Friday, January 25, 2013

လှံစွပ်ပေါင်းတထောင်နဲ့ မီဒီယာ



  • (ကြာပြီဆိုသော်လည်း တစုတစည်းဖြစ်အောင် အမှတ်တရ ပြန်တင်ထားခြင်းဖြစ်ပါသည်။)
  •  
  •  ဖိုးထောင် - ဗျို့ကိုလူပွား၊ ခင်ဗျား အိတ်ဖွင့်ပေးစာတစ်စောင် လွှတ်လိုက်တယ်ဆို၊ စိတ်ဝင်စားတယ်ဗျ။ ဒီကိစ္စလေး နည်းနည်းလောက်လင်းစမ်းပါဦး။
  • လူပွား - သေချာလား၊ ကျနော့်နာမည်လည်း ခင်ဗျားသိတယ်နော်။ နောက်မှထွက်မပြေးနဲ့ဦး။ ကြီးကြီးကျယ် ကျယ်ပြောရရင် လူထုမီဒီယာပုံစံတခုကို အစပျိုးကြည့်တာပေါ့ဗျာ။ အလွယ်ဆုံးပြောရရင်တော့ ပါးစပ်နဲ့တင်အားမရလို့၊ စာနဲ့ရေးပြီး ပွားလိုက်ရတာပါ။ ဒီလိုဗျ ပြီးခဲ့တဲ့လက ဧရာဝတီအင်တာနက် မှာ အဲလက်စ်အယ်ဂျီးရဲ့ ဒုက္ခသည်မှောင်ခိုဈေးကွက် ဆိုတဲ့ သတင်းဆောင်းပါးကြောင့် ကျနော်တို့ စခန်းထဲ ပွဲဆူသွားတယ်လေဗျာ။ ခင်ဗျားမကြားလိုက်ဘူးလား။   
ဖိုးထောင် - ကြားပါ့ဗျာ။ ပလပ်တောင် တော်တော်ဒေါကန်သွားဆိုပဲ။ ကံကောင်းလို့ ဖုန်းတို့၊ အင်တာနက်တို့ကို မပိတ်ပစ်လိုက်တာ။ ကျနော်တို့က ဒါလေးတွေနဲ့ပဲ ပြင်ပနဲ့ဆက်သွယ်ပြီး ရပ်တည်စားသောက်နေရ တာလေ။ ကဲ ထားပါတော့။ ခင်ဗျား ကိစ္စဆက်ပါအုံး။ အဲဒီဆောင်းပါးရှင်က ဘာတွေရေးထားလို့လဲဗျ။ 
လူပွား - ဆောင်းပါးခေါင်းစဉ်ကတော့ ဒုက္ခသည်မှောင်ခိုဈေးကွက်တဲ့ ရေးထားတာကတော့ စုံနေတာပဲဗျို့။ ဒုက္ခသည်ပွဲစားတို့ ၊ ဒုက္ခသည်အတုတို့၊ နိုင်ငံရေးဒုက္ခသည်တို့၊ UNHCR ၀န်ထမ်းနဲ့ ထိုင်းအာဏာ ပိုင်တချို့ လာဘ်စားတာတို့ပါတယ်ဗျ။ ရောသမမွေထားတာပေါ့။  
ဖိုးထောင် - ဟ- ကိုလူပွားရ၊ ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူးလားဗျ။ ကျနော်တို့ ဒုက္ခသည်တွေအကြောင်းရေးထား တာပဲ။ နောက်ပြီး ဒါတွေကလည်း တကယ်ရှိနေတာဘဲ မဟုတ်လား။ 
လူပွား - အဲဒါကြောင့် ခက်နေတာပေါ့ဗျ။ ကျနော်တို့က အပေါ်ယံအကာကိုကြည့်ပြီး အလွယ်တကူဆုံးဖြတ်တတ်တဲ့ ယဉ်ကျေးမှုပဲရှိသေးတာကိုး။ အနီးစပ်ဆုံး ဥပမာပေးမယ်ဗျာ။ ကျီးအာသီး။ အပြင်က ဘယ် လောက်လှလဲ။ စားချင်စရာလေး။ အတွင်းမှာဘယ်လိုရှိလဲ ခင်ဗျားသိပါတယ်။ ဒါက မြင်လွယ်တဲ့ ကိစ္စမို့ လူတိုင်းသိနိုင်တယ်ထား။ အခုကိစ္စက သတင်းမီဒီယာကိစ္စ၊ လူမှုဗေဒဗျ။ ဆိုလိုတာက အခုနက ကိစ္စတွေလို တရားသေ၊ ပုံသေမှတ်လို့မရဘူး။ ကိုယ့်အကြောင်းပါလို့ ကိုယ့်သိတဲ့အကြောင်းပါလို့ ကောင်းတယ်၊ ကျေနပ်တယ်၊ ပြောနေယုံနဲ့မလုံလောက်တော့ဘူး။ နောက်ကွယ်က အကျိုးရလဒ်တွေကို သံသယနဲ့ကြည့်မြင်တတ်ဖို့ လိုသေးတယ်လေဗျာ။   
ဖိုးထောင် - ခင်ဗျားပြောမှနည်းနည်းတောင် ရှုပ်လာပြီ၊ ခပ်ရှင်းရှင်းနဲ့ ဒဲ့သာပြောပါတော့ဗျာ။  
လူပွား - ပြောမှာပါဗျ စိတ်ချ။ ဒဲ့ ဆိုရင်လည်း ဒဲ့ပေါ့။ အခုရေးတဲ့စာက ၀တ္ထုမဟုတ်ဘူး။ သတင်းကို အခြေခံ တဲ့ဆောင်းပါး။ သတင်းဆောင်းပါးဆိုပါတော့ဗျာ။ ဒါမျိုးက တိကျရတယ်။ အခု အဲလက်စ်ရေးသလို မျိုး ပါးပါးလေးရေးလို့ မရဘူး။ နက်နက်နဲ့ ထူဖို့လိုတယ်။ ဆိုလိုတာက တိတိကျကျနဲ့သေချာဖို့လို တယ်။   
ဖိုးထောင် - ဟာ ရှုပ်ကုန်ပြီ။ ရှင်းရှင်းလေးပြောပါဆိုမှ ကိုလူပွားရယ်။
  • လူပွား - ခင်ဗျား ၀တ္ထုတွေဖတ်ဖူးတယ်မဟုတ်လား။ ၀တ္ထုထဲက အချက်အလက်တွေ မှားခြင်း၊ မှန်ခြင်းဟာ ပြင်ပလောကနဲ့တိုက်ရိုက်မပတ်သက်တော့ သက်ဆိုင်သူကို ထိခိုက်စရာမရှိနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်ကူးကိုရေးထားတာ၊ ဖြေဖျော်ရေးအဖြစ် သတ်မှတ်ထားကြလို့ ။  
ဖိုးထောင် - နေအုံး။ နေအုံး။ တချို့ဝတ္ထုတွေက တကယ်အဖြစ်အပျက်တွေကို အခြေခံပြီး ရေးထားတာမဟုတ် လား။ ဒါမျိုးတွေကရော။ 
လူပွား - ဟုတ်တယ်။ ဒါမျိုးတွေလည်းရှိတယ်။ ဒါပေမယ့် ၀တ္ထုဆိုတာ စိတ်ကူးကို အခြေခံထားတာမို့ အတည် ယူလို့မရတာတော့ သေချာတယ်မဟုတ်လား။ အစစ်ဖြစ်ချင်ဖြစ်မယ်။ အာမခံချက်တော့ ပေးဖို့မလို ဘူး။ သူက ၀တ္ထုဖြစ်နေလို့ပဲလေ။ ဆိုလိုတာက အပြင်မှာအရုပ်ဆိုးချင် ဆိုးနေမယ်ဗျာ။ ၀တ္ထုထဲမှာ ဒီလူအကြောင်းကိုရေးထားပေမယ့် ရုပ်ချောလိုက်လို့လည်းရတယ်။ ဒီသဘောပေါ့။ 
အခုဟာက သတင်းဆောင်းပါး၊ အခုနကလို မရတော့ဘူး။ တကယ်ဘာဖြစ်လဲ။ ဒါကိုပဲရေးရမှာ။ ချက်ချင်းမရေးဖြစ်လို့ နောက်မှ အချက်အလက်တွေနဲ့ပေါင်းပြီး ဖတ်ကောင်းအောင် စဉ်ပြီးရေးထား တာမျိုးပေါ့။ ဒါမျိုးက တိကျရတယ်။ တာဝန်ခံနိုင်ရတယ်ဗျ။ ဒီသတင်းကိုထပ်ပြီး ကိုးကားမယ့်လူမရှိ ဘူးလို့ဘယ်သူပြောနိုင်မလဲ။  
