးခန်းမှာ ဘယ်သူမှ မရှိတာ သိရက်နဲ့
သူများအခန်းတံခါးကို နေ့စဉ်နဲ့ အမျှ ဘာလို့သွားခေါက်နေလဲ”
မင်းအောင် ဘာမှ ပြန်မပြော။ နောက်ဖေးမီးဖိုချောင်မှာ သူစားဖို့ ဟင်းရည်အိုးမှာ အငွေ့တထောင်းထောင်း။
“ဒေါက် ဒေါက် ဒေါက်”
မင်းအောင် ခေါက်တဲ့ တံခါးက နည်းနည်း လှုပ်ရှားသွားတယ်။
ပြီးတော့ အဲဒီတံခါးဟာ ပွင့်လာတယ်။ သူ့မိန်းမ မသန်းစွေ အိမ်တံခါးကို တွန်းဖွင့်ပြီး ၀င်လာနိုးနဲ့ စောင့်နေတယ်။
မင်းအောင် အိမ်ပြန်မလာတော့ပါ။
---------------------------------------- ဗိုလ် နင့် -----------------------------
No comments:
Post a Comment