(The Voice Weekly Vol-9, No-8 Editorial)
နိုင်ငံများစွာ တို့၏ ဖွံ့ဖြိုးရေးသည် ယေဘုယျအားဖြင့် သက်ဆိုင်ရာ နိုင်ငံ
တို့၏ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး မူဝါဒကောင်းများ၊ ခိုင်မာသော
အခြေခံ အဆောက်အဦများ အပေါ်တွင် အဓိက မူတည် ပါသည်။ ထိုအချက်တို့ အဆင်သင့်
ဖြစ်နေပါလျှင် နိုင်ငံတကာ အဆင့်မီ ပညာရေး
နှင့် လူတိုင်း အခြေခံကျန်းမာရေး စောင့်ရှောက်ခံခွင့် တို့မှာ အလိုအလျောက်
ပြေလည် သွားမည် ဖြစ်ပါသည်။ သို့သော် ထိုရေခံမြေခံ များကို တစ်ပြိုင်တည်း
ဆိုသလို အချိုးညီညီ အကောင်အထည် ဖော်သွား ရမည် ဖြစ်ပါသည်။ ထိုသို့
အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာ နယ်ပယ် အလိုက် အမှန်တကယ် တတ်ကျွမ်းသူ
ပညာရှင် များဖြင့် စနစ်တကျ စီမံချက်၊ စီမံကိန်းများ ရေးဆွဲရန် လိုပါသည်။
မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲတွင်း နက်ကာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး
စာရင်းဝင် နိုင်ငံတစ်ခု ဖွံ့ဖြိုးစေရန် ပြုပြင် တည်ဆောက်ခြင်း သည်
အိုဟောင်း၊ ယိုယွင်းနေသော အိမ်ကို ပြန်လည်ပြုပြင် တည်ဆောက်ရခြင်းနှင့်
အလားသဏ္ဌာန် တူပါသည်။ အိုဟောင်း၊ ယိုယွင်းနေသော အိမ်တစ်လုံး ကို
ပြုပြင်တည်ဆောက် ရာတွင် အောက်ခြေ ဖောင်ဒေးရှင်းမှ အစပြုကာ လဲသင့်ဖယ်သင့်
သည်များ ရှင်းလင်းခြင်း၊ အသစ် အစားထိုးသင့် သည်များ အစားထိုးခြင်း
စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် ခေါင်းမိုးအထိ အစဉ်လိုက် စဉ်းစား အကောင်အထည်
ဖော်ရမည်ဖြစ်ပါသည်။
ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လိုပါက ပထမဦးစွာ
မြန်မာနိုင်ငံ၏ ပညာရေး သမိုင်းကြောင်း တစ်ခုလုံးကို သိရှိ နားလည်ပြီး
မျက်မှောက် အခြေအနေနှင့် အနာဂတ်လားရာ အမြင်တို့ ကြိုတင်
ပြင်ဆင်ထားနိုင်သည့် လွှမ်းခြုံ ထောင့်စေ့သော ပင်မ စီမံကိန်း Master Plan
တစ်ရပ် ရေးဆွဲရမည် ဖြစ်ပါသည်။ ထိုသို့ ရေးဆွဲရာတွင်လည်း မြန်မာနိုင်ငံ၏
ပညာရေး သမိုင်းကြောင်း အရ ဗြိတိသျှ ကိုလိုနီခေတ် ပညာရေး၊ ပါလီမန်
ဒီမိုကရေစီခေတ် ပညာရေး၊ လမ်းစဉ်ပါတီခေတ် ပညာရေးနှင့် တပ်မတော် အစိုးရ ကာလ
ပညာရေးစသည့် ခေတ်အဆက်ဆက် အလိုက် ကျင့်သုံး ခဲ့သော ပညာရေး တို့ကြောင့်
မြန်မာလူချွန်၊ ပညာတတ်များ မည်မျှ ထွက်ပေါ်ခဲ့သည်၊ မည်သည့် ကဏ္ဍ၊ နယ်ပယ်
များမှ နေ၍ နိုင်ငံတော်နှင့် ပြည်သူလူထု အပေါ် တာဝန် ထမ်းဆောင်နိုင်ခဲ့သည်၊
မြန်မာနိုင်ငံ အပြင် ကမ္ဘာ့အဆင့် အထိ မည်သူ၊ မည်မျှ တာဝန်ထမ်းခဲ့သည်၊ မည်မျှ
ထင်ရှားကျော်ကြား ခဲ့သည် စသော အချက်တို့ကို စစ်တမ်းကောက်၊ သုတေသန
ပြုထားသော အချက်အလက် များကို ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။ ထို့အပြင်
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးတွင် ကျင့်သုံးနေသော ပညာရေး စနစ်များ အထူးသဖြင့်
ဗြိတိသျှနှင့် အမေရိကန် ပညာရေးစနစ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ
ပညာရေးစနစ်၊ ဥရောပမှ ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ် ကျင့်သုံးနေသော ဖင်လန်
ပညာရေးစနစ် တို့ကိုလည်း လေ့လာ ထားရမည် ဖြစ်ပါသည်။ ထိုလေ့လာချက်များ အရ ခေတ်
အဆက်ဆက် မြန်မာ ကျောင်းသားများ၏ အားသာချက်၊ အားနည်းချက်များ ရှာဖွေ
ဖော်ထုတ်နိုင်မည် ဖြစ်ပြီး မျက်မှောက်ကာလတွင် မည်သည့် ပညာရေး စနစ်ဖြင့်
ကျင့်သုံးလျှင် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးရေးကို အထောက်ကူ
ပြုနိုင်မည်ဆိုသော အချက်ကို ထင်လင်းစွာ တွေ့ရှိ နိုင် မည်ဖြစ်ပါသည်။
ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် အိမ်တစ်တစ်လုံး တည်ဆောက် သကဲ့သို့
အောက်ခြေအဆင့် ဖြစ်သော မူလတန်း ပညာရေးက အစပြု ရမည် ဖြစ်ပါသည်။ မူလတန်း
သင်ရိုးညွှန်းတမ်း၊ မူလတန်း ပြဋ္ဌာန်းချက်၊ သင်ရိုး ညွှန်းတမ်းများ နိုင်ငံတကာ
အဆင့်မီပါမှ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဆင့်ဆင့်သို့ အရည်အချင်း မီသော
မျိုးဆက်သစ်များ တစ်ထစ်ချင်း တက်လှမ်းနိုင်မည် ဖြစ်ပါသည်။ အခြေခံပညာရေးကို
မစဉ်းစားပဲ တက္ကသိုလ် များကို သန့်ရှင်းရေး လုပ်၊ ဆေးအသစ် သုတ်ကာ
နိုင်ငံခြား ပါမောက္ခများ ငှားရမ်း လိုက်ရုံဖြင့် မြန်မာ့ပညာရေး မှန်ကန်သော
တိုးတက်မှု ရရှိနိုင်မည်မဟုတ်ပေ။ ထိုသို့ လုပ်ဆောင်မိပါက ခြစား၊
ချည့်နဲ့နေသော အိမ်အိုတစ်လုံးကို ခေါင်မိုး အသစ်လဲပြီး ဆေးသုတ်သည့် သဘော
သက်ရောက်သွားနိုင် ပါသည်။
မူလတန်းပညာရေး ပြုပြင်ပြောင်းလဲ
ရာတွင်လည်း ကလေးငယ်များကို သင်ကြားပေးမည့် ဆရာများ၏ အရည်အချင်းနှင့်
စွမ်းဆောင်ရည် ကို လေးနက်စွာ ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
စွမ်းဆောင်ရည်မြင့်၊ အရည်အချင်းရှိသော ဆရာများ ရရှိလိုပါက ၄င်းတို့
အရည်အသွေး မြှင့်တင်ပေး သည့် အစီအစဉ်များ ရှိနေရပါမည်။ ဤနေရာတွင် များစွာ
အရေးကြီးသည်မှာ ဖွံ့ဖြိုးနေသော နိုင်ငံများ၏ ပညာရေး အသုံးစရိတ်ကို
တစ်စေ့တစ်စောင်း လေ့လာကြည့်ရန် လိုအပ်ခြင်းနှင့် အစိုးရ၏ ဘတ်ဂျက်တွင်
ပညာရေး အသုံးစရိတ် မည်မျှ ခွဲဝေ လျာထားသနည်း ဆိုသော အချက်ပင်ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရ၏ အရ၊ အသုံး မှန်းခြေငွေစာရင်းတွင် ငါးရာခိုင်နှုန်းထက်
မပိုသော ငွေကြေးမျှ သာ သုံးစွဲနေပါက နိုင်ငံတကာ အဆင့်မီ ပညာရေး
မဆိုထားနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း လာအိုနိုင်ငံ တို့၏
ပညာရေး အဆင့်အတန်း ကိုပင် မီနိုင်စရာ မရှိပေ။
မည်သို့ပင်ဖြစ်စေ
လက်ရှိ အစိုးရသည် ယခင်အစိုးရ အဆက်ဆက်ထက် စာလျှင် ပညာရေး အသုံးစရိတ်
တိုးမြှင့်လာသည်ကို ကြည့်လျှင် အရေးကြီးကြောင်း အထိုက်အလျောက် နားလည်သဘော
ပေါက်လာသည် ဟု ယူဆစရာ ရှိပါသည်။ ယင်းထက် ပိုလေးနက်စွာ သဘောပေါက် ပါက
မဝေးတော့သော ကာလတွင် မြန်မာလူချွန်၊ လူတော်များ တစ်ဖန်ပြန်လည် မွေးထုတ်
ပေးနိုင်မည်ဟု မျှော်လင့် မိပါကြောင်း။
အယ်ဒီတာ (၂၁-၂-၂၀၁၃)
No comments:
Post a Comment