Saturday, February 2, 2013

ခံစားချက် တပိုင်းအစ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Desert Island Disc အစီအစဉ်က အင်တာဗျူးကို ဘာသာပြန်ထားတာ ပြီးသွားတာ ကြာပြီ ... သီချင်းအစီအစဉ်ပေမယ့် တချို့သော စကားတွေ အင်မတန်မှတ်သား စရာကောင်းပါတယ် ။ ဒါပေမယ့် ရှည်တာက တကြောင်း ၊ နောက်တခု က ကိုယ်စကားလုံး ရွေးချယ်တာ ညံ့သွားရင် ဒေါ်စုပြောတာတွေကို တမျိုးအဓိပ္ပါယ်ကောက်ကုန်ကြ မှာ တွေးပြီး ခတ်လန့်လန့်ဖြစ်နေလို့ပါ။
ဒါကြောင့် FB ပေါ်တော့ မတင်ဖြစ်ပါဘူး ။ ကိုယ့်ဖာသာကိုယ်ဘဲ သိမ်းထားလိုက်ပါတယ် ။

'' စစ်တပ်ကို မေတ္တာမပျက်ပါဘူး '' ဆိုတဲ့ ဒေါ်စု အပြောက အငြင်းပွားစရာတွေ ဖြစ်နေတာ လူတိုင်းအသိပါ ။ ဖြစ်ချင်တော့ အဲလိုပြောတိုင်းလည်း အင်္ဂလိပ်လို အင်တာဗျူးတွေမှာ ပြောတာဖြစ်နေတယ် ( ကိုယ်သိသလောက်ပေါ့လေ ) ။

Interpretation က မြန်မာပြည်မှာ ဒုက္ခပိုပေးတယ်လို့ ထင်မိပါတယ် ။ ဒေါ်စု ပြောတာတွေကို တချို့သော လူတွေ ၊ အဖွဲ့အစည်းတွေက အနည်းငယ် လှည့်စောင်းပြီး ကိုယ်အလိုရှိသလို ဘာသာပြန် ကြပါတယ် ။ သူတို့မှာလည်း သူတို့ agenda တွေနဲ့ကိုး ။

ဟိုတနေ့ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုအောက်မှာ ထုံးစံအတိုင်း အငြင်းပွားနေကြတာကို ဖတ်မိပါတယ် ။ စစ်တပ်ကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူတွေ တဖက်နဲ့တဖက် ကွန်းမန့်တွေနဲ့ ဆော်နေ ဆဲနေကြတာ မနည်းဘူး ။ အဲဒီမှာ တစ်ယောက်က ကျမ ဘာသာပြန်ထားတဲ့ '' CNN က ဒေါ်စု အင်တာဗျုး '' ထဲက '' စစ်တပ်အပေါ် သံယောဇဉ်ရှိပါတယ် '' လို့ ဒေါ်စုဖြေထားတဲ့ အပိုဒ်ကို ကူးချပြီး ကွန်းမန့်ပေးပါတယ် ။ သူဆိုလိုချင်တာက ဒေါ်စုက စစ်တပ်ကို မေတ္တာရှိတယ်လို့ ပြောတာ ဒီမှာ ဘာသာပြန်ထားတာရှိတယ် ၊ သက်သေရှိတယ် ပေါ့ ။ ကျမလည်း အဲဒါကြည့်ပြီး ရယ်ရမလို ၊ ငိုရမလို ၊ ဒေါသထွက်ရမလိုပါဘဲ .......သြော်.....ဖြစ်မှ ဖြစ်ရလေ ။ နီးလျက်နဲ့ ဝေး တယ်ဆိုတာ ဒါမျိုးကိုး ။ ၀င်တော့ မပြောလိုက်ပါဘူး .....FB မှာ အငြင်းပွားတဲ့ အလုပ်လုပ်ဖို့ အချိန်မရှိ ၊ စိတ်လည်း မပါပါဘူး ။

ဒေါ်စု အင်တာဗျူးတွေကို နားထောင်လိုက်ရင် ( sense ကို နားလည်ရင် ) ရှင်းနေတဲ့ ကိစ္စကို လူတစ်ဦးတစ်ယောက် ၊ အဖွဲ့အစည်းတစ်ခုက သူတို့အကြံနဲ့သူတို့ Half Truth ဖြစ်အောင် သို့မဟုတ် Distorted Truth ဖြစ်အောင် လုပ်ပြီးပြောထည့်လိုက်တယ်.....အဲဒါကို နောက်က လူအများကြီးက လိုက်ယောင်ပြီး တဖက်နဲ့ တဖက် ဆဲကြပါလေရော ။

