Tuesday, April 2, 2013

ကျွန်တော့နံမည် "ယဉ်ယဉ်ချော"...

by Phoo Chin (Notes) on Monday, April 1, 2013 at 11:25am


မြန်မာတို့ရဲ့ဂုဏ်ယူဖွယ်ရာ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ မန္တလေးမြို့က ကုသိုလ်တော်ဘုရားပုရ၀ဏ်ထဲ ရောက်တယ်ဆိုရင်ဖြင့် မန္တလေးမြို့ရဲ့ ပူပြင်းတဲ့ရာသီဥတုကို မေ့လျော့သွားစေပါတယ်။
 
ကျောက်စာစေတီများနှင့်အပြိုင် နှစ်ပေါင်း၁၂၀ကျော်ပြီဖြစ်တဲ့ခရေပင်များကလည်း ဘုရားပုထိုးများနှင့်အတူ ပနံသင့်စွာ အေးမြရိပ်ကိုပေးစွမ်းနေပါတယ်။ အဝေးမှ မန်းလေးတောင်တော်ရဲ့မြင်ကွင်းသည်လည်း ရှု့မညီးအောင် လိုက်ဖက်တင့်တယ်လျှက်ရှိနေသဖြင့် ရောက်လာသူတိုင်းရဲ့ရင်ကို အေးမြစေတော့သည်ပေါ့..

  • စိတ်အေးချမ်းစွာ ဘု၇ားရင်ပြင်တော်ပေါ်ပါတ်လျှောက်ရင်း  ကမ္ဘာလှည့်ခရီးသွားများနှင့် မြန်မာတိုးရစ်ဂိုက်တို့ ပန်းသည်ကလေးမလေးတဦးအား ရီမောပျော်ရွှင်စွာ ဓါတ်ပုံရိုက်လျှက်ရှိနေသဖြင့် စူးစမ်းလေ့လာမိခဲ့ရာ မြန်မာဆန်ဆန် သနပ်ခါးပါးကွက်ကြားလေးနှင့် ချစ်စဖွယ်သမီးငယ်လေးတဦးတွေ့ခဲ့လေသည်။ အဆိုပါကလေးငယ်မှ တိုးရစ်ဂိုက်အား........ဦးဦးရင်ဘတ်က ဘာကဒ်လဲ? ဟုမေးလေရာ  နံဘေးမှ အမျိုးသားတဦးမှ.." အဲဒါ ဂိုက်ကဒ်ပေါ့ သမီးရဲ့" ဟုဝင်ဖြေလေသည်။ ထိုအခါ အမေးခံရသောဂိုက်မှ သူ၏သူငယ်ချင်းအား.. " မင်းကလဲ လျှောက်ပြောနေပြန်ပြီ.. အဲဒါ ဂိုက်ကဒ် မဟုတ်ဘူးသမီးရေ  သားသတ်လိုင်စင်ကွဲ့..သားသတ်လိုင်စင် ။ တနေ့ တနေ့ ရန်ပဲဖြစ်နေရတယ်..ဟီးးဟီး "...  ဟုအဆိုပါဂိုက်မှ (ရီမော နောက်ပြောင်လျှက်) " ဖြေလေသည်။
  • နံဘေးမှ တိုးရစ်များမှာမူ အဆိုပါ ဂိုက်အမျိုးသားနှင့် ပန်းသည်မလေးတို့၏စကားကို နားမလည်သော်လည်း မြန်မာဆန်ဆန် သနပ်ခါးပါးကွက်ကျားလေးနှင့် လှပအပြစ်ကင်းစင်သော ချစ်စဖွယ်ပန်းသည်မလေးကို သဘောကျလျှက် ဓါတ်ပုံဝိုင်းရိုက်နေကြလေသည်။ သွက်လက်ချက်ချာသော ချစ်စရာပန်းသည်မလေးသည်လည်း နေ့စဉ်ပန်းရောင်းလျှက် ဓါတ်ပုံအရိုက်ခံရသည်ကို ကြုံတွေ့နေကြဖြစ်သဖြင့် ရီမောပျော်ရွှင်စွာ ဓါတ်ပုံအရိုက်ခံလျှက် ပါးစပ်မှလည်း  " lucky flower..100 kyats "ဟုအော်နေလေသည်။