ဖိုးထောင် - အဲလက်စ်ဆောင်းပါးက မတိကျဘူးလို့ ခင်ဗျားဆိုလိုတာလား။
  • လူပွား - ကျိမ်းသေတာပေါ့ဗျာ။ မတိကျလို့ ပြောနေရတာပေါ့။ နို့မဟုတ်လို့ကတော့ ကျနော်တို့ကပြည်သူပါ အနေသာကြီး။ မီဒီယာအလုပ် မီဒီယာလုပ်ပေါ့။ အခု သူရေးတာမဟုတ်တော့ ကျနော်တို့ကိုပါ ထိခိုက်လာပြီ။ UNHCR, IOM နဲ့ ထိုင်အာဏာပိုင်တွေနဲ့ ရန်တိုက်ပေးသလိုဖြစ်ယုံတင်မက ဒုက္ခ သည်အချင်းချင်းကြားမှာတောင် သံသယတွေ ဖြစ်လာပြီ။ 
  •  
ဖိုးထောင် - ထိခိုက်တာ ခဏထားပါဦး။ ခင်ဗျားပြောတဲ့ မတိကျဘူးဆိုတာကို ဘာနဲ့များ သက်သေပြနိုင်မလဲ။ 
လူပွား - ကောင်းပါ့ဗျာ ခင်ဗျားမေးခွန်း။ ရုပ်ကမ္ဘာနဲ့ ပတ်သက်နေတဲ့ အကြောင်းချင်းရာတွေကို ပညာရှင်တွေ က သိပံÜနည်းပညာတွေနဲ့တိုင်းတာသက်သေပြနိုင်ကြသလိုပဲ။ အခုနက ကျနော်ပြောတဲ့ လူမှုဗေဒ ထဲပါနေတဲ့ သတင်းကိစ္စမှာလည်း သူ့သတ်မှတ်ချက်တွေနဲ့သူ တိုင်းတာပြီး သက်သေပြလို့ရတယ်ဗျ။ ကွက်တိကြီး မဖြစ်တာဘဲရှိမယ်။   
ဖိုးထောင် - ဘာလဲ။ “ဘ” ခြောက်လုံး ဆိုတာနဲ့မဟုတ်လား။
  • လူပွား - ဟုတ်ပါဗျာ ဟုတ်ပါ့။ ဒါတွေက အခြေခံသဘောတွေပေါ့။ ခင်ဗျား ခုနကပြောတဲ့ “ဘ”ခြောက်လုံးနဲ့ အဲလက်စ်ရဲ့ဆောင်းပါးကို ချိန်ထိုးကြည့်ရအောင်။ သူ့ဆောင်းပါး စစချင်းအပိုဒ်မှာ “တတိယနိုင်ငံသို့ သွားရောက်အခြေချလိုသူများအတွက် ဆောင်ရွက်ပေးမယ့် ကြားပွဲစားကွန်ရက်များ၊ ထိုင်းမြန်မာ နယ်စပ်၊ မဲဆောက်မြို့တွင် ရှိလာခဲ့သည်” တဲ့ အဲလက်စ်က စတိသဘောမျိုး စေ့အောင်လုပ်ထား တယ်။ အကြမ်းဖျင်းဆိုရင် ဘယ်အချိန်ကို ၂၀၀၅။ ဘယ်နေရာကို မဲဆောက်။ ဘယ်သူကို တတိယ နိုင်ငံတွင် အခြေချလိုသူ။ ဘယ်သူကကို ကြားပွဲစား။ ဘယ်လိုကို မြန်မာနိုင်ငံအတွင်းမှ ဒုက္ခသည် စခန်းသို့။ ဘာကြောင့်ကို အခြေချဖို့။ ဒါဆိုရပြီလား။ “ဘ”ခြောက်လုံးပြည့်ပြီလေ။ တိကျပြီပေါ့။ သတင်းဖြစ်ပြီပေါ့။ 
ဖိုးထောင် - အေးလေဗျာ။ မရသေးဘူးလား။ 
