ပန်းချီဆရာ
ခင်မောင်ရင်သည် တဲကြီးတစ်လုံး ထဲတွင် တစ္ဆေများနှင့် နေထိုင်သူဖြစ်ကြောင်း
ဆိုသည်။ သူ၏တဲထဲတွင် ပန်းချီကားတွေက ရှုပ်ပွနေသည်။ “ထိုင်နေသော
ကချေသည်”ကားများနှင့် abstract ကားအနည်းငယ်ရှိမည်။ မလှမပမျက်နှာနှင့်
ကချေသည်များ၊ ပိန်ကပ်နေသော၊ နှုတ်ခမ်းနီရဲနှင့် ကချေသည်များ။
သူ၏ တဲကြီးထဲတွင် ဗီဗယ်ဒီ၊ ဂျက်ဆင်ပိုးလော့၊ မာလာ၊ ပေါ်ဦးသက်ရှိသည်။ ပေါ်ဦးသက် က ထောင့်တစ်ထောင့်တွင် ဆေးလိပ်ဖွာလို့။ ပြီး ပန်းချီဆရာက အသည်းကျော် “ရှူးဘတ်” ၏ ခွေတစ်ခွေကို နားထောင်နေမည်။
လမ်းဘေးက ၀ယ်လာသောခွေဖြစ်မည်။ ဖွင့်လိုက်တော့ “ရှူးဘတ်”၏ Unfinished Symphony။ ပန်းချီဆရာစိတ်ထဲတွင် ဘီသိုဘင်၊ မိုးဇတ်၊ ပဂါနီနီ၊ ရှိုပင်တို့လည်း ရှိသေးသည်။ သူ၏ ပန်းချီကားထဲတွင် German Expressionists ခေါင်းဆောင်များဖြစ်သည့် ဖရန့်ဇ်မက် နှင့်သြဂတ်စ်မက်ကေးတို့ကို အငွေ့အသက်တို့ကို တွေ့ရသည်။ ထိုပန်းချီ ဆရာများကို ပန်းချီဆရာ ခင်မောင်ရင်က လွှတ်ကြိုက်သည်။
ပန်းချီနှင့် ပတ်သက်ပြီး သူအကြိုက်ဆုံးမှာ Abstrace Expressionism ဖြစ်ပြီး၊ ဗန်ဂိုး၊ ဝေကန်း၊ မိုဒီလျာနီ၊ စသည့် ပန်းချီကျော်တွေကို သူ အလွန်ရူးသွပ်ခဲ့သည်။ ရုရှပန်းချီဆရာ ကန်ဒင်းစကီးကိုလည်း သူကြိုက်သည်။ “ သူက ကိုယ့်ဆရာပဲ” ဟု ကန်ဒင်စကီးပတ်သက်ပြီး သူပြောခဲ့သည်။ ပန်းချီဆရာ ခင်မောင်ရင် သည် ဂန္တ၀င်ဂီတကို မိုးလင်းမိုးချုပ်နားထောင်သည်။ နားမထောင်လည်း ဖွင့်ထားသည်။ သူကစာလည်းရေးသည်။ ပန်းချီဆရာတွေအကြောင်း ဘာသာပြန်သည်။ သူက ဂျိမ်းဂျွိုက်၏ ဒပ်ဖလင်မြို့သူမြို့သားများကို မူရင်းမှ ကြိုက်သည်။“ ကမြူးကို ကြိုက်ပြီး၊ ယန်းပေါဆတ်ကို မဖတ်ဘူး” ဆိုသူဖြစ်သည်။ ညမအိပ်ခင် ကပ်ဖကာဖတ်ပြီး၊ ဟာမန်ဟတ်စ်ကို ကြိုက်သူလည်းဖြစ်သည်။ တချို့ဝတ္ထုတွေဖတ်ပြီးသူက ငို၏။ ဥပမာ- ဟဲမင်းဝေး၏ ' The Snows of Kilimanjaro' ။ ဤသည်တို့က ဆရာအောင်ခင်မြင့်၏ “ခင်မောင်ရင်၏ ကမ္ဘာ” ဟူသောဆောင်းပါးထဲမှ စုတ်ချက်တချို့တို့ဖြစ်သည်။ ခပ်ကျဲကျဲရေးထားသော ၀ါကျများ။ အမှတ်ရချက်များ ပြည့်သော တမ်းချင်းတစ်ပုဒ်လည်းဖြစ်သည်။