ဦးနေ၀င်းက အင်္ဂလိပ်စာကို အဆင့်မမှီအောင် လုပ်သွားပေးခဲ့တဲ့ ရည်ရွယ်ချက်က သူသေပြီးတဲ့အထိ လုံးဝ အောင်မြင်နေမှန်း ဒါကို ကြည့်လေ သဘောပေါက်လေပါဘဲ ။

စစ်တပ်ကို ချစ်လား မုန်းလား ဆိုတာထက် ဒေါ်စုပြောချင်တာက သူ့မှာ ဘယ်သူ့အပေါ်ကို မှ အာဃာတ မရှိ အမုန်းမထားဘူး ဆိုတာက အဓိကပါဘဲ ။ မေးတဲ့လူတွေက အဲဒီမေးခွန်းကို အတော်မေးချင်ကြပုံရတယ် .......လူဆိုတာ ကိုယ့်ကို စကားတစ်လုံးနဲ့ ကြောတယ်ထင်ရင်တောင် တနုံ့နုံ့ ခံစားနေတတ်ကြတာ မဟုတ်လား ( ဝေးဝေးမကြည့်နဲ့ ၊ ဖဘ ပေါ်ဘဲ ကြည့်ပါဦး ) ။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း အာဃာတ ထားလို့ မပြီးနိုင်မစီးနိုင် ဖြစ်နေတဲ့ ပြသာနာတွေ ပုံလို့ပါဘဲ ။ ဒီတော့ မေးတဲ့သူတွေက အဲဒီ Personal မေးခွန်းကို အတော် ဓါတ်ကျကြတယ် ။

လင်ယောက်ျား ကွယ်လွန်ခါနီး လာခွင့်မပေး ၊ သားနှစ်ယောက်နဲ့ မတွေ့ရအောင် လုပ်ခဲ့သူတွေကို ဒေါ်စု ဘယ်လို သဘောထားသလဲ သိပ်ကို မေးချင်ကြတယ် ......သူတို့ စိတ်နဲ့ နှိုင်းကြတယ်နဲ့ တူပါရဲ့ ။ လူတိုင်း အမေတွေ သားသမီးတွေ ဖြစ်ခဲ့ဖူးတာကိုးလေ ။

ဒေါ်စု ဆိုလိုတာက တိုင်းပြည်ရှေ့ရောက်ဖို့အတွက် အားလုံး အတူတကွ ပူးပေါင်း လုပ်ဖို့လိုတယ် ဆိုတာက အဓိကပါဘဲ ။ ပုဂိုလ်ရေး အငြိုး ( Personal grudge ) တွေ ၊ မကောင်းတဲ့ စိတ် ( ill will ) တွေ အပေါ်မှာ တစိမ့်စိမ့်အတွေးကပ်နေတာ ( dwell ) မျိုး မရှိပါဘူး လို့ ဆိုလိုတာပါ ။ အဲလို လုပ်နေရင် တိုင်းပြည် ရှေ့ရောက်မှာ မဟုတ်ဘူး ။ တပ်မတော်ဆိုတာ သူ့အဖေ တည်ထောင်ခဲ့မို့လို့ တပ်မတော်ကို ချစ်ရမယ်ဆိုပြီး ငယ်ငယ်ကတည်းက သူ့ကို သွန်သင်ပေးခဲ့ကြတယ် ။ ဒါကြောင့် တပ်မတော် ဆိုတာကို သူသံယောဇဉ်ရှိပြီးသားပါ ။ စစ်တပ်ထဲက တချို့သော ဗိုလ်မှူးကြီးတွေ အပေါ်မှာလည်း သံယောဇဉ် ရှိပါတယ် ။( စစ်ဗိုလ်ချုပ်တွေကို တစ်ယောက်ချင်းလိုက်ပြီး တွယ်တာနေတယ်လို့ ဆိုလိုတာ မဟုတ် ) ။ သူတို့ လုပ်ရပ်ကို ''လုံးဝ'' မကြိုက်ပေမယ့် သူတို့ ပြန်လည် အဖတ်ဆယ်လာမယ့်အချိန်ကို မျှော်လင့်နေပါတယ် ။ သူ့အပေါ်မှာ လုပ်ခဲ့တာတွေကို ဘာအငြိုးမှ မရှိပါဘူး တဲ့ ။

