ရောင့်ရဲတယ်ဆိုတာ ...
“လောကော
သတ္ထာန မာစေရော အတ္ထာနတ္ထ ပဒဿကော= လောကကြီးဟာ၊ (ပတ်ဝန်းကျင်ဟာ) မင်းတို့ရဲ့
ဆရာပဲ။ ဘာလို့လဲဆိုတော့ အဲဒီပတ်ဝန်းကျင်က မင်းတို့ကို ဟုတ်တာတွေ၊
မဟုတ်တာတွေ။ ကောင်းတာတွေ၊ မကောင်းတာတွေ။ အကျိုးရှိတာတွေ၊
အကျိုးမရှိတာတွေကို သင်ပေးနေတယ်”တဲ့
ဒီစကားလေးအရ ဒီနေ့ပတ်ဝန်းကျင်ကိုလေ့လာရင်း သင်ယူစရာလေးတစ်ခုရခဲ့ပါတယ်။ အကြောင်းက ဒီလိုပါ။
သီရိလင်္ကာရောက် စာသင်သားတွေအတွက် မေတ္တာရှင်ဆရာတော်ကဆက်ကပ်လှူဒါန်းမယ့်
နေ့ဆွမ်းအလှူ အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ရန်
ကျောင်းထဲမှာအမြဲဂိတ်ထိုးတဲ့ သုံးဘီးသမား သုံးယောက်ထဲက ကုမာရဆိုတဲ့
ကားသမားကို ဘယ်အချိန်ဈေးဝယ်သွားမယ် လာခဲ့ပါလို့ ခေါ်ထားလိုက်တယ်။ ဒီလိုနဲ့
ဈေးဝယ်ထွက်ခါနီးအချိန်ရောက်တဲ့အခါမှာ
စောစောကခေါ်ထားတဲ့ ကားသမား ရောက်လာ ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဒီနေ့
စူဠကိုခေါ်သွားဖို့လာပြောတယ်။ ဘာလို့လဲလို့ ပြန်မေးလိုက်တော့ စူဠ
ဒီနေ့အတွက် ပိုက်ဆံမရသေးဘူး။ ဒါကြောင့် သူ့ကိုပဲ ခေါ်သွားလိုက်ပါလို့ သူက
ပြန်ပြောတယ်။ ဟုတ်ပါတယ်။ အခုအချိန်က မြန်မာကျောင်းသားတွေ
စာမေးပွဲဖြေနေတဲ့အချိန်ဆိုတော့ သူတို့အတွက် ၀င်ငွေသိပ်မရရှာပါဘူး။
ဒီလိုနဲ့ပဲ နောက်ဆုံးတော့ စူဠကိုပဲ ခေါ်ပြီးဈေးဝယ်သွားဖြစ်လိုက်ပါတယ်။
အခုလို အလှူအတန်းလုပ်ဖို့အတွက် ဈေးဝယ်ထွက်တယ်ဆိုရင်
သူတို့ကားသမားတွေအတွက် ကားခ တော်တော်လေးကို ရပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့
ကုမာရက ဒီလိုအများကြီးရနိုင်မယ့် အခွင့်အရေးကို သူအမိအရ မဆုတ်ကိုင်ဘဲ
တခြားလူကို လွှဲပေးရတာလဲဆိုတာကတော့ စဉ်းစားစရာ။
ဈေးဝယ်သွားတဲ့ လမ်းတစ်လျှောက်မှာလည်း ဒီအကြောင်းကိုပဲ စဉ်းစားနေခဲ့မိတယ်။
စူဠဆိုတာက အသက်အကြီးဆုံးဖြစ်ပြီး ခေါင်းဆောင်လည်း ပီသတဲ့သူ။ ပြီးတော့
လွန်ခဲ့တဲ့ ၁၂-နှစ်လောက်ကတည်းကစပြီး သူ ကွမ်းစား၊ ဆေးသောက်တာကို
စွန့်လွှတ်ပြီး အဲဒီအတွက် ကုန်ကျမယ့်ငွေကို ဘီစကစ်မုန့်ဝယ်ပြီး
လမ်းမှာတွေ့သမျှ ခွေးလေးတွေကို နေ့တိုင်းကျွေးတဲ့အလေ့ရှိတဲ့သူ။
ကျောင်းထဲက ကျန်းမာရေးမကောင်းတဲ့ ခွေးတွေကိုလည်း ဆေးခန်းပို့၊ ဆေးထိုး၊
ပြုစုပေးတတ်သူ။ ကျောင်းက ကျန်တဲ့ထမင်းကျန်၊ ဟင်းကျန်တွေကိုယူပြီး
ခွေးတွေကို နေ့တိုင်းကျွေးတတ်သူ။ ဒါတွေကြောင့်များ ကုမာရက စူဠကို
လေးစားပြီး အခုလိုအခွင့်အရေးကို လွှဲပေးလိုက်တာလား….။ ဘာလား…ညာလား… စသဖြင့်
အတွေးပေါင်းများစွာနဲ့ပင် အဖြေရှာမရနိုင်ခဲ့ပါ။
တစ်ခါ
ကုမာရဘက်က စိတ်ဓာတ်ကိုလည်း ပြန်တွေးကြည့်မိလိုက်ပါတယ်။ တကယ်ဆိုရင်
