ကျွန်တော့်အတွက်
အချိန်အားရတိုင်း ခေါင်းစားစေတဲ့ အမြွာမေးခွန်းတခု ဖြစ်ပါတယ်။ မေးခွန်းက
တခုထဲ မေးတယ်၊ လိုချင်တဲ့ အဖြေက နှစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်
ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်မှာပါလဲ။ တရပ်စပ် စဉ်းစားတယ်၊ နားနားပြီး စဉ်စားတယ်။
ဒီလိုနဲ့ ကျွန်တော် တရက်ပြီးတရက် ဖြတ်သန်းနေတယ်၊ တလပြီးတလ ရှင်သန်တယ်။ တနှစ်ပြီးတနှစ် အသက်ကြီးလာတယ်။ ဒါ... ကျွန်တော့်ဘ၀ပဲ။
မနေ့ကတော့ လန်ဒန်ထုတ် ဆန်းဒေးတိုင်းမ် သတင်းစာကို ဖတ်မိပြီး၊ အဲဒီမှာ ပါလာတဲ့ ဆန်ဒေးတိုင်းမ် မဂ္ဂဇင်းကိုလည်း ကောက်ကြည့်မိတယ်။ ဗြိတိန်ရဲ့ဒုတိယ၀န်ကြီးချုပ် နစ် ကလက်ခ်ျကို နာမည်ကျော် သတင်းစာဆရာတွေ၊ ရုပ်သံသမားတွေ၊ ဟာသဆရာတွေက မေးခွန်းတွေ တယောက်တခု ၀ိုင်းမေးထားတာကို နိုင်ငံရေးသမားပီတဲ့ ၀န်ကြီးချုပ်က ပြန်ဖြေထားတာတွေက မိုက်တယ်။
မေးသူအားလုံးပေါင်း ၃၆ ယောက်၊ တချို့မေးခွန်းအတွက် အဖြေက ``နိုး`` တလုံးထဲ၊ တချို့မေးခွန်းတွေကို ၀န်ကြီးချုပ်က ဖတ်သူနာသူ ဟဒယခိုက်အောင် ဖြေတယ်။ တချို့ကိုတော့ လေးလေးနက်နက်နဲ့ အတွေးထွက်စေအောင် ဖြေထားတာမို့ အမေး၊ အဖြေ တိုတိုလေးတွေ ဖတ်ရပေမယ့် ကျွန်တော့် စဉ်းစားချက်တွေနဲ့ သွားငြိတဲ့ အမေးအဖြေလေးတခု ပါလာပါတယ်။
တကယ်တော့ လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင်နဲ့ သက်တမ်း သုံးနှစ်ထဲ ၀င်လာနေတဲ့ လက်ရှိ ဗြိတိန် ညွန့်ပေါင်း အစိုးရရဲ့ ဒုတိယ၀န်ကြီးချုပ် နစ် ကလက်ခ်ျ (၄၆ နှစ်) ဟာ သတင်းစာလောကထဲ ခဏ ကျင်လည်ခဲ့ဖူးပြီး နိုင်ငံတကာ အကူအညီပေးရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
သူ့ကို ဟာသပညာရှင် မားကပ်စ် ဘရစ်ခ်ျ စတုတ်ခ်က ဒီလိုမေးပါတယ်။
ဝန်ကြီးချုပ်မှာ ဖြစ်ချင်တဲ့ ဆန္ဒသုံးခု ရှိတယ်ဆိုပါစို့၊ နိုင်ငံရေးဘက်က တခု၊ ကိုယ့်အတွက် တခုနဲ့ တခြား စိတ်ကြိုက် တခု ပြောပါဆို ဘာတွေ ဖြစ်မလဲဗျ။ အဖြေကောင်းရင် သူကောင်းပြုပါ့မယ်ခင်ဗျ။ (သူကောင်းပြုတယ်ဆိုတာ လော့ဒ် ဖြစ်နိုင်ပါတယ်လို့ ဆိုလိုတာပါ၊ ဗြိတိန်အထက်လွှတ်တော်မှာ အမတ် ဖြစ်နိုင်တာပေါ့)။
ဒုတိယ ၀န်ကြီးချုပ် နစ် ကလက်ခ်ျရဲ့ အဖြေတွေက ရိုးပါတယ်။
``နိုင်ငံရေးဘက်က ဆန္ဒကတော့ လွယ်ပါတယ်ဗျာ၊ ကျွန်တော်တို့ပါတီက ဖွဲ့ရတဲ့ လစ်ဘရယ် ဒီမိုကရက် အစိုးရ ဖြစ်ချင်တာပေါ့။``