ဒါဟာ တိုင်းပြည်ကောင်းကျိုးကို တကယ်လိုလားတဲ့ ပြည်သူကို သူ့မိသားစုထက် ရှေ့တင်တတ်တဲ့ သူ့ရဲ့ စိတ်ဓါတ်အရင်းခံပါ ။ ဒါပေမယ့် အဲဒီစကားအပေါ်မှာ နောက်က လူတွေက ကွဲလွဲကြပါတယ် ။ ဖဘပေါ်မှာ မို့လို့ဘဲ.....အပြင်မှာသာဆိုရင် ထသတ်ကြမလား မသိပါ ။

( အကောင်းဆုံးကတော့ သူ့အင်တာဗျူးတွေ မိန့်ခွန်းတွေကို ကိုယ်တိုင်ကြည့်ပြီး၊ နားထောင်ပြီး ကိုယ်တိုင်နားလည်အောင် လုပ်ဖို့ ကြိုးစားတာ အကောင်းဆုံးပါဘဲ ။ ဘာသာပြန်ကို ဖတ်တယ်ဆိုတာ ဘယ်သူဘဲ ပြန်ပြန် ဘာသာပြန်သူရဲ့ လွှမ်းမိုးချက်ပါမှာပါဘဲ )

စကားမစပ်......ဒေါ်စုက အခုလည်း ( အကျယ်ချုပ်မှာတုန်းကလို ) နေ့တိုင်း မနက် ၅ နာရီထသတဲ့ ။ အသက် ( ၆၇ ) နှစ်အရွယ် အမျိုးသမီး .....( အဖွားအရွယ်လို့ဆိုလည်း မမှား ) တစ်ယောက်ဟာ နားနားနေနေ ဆိုတဲ့ အချိန်မရှိဘဲ နေ့စဉ်နေ့တိုင်း မနက်ကနေ ညမိုးချုပ် Stress အမျိုးမျိုးပါဝင်တဲ့ ၀တ္တရားတွေကို တချက်မငြီးဘဲ လုပ်ဆောင်နေတယ် ။

'' ကိုယ်ရော တိုင်းပြည်အတွက် ဘာလုပ်ပြီးသလဲ '' မေးမိတော့ ဘာမှ မယ်မယ်ရရ မရှိပါဘူး ။ အလုပ်နေ့တစ်ဝက်လောက် လုပ်ရတာကို ပင်ပန်းလို့ဆိုပြီး ပြန်လာရင် နေ့လည်စားပြီး အိပ်ရာထဲရောက်သွားတုန်းပါဘဲ ။ ကိစ္စတော်တော်များများကို မလုပ်ခင်ရော လုပ်နေဆဲမှာပါ ပင်ပန်းတယ် ဘာညာနဲ့ ငြီးနေမိတာက ခိုတောင် အရှုံးပေးရပါတယ် ။

အဲဒီအချိန်တွေဆိုရင် ဒေါ်စုကို သတိရမိတယ် ။ ငါ့လို လူငယ်တစ်ယောက်က အခုလို ပင်ပန်းတတ်ရင် အသက် ၂ ဆကျော်ကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဘယ်လို နေမှာပါလိမ့် .....သူ့မှာတော့ လွှတ်တော် ခဏနားချိန်မှာတောင် လက်ဖက်ရည်ဆိုင်မှာ သတင်းထောက်တွေ မေးတာကို ဖြေနေရတုန်း .............။

မနေ့က ဒီပုံလေးကို မြင်တော့ အတော်ကို ရင်ထဲမှာ မကောင်းပါ ။ ဘယ်လောက်ပင် မာန်တင်းထားပေမယ့် ပင်ပန်းနွမ်းနယ်မှုကို ဖုံးဖိမရ ၊ ဇရာရဲ့ ဖိစီးမှုကို ဖုံးဖိမရ ။ ဒါပေမယ့် မြန်မာပြည်ကို ပြန်လာရလို့ ပျော်တဲ့ မျက်နှာကို မြင်ရပါတယ် ။ မြန်မာပြည်သူတွေကို မြင်ရလို့ ကြည်နူးတဲ့အပြုံးကို ခံစားမိတယ် ။

