တကိုယ်လုံး အေးစက် ပြီး တုန်ယင်နေပေမယ့် လောလောဆယ် အနွေးဓါတ်ကို မတောင့်တမိပြန်ဘူး။ ခြေလက်တွေ ထုံကျင်နေပေမယ့် လှုပ်ရှားရလွယ်ကူနေသလိုပဲ။
ခေါင်းတစ်ချက် အလှုပ်မှာ ဆံပင်အချို့ မျက်နှာကိုလာအခတ် အေးကနဲ တစ်ချက်မို့ ရေစက်တွေ စင်လေမလား မျှော်လင့်ပေမယ့် ခြောက်ကပ်ကပ် အေးစက်စက် ဆံသား တွေသာ ပါးပြင်တစ်လျှောက်ကို ပွတ်ဆွဲသွားကြ ပြန်တယ်။
ခိုက်ခိုက်တုန်အောင် အေးလွန်းတာမို့ ခြေလှမ်းတွေလှမ်းဖို့ အတော်ကိုစိုးရွံ မိနေပေမယ့် အားယူကာ စအလှမ်း သွက်လက်ပေါ့ပါးနေလွန်းသလိုပဲ။
စိတ်ဇောအဟုန်ကြောင့် ခန္ဒာအိမ် က များ သွက်လွန်းလေသလား တွေးထင်မိ ပေမယ့်.. တစ်နေရာအရောက်မှာ .... တွေကနဲတစ်ချက်ငေးရင်း ....
မိမိကိုယ်ကို မိမိ သေချာ ကြည့်မိ တယ်။
ဟောဒီ လက်တွေ ... သည်လက်တွေ နဲ့ နေ့ စဉ် အသက်မွေးဝမ်းကျောင်းပြု ခဲ့ရတယ်။ သည်လက်တွေ နဲ့ တစ်စုံတစ်ယောက် လက်တွေ ခိုင်ခိုင်မြဲ တွဲ ခဲ့ရတယ်။ သည်လက်တွေ နဲ့  ပဲ သေးငယ်တဲ့လူသားလေးမှ သည် ထွားကြိုင်းသန်မာပြီးဥာဏ်ရည်ထက်တဲ့ လူသား တစ်ယောက် ဖြစ်အောင် ပြုစု ပျိုးထောင်ပေးခဲ့တယ်။
သည်ဆံနွယ်တွေ.... တလျော်ကင်ပွန်း အုန်းဆီ မွှေး နဲ့ နက်မှောင်သန်စွမ်းအောင် သန့်စင် မွေးမြူ ရင်း တစ်ပတ်လျို အထုံးမှာ စံပယ်၊ နှင်းဆီ၊ မြတ်လေး၊ ကံ့ကော်၊ ခရေ ၊ အလျို လျို သီလို့ ကုံး ဆံထုံး အတွက်ဝင့်ခဲ့တယ်။
ရွှေဘို ခရိုင် ပခုက္ကူခရိုင် အထိ အဆင့်ဆင့်မှာကြားရင်း ရှင်မတောင်စစ်စစ် သနပ်ခါးအနှစ် အခေါက် ပြစ်ပြစ်ကို မှ လိမ်းချယ်ရင်း မျက်နှာနုနု ဖူးဖူးညွတ်စေခဲ့ဖူးတယ်။
မဟတဟ နှစ်ခမ်းနှစ်လွှာ ပန်းဆီရောင် အသန်းမှာ ရင်ဖိုစေခဲ့တဲ့ ပုရိသ ဘယ်နှစ်ယောက်များ ရှိခဲ့ပါလိမ့်။ ထိုနှုတ်ခမ်း အဖွင့်အပိတ် မတိတ်မဆိတ် ရှိတုန်း ဆဲရေးခြင်းလဲ ရှိခဲ့တယ်။ သာယာငြင်းပြောင်း သီချင်းဟောင်းတွေ ညည်းရင်း အိုးအိုးအေ လဲ ဆိုခဲ့ဖူးတယ်။ နှုတ်ဝယ်ဖွဖွ သရဏဂုံ တည်ရင်း စိတ်ဓါတ်ညွှတ်ပျောင်း သူတော်ကောင်းလဲ ဖြစ်ဖူးတယ်။
အသာအယာ ကိုယ့် မျက်နှာကို အေးစက်ထုံကျင်နေတဲ့ လက်တွေနဲ့ ဆံစမှ စပြီး တစ်ခုချင်းစမ်းသပ် ကြည့်နေမိတယ်။ အိပ်ချင်လိုက်တာ....
မျက်ခွံတွေ အတော်ကိုလေးလံ လွန်းတယ်။ ဒါပေမယ့် မရောက်ဖူးတဲ့ နေရာတစ်ခု မှာ မရရှိဖူးတဲ့ခံစားမှု တစ်ခု.. ပေါ့ပါးလွန်းတယ်..အေးစက်လွန်းတယ်။ ပြီးတော့.. အရာရာ ကိုယ်နဲ့ မဆိုင်သလို ရှိလွန်းလှတယ်။
ထိုစဉ်ခဏမှာ...