  • မြန်မာဆန်ဆန်သနပ်ခါးပါးကွက်ကြား..ချစ်စဖွယ်အပြုံးလေးနှင့် သွက်လက်ချက်ချာသော ပန်းသည်ကလေးမလေးသည် ဘုရားဖူးဧည့်သည်ပါးသည်နှင့် ဈေးဗန်းလေးဘေးနားချကာ ဘုရားရင်ပြင်တော်ပေါ်တွင် ကလေးငယ်တို့သဘာဝ အပူအပင်ကင်းစွာ ပြေးလွှားဆော့ကစားလျှက်ရှိနေလေသည်။ ဘုရားရိပ်သည်ပင် သူ၏နားခိုရာ၊ သူ၏ဆော့ကစားရာနေရာ၊ သူ့ဝမ်းရေးအတွက်ရပ်တည်ရာနေရာဖြစ်နေခဲ့ပါသည်။  သမီးနံမည် ဘယ်လိုခေါ်သလဲဟု မေးသောအခါ...   မန်းလေးသူပီသစွာ "ကျွန်တော့်နံမည် ယဉ်ယဉ်ချော" ဟုဖြေလေသည်။  အသက်ဘယ်လောက်ရှိပြီလဲ သမီးဟုမေးသော်..   " ၅နှစ် " ဟု..ဖြေလေသည်။ အဆိုပါကလေးငယ်သည် FACEBOOK ပေါ်တွင် လူကြိုက်များခဲ့သော ဓါတ်ပုံ(G Soon Photography)၏ဓါတ်ပုံထဲမှ ပန်းသည်မလေးဖြစ်ပါသည်။ ကလေးမလေး၏မိခင်နှင့် စကားပြောဖြစ်သောအခါ.....  သမီးလေးက လူချစ်လူခင်တော်တော်များတယ်။ ချစ်မွှေးပါတယ်လို့ လူတိုင်းကပြောကြတယ်။ သူကျောင်းနေရင်သုံးဖို့ဆိုပြီး သူပန်းရောင်းလို့ရတဲ့ငွေထဲကရော..ဘုရားဖူးဧည့်သည်တွေ မုန့်ဖိုးပေးသွားတဲ့ပိုက်ဆံလေးတွေရော စုပေးထားတယ်လေ...။ တိုးရစ်ဂိုက်တွေကလည်း သူ့ကိုချစ်လို့ စာအုပ်၊ခဲတံ၊ဦးထုပ်၊အကျီင်္လေးတွေ လက်ဆောင်ဝယ်လာပေးတတ်ကြတယ်။ ပြီးခဲ့တဲ့နှစ်က ကျောင်းသွားအပ်တာ ၅နှစ်မပြည့်သေးလို့ ကျောင်းအပ်မရခဲ့ဘူး.. ဒီနှစ်ကျောင်းဖွင့်မှပဲ ကျောင်းအပ်ရတော့မှာပဲ.။ ကျွန်မကတော့ ..ကလေးပညာရေးကို ဦးစားပေးမှာပါ...တတ်နိုင်သမျှကြိုးစားရမှာပေါ့ရှင်...လို့ဆိုပါတယ်။
  • မိတ်ဆွေတို့လည်း ဘုရားဖူးရင်းပဲဖြစ်ဖြစ်..မန်းလေးရောက်လို့ပဲဖြစ်ဖြစ်..ကြုံကြိုက်လို့မန်းလေးကုသိုလ်တော်ဘုရားကိုရောက်ခဲ့တယ်ဆိုရင်ဖြင့် အရွယ်နှင့်မမျှအောင်၊ ငယ်ငယ်ရွယ်ရွယ်နှင့် ပန်းရောင်းကာ မိဘကို တဖက်တလမ်းမှကူညီနေသည့် မန်းလေးကုသိုလ်တော်ဘုရားမှ ချစ်စရာသမီးငယ် ပန်းသည်မလေး "ယဉ်ယဉ်ချော"ဆီမှာ ပန်းဝယ်ရင်း သူ့ဘ၀လေးကို တဖက်တလမ်းက 
  • ကူညီနိုင်ပါတယ်။ သူမကိုဓါတ်ပုံရိုက်ဖို့ခွင့်တောင်းရင်ဖြင့် ဈေးသည်ပီပီ " ဓါတ်ပုံရိုက်ပြီးရင် ကျွန်တော့ဆီကပန်းဝယ်နော် "လို့ ချစ်စဖွယ်ပြောတတ်ပါသေးတယ်။ 
  • ငယ်ငယ်ရွယ်ရွယ်နဲ့မိဘကို ရိုးသားစွာလုပ်ကျွေးခွင့်ရတဲ့ သမီးငယ်ယဉ်ယဉ်ချောတယောက် ငြိမ်းအေးသောဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ..ပညာတတ် လူတော်၊လူကောင်းတယောက်အဖြစ်နဲ့ မိဘကိုဒီထက်မကလုပ်ကျွေးပြုစုနိုင်ပါစေလို့..ဆုတောင်းလျှက်...

No comments:

Post a Comment