Sunday, February 24, 2013

မြန်မာရုပ်သေးသဘင်



 မြန်မာရုပ်သေးသဘင်သည် သက္ကရာဇ် ၁၁၃၈-ခုနှစ် ခရစ်နှစ် ၁၇၇၆-ခုနှစ်တွင် နန်းတက်သော စဥ့်ကူးမင်းလက်ထက် သဘင်ဝန်ရာထူးဖြင့် ထမ်းရွက်ရသူ ဦးသော်-က စတင်တီထွင်ခဲ့သည်ဟု ဆိုသည်။
“ရုပ်သေးအစ၊ ကျုံးသုံးတန်နှင့် ပုဂံက”ဟူသော စကားအရ မြန်မာ့ရုပ်သေးသဘင်သည် မြန်မာသက္ကရာဇ် ၁၂၀၈-ခုနှစ် (ခရစ်နှစ် ၁၈၄၆) နန်းတက်သော ကုန်းဘောင်မင်း၏သားတော် ပုဂံမင်း လက်ထက်တွင် စတင်ပေါ်ပေါက်သည်ဟုလည်း ဆိုကြသည်။ တဖန် မြဝတီမင်းကြီး ဦးစ တီထွင်သည်ဟုလည်း အချို့က ဆိုကြသည်။ သက္ကရာဇ် ၁၁၉၉-ခုနှစ် (ခရစ်နှစ် ၁၈၃၇)တွင် ရွှေဘိုမင်းတရား အထွတ်အမြတ်သို့ ရောက်သော အခါ မရီးတော် နန်းမတော်မယ်နု၊ စလင်းမင်းသားကြီး မောင်အိုတို့နှင့် အလိုတူအလိုပါဟူ၍ သတ်မှတ်ကာ မြဝတီမင်းကြီးကိုလည်း အကျဉ်းချထားလေသည်။ ယင်းကဲ့သို့ အကျဉ်းချထားခံနေရစဉ် အတွင်း စိတ်ညစ်ညူးသဖြင့်၎င်း၊ ပျင်းရိငြီးငွေ့သဖြင့်၎င်း၊ အဝတ်စုတ်များကို အရုပ်လုပ်ပြီးလျှင် ကပြစေရာမှ ရုပ်သေးပေါ်ပေါက်လာကြောင်း အချို့က ဆိုသည်။

သို့သော် သက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ခရစ်နှစ် ၁၈၀၈-ခုနှစ်လောက်တွင် ရေးသားသော အီနောင်နန်းတွင်းဇာတ်တော်ကြီး၌ သရေဇာတ်ဟူ၍ ရုပ်သေးအကြောင်း ဖော်ပြပါရှိသည်ကို တွေ့ရပြီးလျှင် အင်းဝခေတ်၊ ဒုတိယမင်းခေါင်လက်ထက် သက္ကရာဇ် ၈၄၆-ခုနှစ် (ခရစ်နှစ် ၁၄၈၄) က ရှင်မဟာရဋ္ဌသာရ ရေးသော ဘူရိဒတ်လင်္ကာကြီး၌၄င်း၊ သက္ကရာဇ် ၈၉၁-ခုနှစ်(ခရစ်နှစ် ၁၄၂၉)တွင် ရှင်မဟာရဋ္ဌသာရပင် ရေးသားသော သံဝရပျို့၌၄င်း ရုပ်သေးအကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ကြောင့် မြန်မာ့ရုပ်သေးသဘင်သည် ယင်းဝခေတ်ကပင် ပေါ်ထွန်းနေပြီဖြစ်ကြောင်း ဆိုနိုင်လေသည်။ ထိုမှတပါး သုတေသီအချို့ကလည်း မြန်မာ့ရုပ်သေးသည် မြန်မာ့မူပိုင်ဖြစ်သည်ဟု ဆိုလေသည်။ရှေးအခါက ရုပ်သေးသဘင်ကို အမြင့်သဘင်၊ ဇာတ်ကို အနိမ့်သဘင်ဟု ခေါ်ဆိုခဲ့ကြပြီးလျှင် ဇာတ်၊ အငြိမ့်၊ ရုပ်သေး စသည့် သဘင်သုံးမျိုးတွင် ရုပ်စုံသဘင်သည် အခက်ဆုံး၊ အနက်ဆုံး၊ အရင့်ဆုံး ဟူ၍ ပညာရှင်အပေါင်းတို့ မှတ်ယူခဲ့ကြလေသည်။