ဆရာခင်မောင်ရင်က သူကိုယ်တိုင်လည်း “ပေါ်ဦးသက်အလည် လာခြင်း” “အနုပညာ…စာ”ဟူသော စာအုပ်များ ရေးဖူးသည်။ ဆရာအောင်မင်းကလည်း “ခင်မောင်ရင် ၇၂” ဟူသော ဆရာခင်မောင်ရင်အကြောင်း စာအုပ်ရေးသားဖူးသည်။ ယခုလည်း ဆရာအောင်ခင်မြင့်၊ မိုးဇံ၊ စိုင်းဝင်းမြင့်၊ ဇေယျာလင်းတို့က ပန်းချီဆရာကို သူတို့ထိတွေ့ခဲ့သော၊ နဖူးတွေ့ ဒူးတွေ့ အရှင်လတ်လတ်တွေ့ခဲ့သော လူသားတစ်ဦးကို တို့ထိထားသည်။“ ခင်မောင်ရင်၏ ကမ္ဘာ၊ ကမ္ဘာ၏ ခင်မောင်ရင်” ဟူသော စာအုပ်တစ်အုပ်ဖြင့်။ကောက်ကြောင်းများ၊ မျဉ်းများ၊ အရောင်များကြားမှ လူသားကို သူတို့က စကားလုံးများဖြင့် အရောင်ချယ် ထားသည်။ တို့ချက်များနှင့် လူကို သူတို့က ထပ်မံတို့ထိထားခြင်းဖြစ်သည်။ စာအုပ်ထဲတွင် ပန်းချီ ခင်မောင်ရင် အကြောင်းသာမက ဦးခင်မောင်ရင်၏ ပန်းချီနှင့် ပတ်သက်သော ခံယူချက်၊ အယူဆ၊ အရောင်များပေါ်ထားသော သဘောထားသာမက ပန်းချီအကြောင်းပါ ထိတွေ့နိုင်သည်။ တနည်း ခင်မောင်ရင် ကမ္ဘာထဲ တိုးဝင်သွားနိုင်သည်။ အရောင်နှင့် လူသားတစ်ဦးကို အဝေးမြင်ကွင်းတင်မက၊ အနီးမြင်ကွင်းပါ ခပ်းပါးပါး မြင်နိုင်သည်။
ကမ္ဘာမှာရော၊ မြန်မာမှာပါ ပန်းချီဆရာပေါင်းများစွာ ကမ္ဘာကြီးက အန်ထုတ်မွေးဖွားပေးခဲ့သည်။ ပီကာဆို၊ ဗန်ဂိုး၊ ဂေါ်ဂင်၊ ဇေဇန်းစသည့် ကမ္ဘာကို အရောင်ချယ်သူများ၊ အရောင်စုံအောင်ချယ်သသွားသူများ ကိုယ်ထင်ပြသွားဖူးခဲ့သည်။ ပန်းချီအတွက် ဘ၀ကိုပေးခဲ့သူများဖြစ်သည်။ ထို့ကြောင့်လည်း သူတို့ကို ကမ္ဘာက ဂုဏ်ပြုခဲ့သည်။ ဂေါ်ဂင်အကြောင်းကို “The moon and sixpence” ဆိုပြီး ဆန်းမာဆက်မွန်က ရေးခဲ့သလို၊ ဗန်ဂိုးအကြောင်းကိုလည်း “ Lust for life” ဆိုပြီး အာဗင်စတုံး ကရေးခဲ့ဖူးသည်။ ပြင်သစ်ပြည် ပါရီမှ မွန်မာထရီလမ်းမကြီးရှိ ပန်းချီပြခန်းတွေပေါ်လျောက်ဖို့ အက်စင်းပြည်နယ်ရှိ မြေတ၀က်လောက်ပိုင်သော မြေပိုင်ရှင်နှင့် ဘဏ်သဋ္ဌေးသား ဇေဇန်းက ဘဏ်သဌေးသားမလုပ်ဘဲ ရှူးဖိနပ်ကို ခေါင်းအုံးအိပ်ကာ ပန်းချီတွေ ဆွဲခဲ့သည်။ ပန်းချီဆရာ အဖြစ် တိတိကျကျကြီးနေသွားသူများက ဘ၀ကြီးကိုပင်ပေး၍ နေသွားခဲ့ကြသည်။ သူတို့သည် အနုပညာအတွက် ရှင်သန်သူများဖြစ်သည်။
ပန်းချီဆရာတစ်ယောက်အတွက် အရေးကြီးသေးသည်မှာ ဆေးလည်း ဆိုင်သေးသည်။ ဆီဆေး၊ရေးဆေး စသည်။ ဆရာခင်မောင်ရင်ကလည်း သူပန်းချီစဆွဲစက ပန်းချီဆေးနှင့်ပတ်သက်ပြီးဖြစ်ခဲ့သော ပြဿနာကို “ဂျက်ဆင်ပိုးလော့က ပန်းချီဆေးတွေကို မသုံးဘဲ အီနာမယ်(လ်)ပိန့်ဖြစ်သော မြန်မာအခေါ် သဘောင်္ဆေးကို လွတ်လွတ်လပ်လပ်တန်ဖိုးထားပြီး ပန်းချီဆွဲခဲ့ပါတယ်။ ပန်းချီဆရာဟာ သူဆွဲမဲ့ဆေးကို အလွန်စိတ်ဝင်စားတယ်။ ခေတ်အဆက်ဆက် ပန်းချီဆေးထုတ်လုပ်သူကတစ်ဦး၊ ပန်းချီဆွဲသူက တစ်ဦး။ ကျွန်တော် ပန်းချီဆွဲစဉ်တုန်းက “မည်သည့်ဆေးနှင့် ဆွဲရမည်နည်း” ဆိုသည့် ပြဿနာပေါ်ပေါက်ခဲ့တယ်။ ထိုပြဿနာကို ပန်းချီဆရာကြီး ဦးနန်းဝေက ဘတ်စ်ကားပေါ်မှာ ဖြေရှင်းပေးခဲ့တယ်။ ကျွန်တော်အဲ့ဒီတော့မှ စိတ်ရှင်းသွားတယ်။ ဂျက်ဆင်ပိုးလော့ရဲ့ ပြဿနာဟာ ပန်းချီဆေးပြဿနာ ဖြစ်ခဲ့တယ်။ သူဟာထိုပြဿနာကို ရဲရဲဝံ့ဝံ့ ဖြေရှင်းခဲ့တယ်။သူ့တက္ကနစ်က ၁၉၄၅။ ကျွန်တော်တို့ ပန်းချီစဆွဲတာက ၁၉၆၂ခု။ မတူဘူး။ သူ့ပုံဆွဲနည်းဟာ ကျွန်တော့်အတွက် အလွန်ပျော်စရာကောင်းတာကြောင့် ဖြစ်တယ်။ သူ့နည်းသူ့ဟန်ကို ကျွန်တော်ဟာ ၁၉၆၄ခုနှစ်လောက်မှ စတင်ဆွဲခဲ့ဖူးတယ်။ အဲ့ဒါ သူ့နည်း။ ကျွန်တော့်နည်းမဟုတ်။ မြန်မာပြည်မှာ ဘယ်သူမှ ဒီလိုနည်းနဲ့ မရေးဆွဲသေးဘူးလို့ ကျွန်တော် ထင်တယ်” ဟု ပြောခဲ့သည်။