ဒီစိတ်ဓာတ်ဟာ ရောင့်ရဲလိုက်တဲ့ စိတ်ဓာတ်ပဲ။ ငါရော သူ့နေရာမှာဆိုရင်
ကိုယ့်လက်ထဲကို ရောက်လာတဲ့ အခွင့်အရေးမျိုးကို သူများလက်ထဲထည့်နိုင်မယ့်
စိတ်ဓာတ်မွေးနိုင်ပါ့မလား။ လောဘကိုအရင်းခံထားကြသူအချင်းချင်း သူက မွေးနိုင်ပြီး ကိုယ်က မမွေးနိုင်ဘူးဆိုရင်လည်း ကိုယ်ညံ့ရာကျပေတော့မယ်။
ဒီလိုနဲ့ပဲ ဈေးဝယ်ခြင်းကိစ္စတွေပြီးဆုံးသွားလို့
ပြန်ရောက်တဲ့အခါမှာ လုပ်စရာကိုင်စရာရှိ တာတွေကိုလုပ်ကိုင်ပြီးနောက်
ရေနွေးသောက်နားနေရင်း သူငယ်ချင်းတွေနဲ့အတူ စကားလက်ဆုံကျပြီး ပြောဖြစ်ပါတယ်။
ဒီအခါမှာ အထက်ကကိုယ်တွေ့ အကြောင်းအရာလေးကို သူတို့တတွေကို
ပြန်ပြောပြလိုက်တဲ့အခါမှာ ဘိတ်ဘက်က သူငယ်ချင်းတစ်ယောက်က သူ့ရဲ့
ဘိတ်သံဝဲ၀ဲလေးနဲ့ပဲ ပုံတစ်ပုဒ်ပြောပြပါတယ်။
သူပြောတဲ့ပုံက
အောက်ပါအတိုင်းဖြစ်ပါတယ်။ ကလေးငယ် တစ်စု မိုးပျံပူဖောင်း
တစ်ယောက်တစ်လုံးဆီကို ကြိုးလေးတွေနဲ့ ဆွဲရင်း ဆော့နေကြတယ်။ ဒီအခါမှာ
မထင်မှတ်ဘဲ သူတို့အထဲက ကလေးတစ်ယောက်ရဲ့ ပူဖောင်းလေးဟာ လက်ထဲကနေ
လွတ်သွားပြီး မိုးပေါ်ကို ပျံတက်သွားပါတယ်။ ဒီတော့ သူ့ပူဖောင်းလေး
လွတ်ထွက်သွားတာကြောင့် လက်ထဲမှာ ပူဖောင်းလက်မဲ့ဖြစ်သွားတဲ့ ကလေးဟာ
ကိုယ့်ဘေးက သူငယ်ချင်းတွေကိုယ်ကြည့်ပြီး သူရဲ့စိတ်ကလေးဟာ သိမ်ငယ်သွားကာ
ငိုမဲ့မဲ့အနေအထားကို ရောက်သွားတယ်။ ဒီအချိန်မှာပဲ
တခြားပူဖောင်းကိုယ်စီကိုင်ထားကြတဲ့
ကလေးတွေအားလုံးဟာ တပြိုင်နက်တည်း သူတို့လက်ထဲက ပူဖောင်းတွေကို
လွှတ်လိုက်ကြပြီး “ဝေးးးးးးးး ” လို့ ၀ိုင်းအော်လိုက်ကြကာ
လက်ခုတ်လက်ဝါးတွေတီးပြီး “ဘယ်သူ့ပူစီဖောင်းက အမြင့်ဆုံးလဲကွ”လို့
မေးလိုက်တဲ့အခါမှာတော့ အခုနက ငိုမဲ့မဲ့ဖြစ်နေတဲ့ ကလေးဟာ
အခြေအနေတစ်မျိုးပြောင်းသွားပြီး အပျော်ရွှင်ဆုံး၊ အအောင်မြင်ဆုံး သူတစ်ယောက်အဖြစ်ကို ရောက်သွားတယ်။
သူပုံပြင်ကို အဆုံးသတ်လိုက်တဲ့အချိန်မှာတော့ သူဘာကို ဆိုလိုချင်တာလဲ
သူပေးချင်တဲ့ သင်္ခန်းစာက ဘာလဲဆိုတာကိုတော့ သဘောပေါက်လိုက်မိပါတယ်။
ကျနော်တို့အားလုံးမှာ ( ဥပမာ နေ့စဉ်စားနေကြ ထမင်းကိုအကုန်ကုန်အောင်
မစားပစ်ဘဲ။ နောက်ဆုံးတစ်လုပ်လောက်ကို ချန်ထားပြီး တဖက်သားကို
ခွဲဝေပေးနိုင်တဲ့လုပ်ပိုင်ခွင့်စသဖြင့်) လုပ်ပိုင်ခွင့်လေးတွေ ကိုယ်စီရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲဒီကိုယ့်လုပ်ပိုင်ခွင့်တွေအတွက်
များသောအားဖြင့် အကုန်လုံး အသုံးချပစ်တတ်ကြတယ်။ ဒီနေရာမှာ
အဲဒီလုပ်ပိုင်ခွင့်တွေကို အကုန်လုံး အသုံးချမပစ်ဘဲ တဖက်သူကို
မျှဝေပေးခြင်းအားဖြင့် ရောင့်ရဲနိုင်တဲ့ စိတ်ဓာတ်လေးတွေကို သူသူငါငါ
ကိုယ်စီမွေးမြူသွားမယ်ဆိုရင်…..
✍ ဘ၀ကျောင်းဖတ်စာ
No comments:
Post a Comment