မြန်မာ့ရုပ်သေးသဘင်သည် အလွန်စည်းကမ်းကလနားကြီးသော သဘင်မျိုးဖြစ်သည်။ ရုပ်သေးကပြရန် စင်ကိုပင် ထင်သလို မဆောက်လုပ်ရပေ။ ရုပ်သေးသဘင်စင်ကို စည်းကမ်းအတိုင်း ဆောက်လုပ်ရလေသည်။ ရုပ်သေးကပြရမည့် ပညာသင်များမှာ ရှေးအခါက ယောက်ျားပညာရှင်များကသာ ကပြရသည်။ မည့်သည့်မိန်းမမျှ မပါဝင်ရပေ။ ထို့ကြောင့်ပင် ရုပ်သေးမင်းသမီးများမှာ ယောက်ျားမင်းသမီးချည်းသာဖြစ်ခဲ့ရလေသည်။ ယခုခေတ်တွင်မူ ဤသို့ သတ်မှတ်ချက် မရှိတော့ပေ။

မြန်မာ့ရုပ်သေးသဘင်တွင် ရုပ် ၂၈-ပါးကို အစွဲပြုပြီးလျှင် အရုပ် ၂၈-ရုပ် ပါဝင်မြဲဖြစ်သည်ဟု ဆိုသည်။ ထို ၂၈-မျိုးသော အရုပ်တို့မှာ-၁။ နတ်ကတော်ရုပ်၂။ မြင်း၃။ ဆင်၎။ ကျား၅။ ဆင်ထိန်း၆။ ကုမ္ဘောဘီလူး၇။ ကုမ္ဘဏ်ဘီလူး၈။ ကြက်တူရွေး၉။ ငှက်ရုပ်၁၀။ ဂဠုန်၁၁။ နဂါး၁၂။ ဇော်ဂျီ၁၃။ သူဌေး၁၄။ စုန်းမ၁၅။ နတ်၁၆။ နေရာထိုင်ခင်းအရုပ်၁၇။ ရှင်ဘုရင်၁၈။ ရွှေနန်းဆက် မိဖုရား၁၉။ မင်းသားလတ်၂၀။ မင်းသားနုရုပ်၂၁။ မင်းသမီး၂၂။ သံချိုလက်စွဲ၂၃။ သံပျင်လက်စွဲ၂၄။ မင်းကြီး သက်တော်ရှည်၂၅။ ရွှေတိုက်ဝန်၂၆။ ဝန်ထောက်၂၇။ မြို့တော်ဝန်၂၈။ ပုဏ္ဏား (ဆရာတော်ရုပ်) တို့ ဖြစ်သည်။


မြန်မာဘုရင်များလက်ထက် ရုပ်သေးစင်များကို စင်တော်ကြီး၊ စင်တော်ကလေး၊ သမီးတော်စင်နှင့် ဝင်းစင်ဟူ၍ ခွဲခြားထားသည်။ စင်တော်ကြီးမှာ ဘုရင်မင်းမြတ်၏ အမိန့်ဖြင့်သာ တည်ထောင်ထားသော ရုပ်သေးအဖွဲ့ဖြစ်သည်။ စင်တော်ကြီးလောက် အခွင့်အရေးများမရပေ။ သမီးတော်စင်မှာ ဘုရင့်သမီးတော်များ၏ အမိန့်ဖြင့် တည်ထောင်ထားသော ရုပ်သေးအဖွဲ့ဖြစ်၍ ဝင်းစင်မှာကား အရပ်စင်ပင် ဖြစ်သည်။


မြန်မာ့ရုပ်သေးတွင် မင်းသားရုပ်မှာ ဦးခေါင်း-နှစ်ကြိုး၊ ပခုံး-နှစ်ကြိုး၊ ခါး-တကြိုး၊ လက်မောင်း-နှစ်ကြိုး၊ လက်ဖျား-နှစ်ကြိုးတို့ဖြင့် သိမ်မွေ့ယဉ်ကျေးစွာ လက်ဟန်၊ ခြေဟန်ဖြင့် ကြိုးဆွဲကြရသည်။ ရုပ်သေးခေတ် ကောင်းစားစဉ်က အပျိုတော်တွင် ကြိုး ၆၀-ထက်မနည်း ရှိခဲ့ဖူးသည်ဟုဆိုသည်။ ၁၂၉၅-ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ကြိုးဆွဲဦးဝင်း-ဆိုသူ၏ အရုပ်မှာ ကြိုးပေါင်း ၆၀-ရှိသည်ဟု ဆိုကြောင်း ဖြေကြားလိုက်ပါသည်။

 (ဦးမြင့်စော-သမိုင်း)မင်္ဂလာမောင်မယ် ၂၀၁၁-မေလ)
ရုပ်သေးရုပ်များကို Google မှရှာဖွေသည်...တွေ့ သမျှသာတင်ပေးခြင်းဖြစ်သည် ၂၈ ရုပ်မပြည့်ပါ
ရွှေအိမ်စည်
ရွှေအိမ်စည်စာကြည့် တိုက်http://www.facebook.com/shweaeimsi

















No comments:

Post a Comment