သည်စာအုပ်ဖတ်ရင်း Drip technique အကြောင်း၊ Neoplasticism အကြောင်းဆ၀ါးနိုင်သည်။ ခပ်ပါးပါးရိပ်မိနိုင်သည်။ Abstract Expression နှင့် ပတ်သတ်ပြီးလည်း ဆရာခင်မောင်ရင် “Abstract Expressionဆိုတာ ကျွန်တော် အလွန်ကြိုက်တဲ့ ပန်းချီဆွဲနည်းပါ။ ၁၉၄၀ပြည့်နှစ်လောက်ကစပြီး နယူးယောက်မှာ စတင်ရေးဆွဲတဲ့ ပန်းချီဆရာများရဲ့လုပ်ရပ်ကို ပြောတာပါ။ ကျွန်တော်တို့ရဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ကတော့ အဆီအနှစ်လို့ ဘာသာပြန်ပါတယ်။ အခုလူတွေပြောနေတာကတော့ “ဒြပ်မဲ့ပန်းချီ” ဒီစကားက ဘယ်ကလာသလဲဆိုတော့ “အခုအခါမှာတဲ့ ပန်းချီနှစ်မျိုးရှိတယ်တဲ့” Represenative Art and Non Representative Art ” ပထမဟာက လောကရှိ ဒြပ်ဝတ္တုတစ်ခုခုကို ပုံဖော်တယ်။ ဒုတိယဟာက လောက၌ မရှိသောအရာကို ပုံဖော်တယ်။ အဲ့ဒီတော့ Abstract Expression ဆိုတာ ဘာပုံမှ ရေးဆွဲခြင်းမဟုတ်ဆို လုံလောက်ရောပေါ့။ Expression ဆိုတဲ့စကားလေးကို ပြောရအောင်။ မိမိစိတ်ထဲ၌ ရှိခြင်းကို တစ်နည်းနည်းနဲ့ ဖော်ထုတ်တာကို Express လုပ်တာဟု အဓိပ္ပာယ်ရတယ်။ ဆိုတော့ Abstract Expression ဆိုသည်မှာ ပန်းချီဆရာသည် မိမိစိတ်ထဲရှိ ခံစားချက်ကို Canvas ပေါ်မှာ မိမိနှစ်သက်ရာ အရောင်များနှင့် ဖော်ထုတ်ခြင်း ဖြစ်သည်ဟု ယူဆလိုက်ပါတယ်။”
ပန်းချီကို ချစ်သူများ၊ ဆရာခင်မောင်ရင်ကို ချစ်သူများအနေဖြင့် သူ့အမြင်နှင့် အယူဆများ ၊သဘောထားများကို တွေ့ခွင့်ရသော စာအုပ်တစ်အုပ်ဖြစ်သည်။
ဤစာအုပ်ကို ကျော်မွှေးစာအုပ်တိုက်မှ ထုတ်ဝေပြီး တန်ဖိုးမှာ ၂၀၀၀ ကျပ်ဖြစ်ပါသည်။
ကျွန်တော် စာအုပ်တွေကို မက်ရေစပ်ရေ ကြိုက်ပါတယ်၊ အူလှိုက်သဲလှိုက်မြတ်နိုးပါတယ်။ ကျွန်တော် ရီးဗျူးလုပ်တဲ့ အထဲက ကျွန်တော်အားရတဲ့ ရီဗျူးတွေ ဝေမျှတာပါ ဝေနေယျများ ခင်ဗျားးးး ပုံ- စာအုပ် ကြိုက်တဲ့ မောင် ကိုအောင်

No comments:
Post a Comment