ကိုယ့်အမေက သူ့ထက် တစ်နှစ်ငယ်တယ် ။ မနက်ပိုင်းဈေးသွား ၊ ထမင်းချက်နဲ့ အိမ်အလုပ်လေး နည်းနည်းလုပ်လိုက်ရင် မောမောသွားတဲ့ အရွယ်ဖြစ်နေပါပြီ ။ မြန်မာပြည်သူ ပြည်သားတွေရဲ့ Average life span က ၆၅ နှစ်ပတ်ဝန်းကျင်လို့မှတ်သားဖူးတယ် ။ ဒေါ်စု နောက်ထပ် ဘယ်နှစ်နှစ်နေရဦးမှာပါလိမ့်။

သူကတော့ ကြုံတိုင်း '' အားလုံး ကိုယ်တတ်နိုင်တဲ့ ဘက်က ပါဝင်ပြီး လုပ်ကြပါ '' တဲ့ ။ ဆိုလိုတာကတော့ '' အချင်းချင်း ရိုင်းပင်းကူညီရမယ် ၊ မနာလို မဖြစ်နဲ့ ၊ မတင်စီးနဲ့ ။ ကိုယ်သိထားတာကို သူများကို သင်ပေးရမယ် ။ မာနမပါဘဲ ဘ၀င်လေဟပ်မနေဘဲ သင်ယူရမယ် ။ တိုင်းပြည်အတွက် ရောက်နေတဲ့ ဘယ်နေရာက မဆို အုတ်တချပ်သဲတပွင့် အဖြစ် ပါဝင်လုပ်ပေးကြရင် တိုင်းပြည်ဟာ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် ရောက်မယ် '' စသည်ဖြင့် ဆိုလိုတာလို့ဘဲ ခပ်ရိုးရိုး နားလည်ထားပါတယ် ။

အဲဒီစကားကို လိုက်နာချင်ပါတယ် ။ တနေ့တနေ့ အချိန်မရှိဘူးဆိုပြီး ကိုယ်လုပ်ချင်တာတွေကျတော့ လုပ်နေမိတာပါဘဲ ။ အခုတော့ နေ့တိုင်း တစ်နာရီလောက် အချိန်ယူပြီး အင်္ဂလိပ်စာလေ့ကျင့် ခန်းလေးတွေကို ရေးတင်ဖို့ ကြိုးစားပါ့မယ် ။

ဘာသာစကားဆိုတာ လူတိုင်း စိတ်မ၀င်စားမှန်း သိပါတယ် ။ ကိုယ်သင်မှ တတ်မယ်လို့လည်း လုံးဝ မယူဆပါဘူး ။ ဒါပေမယ့် နီးစပ်ရာက အလုပ်လုပ်နေတဲ့ လူငယ်တွေအတွက် လက်တွေ့မှာတော့ နည်းနည်း အသုံးဝင်မယ်လို့ ထင်ပါတယ် ။

မြန်မာပြည်ပြန်ရင် ဆင်းရဲတဲ့ ကလေးတွေကို အလကား စာသင်ပေးမယ် ၊ ဦးကျော်သူတို့အဖွဲ့မှာ သွားကူညီမယ် ဘာညာနဲ့ အိပ်မက်မက်နေလို့လည်း ဘယ်တော့မှ ဖြစ်လာမလဲ မသိပါဘူး ။ အခုတော့ အပြင်ဘက်ကနေ ကိုယ်လုပ်ပေးနိုင်တာ ဒါဘဲ ရှိပါတယ် ။

အတွေးတွေကတော့ ဟိုရောက်ဒီရောက်ပါဘဲ ......ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူလည်း ရှိကောင်း ရှိမှာပါ။ ကိုယ့် personal facebook မှာ ကိုယ့်ခံစားချက်ကို ဟိုတစဒီတစ ရေးတဲ့သဘောပါဘဲ။

ဒေါ်စု ကျန်းမာ ပါစေ ၊ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တည့်တည့်မတ်မတ်လျှောက်လှမ်းနေ တာကို မြင်ရတဲ့ အထိ အသက်ရှည်ပါစေ ။

No comments:

Post a Comment