၈:၃၀ ကျွန်တော့် အားကစားဖိနပ်လေး ပြတ်သွားတယ်
၉:၂၅ အဲဒီလောက် မပျော်ရတာ ၂ နှစ်လောက်ရှိပြီ
၁၀:၀၀ ဘယ်လိုမှ မထင်ထားတဲ့ သွေးစကားမှာ ကျွန်တော်ပါးစပ်အဟောင်းသား
၁၀:၄၅ မေမေ ငိုနေတယ်။ ညီမလေး ငိုနေတယ်။
၁၁:၀၀ ကျွန်တော့ သုညလေးမှာ အကြွေသံလေးတွေညံလို့ 
၁၁:၁၅ (၃) နှစ် ချွေးနည်းစာဟာ ကျွန်တော့်ထံပြန်ရောက်လာတဲ့ ရည်းစားဦးလို
၁၂:၀၀ ကဗျာလေးတစ်ပုဒ် မိုးပျံပူဖောင်းလေးထဲ ထည့်လွှတ်လိုက်တယ်
၁၃:၁၅ စာချုပ်မှာ မေမေက လက်မှတ်ထိုးလိုက်ပြီတဲ့ ဖေဖေရော
၁၃:၄၅ နေ့ လည်ကြီးကို လန့် အော်တာ ကျီးတစ်အုပ်လုံးလန့် 
၁၄:၀၀ တစ်ရေးအိပ်ပျော်သွားတုန်း အိပ်မက်ထဲမှာ အိမ်ကလေးတစ်လုံး
၁၄:၅၀ ဒေါ်လာ တစ်ထောင်ကျော်ရမယ့် အလုပ်ဟာ ငါးတစ်ကောင်ကို ကမ်းလှမ်းလာတယ်
၁၅:၂၅ အိမ်တံခါးပေါက်တွေအားလုံးကို သော့အသစ်ခတ်လိုက်တယ်
၁၅:၅၀ သံယောဇဉ်လေးဟာ ကံ့ကော်ပန်းတစ်ပွင့်ကို ပန်လို့ ရေတံခွန်လို ပြုံးပြနေတယ်
၁၆:၁၂ ကျွန်တော်သိပ်မြတ်နိုးတဲ့ ဘွန်ဇိုင်းပင်လေး ကျွန်တော့်ဆီကနေ ထွက်ပြေးသွားတယ်
၁၆:၅၅ ရယ်ပြနေရတယ်။ ရင်ဘတ်တစ်ခြမ်းကိုဖိလို့ ။ မှန်ထဲမှာ ကျွန်တော်ဟာ ချာလီချက်ပလင်နဲ့ တူနေတယ်
၁၇:၃၀ ညီမလေးရဲ့ မျှော်လင့်ချက် ညီမလေးရဲ့ ကြေကွဲခြင်းမှာ ကျွန်တော်လည်းတိတ်ဆိတ်လို့ 
၁၈:၀၀ အပျော်ဆိုတဲ့ အရုပ်ကလေး ပျက်သွားတယ်။ အပျော်တော့ ပျက်ပြီတဲ့။
၁၈:၂၀ ရေချိုးခန်းထဲက ရေတွေထဲမှာ ငှက်လေးတွေ စိုရွှဲလို့ ငါးတွေကထိုင်ကြည့်နေကြတယ်
၁၉:၀၀ မေမေက ကျွန်တော့ကို ပြုံးပြီးကြည့်နေတယ် ။ မဟုတ်ဘူး။ ကျွန်တော့်ဆံပင်တွေကို
၂၀:၀၁ မီးသတ်ကားသံလား...ဆေးရုံကားသံလား....အိမ်အောက်က ကလေးငိုသံတွေကြားမှာ
၂၁:၀၁ မနက်စာကို ဆန်(၁)ဗူးပဲတည်ရမယ်။ မီးကိုသတ်ရမယ်။ သော့တွေခတ်ရမယ်။
၂၁:၃၅ ဆရာမောင်ချောနွယ်ရဲ့ အိမ်ကဗျာလေး ကူးရေးထားလိုက်တယ်....ဗလာစာအုပ်တောင် နောက်ဆုံးစာမျက်နှာရောက်ပြီပဲ
၂၃:၀၀ လမ်းခွဲခြင်းတွေဟာ ဖိတ်ကျသွားတာ ကြမ်းပြင်တစ်ခုလုံးအေးခဲလို့ နီရဲလို့ 
၂၃:၁၂ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်ထံ ကျေးဇူးတင်ကြောင်းပြောလိုက်တယ်
၂၃:၁၅ ခေါင်းရင်းမီးကို ဘယ်သူလာပိတ်ပေးတာလဲ/မဟုတ်ဘူး မီးပြတ်သွားတာများလား
၂၃:၁၆ ဆိတ်တွေကို စိတ်ကလေးက ရယ်( ရေ) နေတယ်
၂၃:၅၀ အစ-အဆုံး ကျွန်တော်သမ်းလိုက်တာလား ပါးပြင်ဟာ ရေခဲမြစ်လို နွေးထွေးလို့ ။
အမွန်မွန်း
၁၈ မတ် ၂၀၁၃

No comments:
Post a Comment