(ဗြိတိန်မှာက လေဘာနဲ့ ကွန်ဆာဗေးတစ်တွေသာ တလှည့်စီ အစိုးရ လုပ်နေကြတာ များပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အခုမှ ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံးရတဲ့ လစ်ဘရယ် ဒီမိုကရက်နဲ့ မဲအများဆုံးရ ကွန်ဆာဗေးတစ်တို့ ပါတီ နှစ်ခုပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ပါတီတခုထဲက အစိုးရဖွဲ့လောက်တဲ့ အမတ် အရေအတွက် မရခဲ့ရင် ရွေးကောက်ပွဲ ပြန်ကျင်းပချင် ကျင်းပ၊ ဒါမှမဟုတ်ရင် အခုလို ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရပါတယ်)။
ဝန်ကြီးချုပ်က ဒုတိယဆန္ဒကို အခုလို ဆက်ဖြေပါတယ်။
``ကျွန်တော့်အတွက်ဆိုရင်တော့ အိပ်ရေး၀၀ အိပ်ချင်တယ်ဗျာ။``
(နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ခေါင်းဆောင်တွေဟာ တကယ်တော့ အိပ်ချိန်အနည်းဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားတွေအတွက် အခါမလပ် စဉ်းစားတွေးခေါ် နေရသူတွေ ဖြစ်သလို၊ တာဝန်ယူချိန်ကာလ တလျှောက်မှာ သမိုင်းတွင်အောင် အပြောအဆို အနေအထိုင် အမှားအယွင်း ကင်းကင်းနဲ့ ဘုန်းကြီးလို နေကြရသူတွေ ဖြစ်ပါတယ်)။
သူတို့ဟာ ကျွန်တော်တို့လို အလုပ် မလုပ်ဘဲ ထိုးအိပ်နေလို့ မရပါဘူး။ မီဒီယာတွေကလည်း အခါမလပ် စောင့်ကြည့် ထောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ အမှားမခံသူတွေ ဖြစ်ပါတယ်။ နစ် ကလက်ခ်ျက ကိုယ်တိုင်လည်း မိန်းမနဲ့ သားသုံးယောက် ဖခင်ဖြစ်ပြီး၊ မိသားစုနဲ့ အတတ်နိုင်ဆုံး အချိန်ပေး နေတတ်သူ ဖြစ်လေတော့ အနား မရ၊ အအား မရှိ၊ အိပ်ချိန် နည်းနေလို့ ဒီလို ဖြေတာ ဖြစ်ပါလိမ့်မယ်)။
နစ် ကလက်ခ်ျက တတိယ သူ့ဆန္ဒကို ဆက်ပြန်ပါတယ်။
``စိတ်ကြိုက်ဆန္ဒတခု ပြောပါဆိုရင်တော့ တင်းနစ်ကစားချိန်တွေ ရချင်တယ်ဗျာ။
ကဲ... ရပြီ မဟုတ်လား၊ သူကောင်းတော့ ပြုမနေပါနဲ့တော့။ ဒီခေတ်လို မပြုပြင် မပြောင်းလဲထားတဲ့ အထက်လွှတ်တော်ကြီးထဲလည်း ကျွန်တော် သွားမထိုင်ချင်ပါဘူး။``
(လော့ဒ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အထက်လွှတ်တော်ဟာ ရွေးကောက်ပွဲ မ၀င်ဘဲ ရောက်နေတဲ့ တိုက်ရိုက်ခန့်အမတ်တွေ ဖြစ်ပါတယ်)။
ဒုတိယ ၀န်ကြီးချုပ် နစ် ကလက်ခ်ျဟာ ကျောင်းသားဘ၀က ကျောင်းတင်းနစ်အသင်းမှာ တင်းနစ်ကို အသည်းအသန် ကစားခဲ့ပါရဲ့ အခုတော့ ညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ် ကွန်ဆာဗေးတစ် ဒေးဗစ် ကင်မရွန်းကို တင်းနစ်ကစားတိုင်း မနိုင်ဘူးလို့ သိရပါတယ်။ ဘာဖြစ်လို့ ဒေးဗစ် ကင်မရွန်းကို ရှုံးသလဲလို့ မေးကြည့်တော့ ၀န်ကြီးချုပ်မို့ ပေးနိုင်လိုက်တာပါဗျာလို့ ပြောပြီးမှ နောက်တာပါဗျာ၊ ကျွန်တော် လေ့ကျင့်ချိန် နည်းလို့ ရှုံးတာပါလို့ ပြောပါတယ်။ ဒါကြောင့်များ တင်းနစ်ကစားချိန်တွေ ရချင်တယ်လို့ ပြောတာဖြစ်မှာပါ။