တစ်စုံ တစ်ယောက်ရဲ့ ခြေ သံကို ကျွန်မကြားနေရတယ်..ဟော..သူနီးလာပြီ... သူနဲ့ အတူ တစ်စုံတစ်ရာ ရဲ့ အသံကပါ ထပ်ချပ်လိုက်ပါလာနေသလိုပဲ ။ ဟင့်အင်း.... တစ်စုံတစ်ယောက်မှ မက တာပဲ .... နှစ်ယောက်
အို...အို...
ကျွန်မ ကို သူတို့ အတင်းပွေ့ တင်နေတယ်... ဝုန်း ကနဲ ကျွန်မကို ပစ်တင်ရင်း ..... တစ်နေရာကို တွန်းယူသွားကြပြန်ပြီ..။
ဟဲ့....နေအုံး.... နေအုံး....
ရှင်တို့ ခဏနေပါအုံး....
ကျွန်မ ကျန်နေခဲ့ ပြန်ပြီ.....
အပြေးအလွှား ဟစ်အော်ခေါ် ရင်း သူတို့ နောက်ကို အသာ လေး လိုက်သွားမိတယ်။ ဟုတ်တယ်....ဒီနေရာ ကနေ ကျွန်မ ကိုေ ခ်ါသွား စေချင်တယ်။
အေးလွန်းလှတယ်.. ကျွန်မ မကြိုက်ဖူး..သည်လောက် အေးစက်နေတာတောင် အင်မတန် အိပ်ချင်စိတ်ပျင်းပြနေတာ လဲ ကျွန်မ မကြိုက်ဖူး။
ကျွန်မက နွေးနွေးထွေးထွေး လေး နဲ့ အိပ်ချင်တာ..
တရောသောပါး ထိုသူတို့နောက် ပြေး လိုက်ရင်း အိပ်ချင်စိတ်အနည်းငယ်ပြေ ပျောက်သွား သလိုပဲ ။
ထိုသူတို့ ချို့ ကွေ့ ဝင်ရောက်သွား တဲ့ ခန်းမ တစ်ခု ထဲကို အရောက်..
အောင် မလေး....
ဟင့်အင်း....ဟင့်အင်း..... ကျွန်မ ကိုအဲလို မလုပ်ကြပါနဲ့ ..... တော်ကြပါတော့...
လူတွေက လဲ များ လိုက်တာ......
တစ်ယောက်ကို မှကျွန်မ မသိရပါလား ... ဘာလုပ်ကြမလို့ လဲဟင်
ကျွန်မ ကိုယ်ပေါ်က အဝတ်အစားတွေ ဘယ်ကိုရောက်ကုန်ပြီလဲ ...
အို..ဒုက္ခပါပဲ ။
ရှက်လို့ သေတော့မယ်..။
အဲ့လောက် ဗြောင်းဆန်အောင် သွေးပျက်မတတ် ခံစားနေရတာတောင် အိပ်ချင်လာပြန်ပြီ..
ဟင့်အင်း..အိပ်လို့ မဖြစ်ဖူး.... မအိပ်ရဘူး သိလား..မအိပ်ဘူး... မအိပ်ဘူး..
ကိုယ့်ကို ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်း သေချာမသိရခင်.. စိတ်ချ လက်ချ ဘယ်လို အိပ်မလဲ ။
အို....အို....ဘာလဲ.... ဘာလုပ်တာလဲ...
လည်မျိုကနေ ရင်ညွန့် အောက် ချက်အောက်.............. တောက်လျှောက်...
ပြီးတော့..... တူတွေ....ဆောက်ဖြတ်တွေ လိုဟာတွေ...
ဟာ.......
ဘာတွေ လဲ.... ဘာတွေ လဲ .....
ဖြတ်ကနဲ အလင်းရောင် တစ်ချက် ... မျက်စေ့ထဲ လက်ကနဲမှာ
ပီတိ တစ်ခု ရလို်က်တယ်.....
မျက်စေ့ထဲလဲ ...... စာရွက်တစ်ရွက်ပေါ်မှာ ....ပီတိတွေလှိုက်ဖြာရင်း ကျွန်မကိုယ်တိုင် လက်မှတ်တွေ ထိုးလို့ ။
တော်ပြီ....အိပ်ချင်တယ်...
ကြိုက်သလို ..လုပ်နိုင်တယ်......... ကျွန်မ နွေးထွေးစွာ အိပ်တော့မယ်။
လေးလံလှတဲ့ မျက်ခွံ တွေ.......တစ်ဖြည်းဖြည်း မှိတ်အကျ
စိတ်ချ စွာ အိပ်တော့မယ်....။
လေးစားချစ်ခင်လျက်
မနတ်သမီး
၂၅. ၄. ၂၀၁၃
နံနက် ၁၂း ၃၅ မိနစ်
No comments:
Post a Comment