ဗြိတိန်ညွန့်ပေါင်းအစိုးရရဲ့ ဒုတိယ ၀န်ကြီးချုပ် နစ် ကလက်ခ်ျကတော့ ပြောလို့ဆိုလို့ ပြီးသွားပါပြီ။ ကျွန်တော်က ကိုယ့်ဘာသာ ဆက်မေးပါတယ်။ အဲဒီ မေးခွန်းတွေကို မင်း ဖြေကြည့်စမ်းပါလို့...။
ကျွန်တော်တို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရပြီးကထဲက (တကယ်တော့ မရခင် ကထဲကပါ) နိုင်ငံရေးသမားတွေ အချင်းချင်း ဆော်ပလော်တီးကြ၊ ကွဲကြပြဲကြ၊ ဆဲကြဆိုကြ၊ အာဏာအတွက်နဲ့ သတ်ကြဖြတ်ကြ ဆိုတာတွေကို စာတွေထဲလည်း ဖတ်ရတယ်၊ ကိုယ်တိုင်လည်း တွေ့ရ၊ မြင်ရ၊ ကြားခဲ့ရတယ် ဆိုတော့ကာ ဒီမေးခွန်းအတွက် ကျွန်တော့်ဆန္ဒကတော့ ဘာနိုင်ငံရေးမှ မလုပ်ချင်တာပါပဲ။
တခါ ကျွန်တော့်အတွက် ကိုယ်ပိုင်ဆန္ဒကတော့ အေးအေးနေချင်တာပါ၊ အလုပ်ကို မဆိုစလောက်သာ လုပ်ကိုင်ပြီး အပူအပင် ကင်းကင်း၊ စိတ်လက် အေးချမ်းစွာနဲ့ နေထိုင်ရတဲ့ ဘ၀ကို လိုချင်တာပါ။
အစား အများကြီး မစားရလည်း နေပါစေ၊ အိပ်ရေး၀၀ မအိပ်ရလည်း နေပါစေ၊ အ၀တ်အစား ကောင်းကောင်း မ၀တ်ရလည်း နေပါစေ၊ နောက်ဆုံးပေါ် အသုံးအဆောင်နဲ့ ဇိမ်ခံပစ္စည်းတွေ မကိုင်ရ မပိုင်ရလည်း နေပါစေ၊ အပေါင်းအသင်း အများကြီး မထားရလည်း နေပါစေ၊ ထင်ပေါ် ကျော်ကြားမှု မရှိဘဲနဲ့ လူကြိုက် မများလည်း နေပါစေပေါ့။
အပျင်းရောဂါလို့ ဆိုနိုင်မလားတော့ မသိ၊ ကျွန်တော် အေးအေး နေပါရစေ။
နောက်ဆုံး စိတ်ကြိုက်ဆန္ဒတခု ပြောရမယ်ဆိုရင်တော့ အချစ်ကို တခါလောက်တော့ ဘ၀မှာ မြည်းစမ်းဖူးကြည့်ချင်တာပါ။ ဘာလို့ဆို နေခဲ့သမျှ ဘ၀တလျှောက်လုံးမှာ အချစ်ဆိုတာကို မယုံကြည်ခဲ့သလို တခါဖူးမှလည်း အားစိုက်ခွန်ခိုက် ရအောင် ထိအောင်လို့ မကြိုးစားခဲ့ဘူးလို့ပါ။ တသက်မှာ တခါလောက်တော့ တချစ်တလေ ချစ်ကြည့်ချင်တဲ့ ဆန္ဒကလေး ဖြစ်မိပါရဲ့...။
ကြီးတော်တို့၊ ဘကြီးတို့လည်း ကျွန်တော့်လို စိတ်ထဲရှိတာ ထုတ်မရေးခဲ့ရင်တောင် လက်ကလေး ချိုးရေလို့ တစ်၊ နှစ်၊ သုံး ဆိုပြီး နစ် ကလက်ခ်ျ ဖြေခဲ့တဲ့ မေးခွန်းသုံးခုကို အနားရတဲ့ အခိုက်အတန့်တခုမှာ ဖြေကြည့်ကြည့်ပါလားဗျာ။
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃။ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်။
လန်ဒန်။

No comments:
Post a Comment