လူပွား - ဒါကြောင့် ပြောတာပေါ့ဗျ။ ပါးပါးလေး ရေးလို့မရဘူး၊ နက်နက်နဲ့ထူဖို့လိုတယ်ဆိုတာ ဒီလိုရေးပုံက ကျီးအာသီးအခွံလိုပဲ အပေါ်လွှာ၊ အပြင်ပမ်းကို အလှဆင်ရုံပဲရှိသေးတာ။ တကယ့် အနှစ်လို့ပြောကို မယ်ဆိုရင် ဂုဏ်သိက္ခာလို့ပြောရမယ့် ကျင့်ဝတ်ပိုင်းနဲ့ တိကျမှုကို အာမခံပေးမယ့် ဥပဒေသဘောတို့ လိုသေးတယ်။ ကဲဗျာ အခုနက အချက်တွေကို မှန်ကန်ကြောင်း ဘာနဲ့သက်သေပြမလဲ။
  • ဒီနေရာမှာတော့ ရေးတဲ့လူရဲ့အတွင်းပိုင်းနဲ့ အပြင်ပိုင်းကို ခွဲကြည့်ရတော့မယ်။ အတွင်းပိုင်းဆိုတာက ရေးတဲ့ သူရဲ့အဇ္ဈတ္တပိုင်းရိုးသားမှု၊ ဂုဏ်သိက္ခာပေါ့။ အဖြစ်မှန်ကို အမှန်အတိုင်းတင်ပြဖို့နဲ့ ဒီတင်ပြမှု အပေါ်မှာ တန်ဖိုးထားခြင်းလို့ပြောရမှာပဲ။ ဒါကိုတော့ တိုင်းတာရခက်လို့ ကျင့်ဝတ်နဲ့ပဲ တိုင်းတာလေ့ ရှိကြတယ်။  
  •  
ဖိုးထောင် - ဘက်လိုက်တာတို့၊ အဖြစ်မှန်ကို ဖျောက်ဖျက်ပစ်တာတို့ နည်းနည်းကို များများလုပ်တာတို့၊ မရှိကို အရှိလုပ်တာတို့ အမှန်တ၀က်၊ အမှားတ၀က် ရောထားတာတို့တွေ ဘယ်လောက်ကင်းစင်လဲဆိုတဲ့ ရာခိုင်နှုန်းအနည်း အများအပေါ်မှာ မူတည်တာပေါ့နော်။
  • လူပွား - သေချာတာပေါ့ ကိုဖိုးထောင်ရယ်။   
ဖိုးထောင် - ဒါမျိုးပါမပါကို ဘယ်လို သိနိုင်မလဲဗျာ။ ဒီကိစ္စကိုရော ရှင်းမပြတော့ဘူးလား။ 
လူပွား - ရှင်းပြရမှာပေါ့။ ဒါပေမယ့် ဒီကိစ္စက အလွယ်တကူသိနိုင်ဖို့ခက်ကောင်းခက်မယ်။ ကြာကောင်းကြာ မယ်ဗျ။ ဒါပေမယ့်ဗျာ လိမ်ညာထားတဲ့လူတယောက်ဟာ  ကြာရှည်လိမ်ညာထားလို့လည်းမရပါဘူး။ အကြိမ်ကြိမ်လိမ်ညာလို့ မရပါဘူး။ တချိန်ချိန်မှာ ပေါ်မှာပဲ။ တခါမဟုတ်၊ တခါပေါ်မှာပဲ။ အဲဒီအချိန် ကြရင် ရိုးသားမှုတို့၊ ဂုဏ်သိက္ခာတို့ဆိုတာ သူ့ဆီမှာ မနေကြတော့ဘူး။ သတင်းမှားကိုတင်ပြတဲ့ သတင်းစာ အဖြစ်အပျက်မှန်ပေါ်ပြီဆို ဒီသတင်းစာ ဂုဏ်သိက္ခာမဲ့သွားပြီသာမှတ်။  
ဖိုးထောင် - အိုကေ ဗျာ ။ နည်းနည်းတော့ ရိပ်မိလာပြီ။ ဆက်ပါဦး ခင်ဗျားပြောတဲ့ အပြင်ပိုင်းဆိုတာကို။
  • လူပွား - အပြင်ပိုင်းဆိုတာက သက်ဆိုင်ရာပတ်ဝန်းကျင်ပေါ့ဗျာ။ သက်သေပေါ့။ လူသက်သေနဲ့ လူမဟုတ်တဲ့ သက်သေပေါ့။ လူသက်သေမှာလည်း ခိုင်လုံမှုအနေအထားက အမျိုးမျိုးရှိနိုင်တယ်လေ။ တိုက်ရိုက် တို့၊ တဆင့်ခံတို့၊ တာဝန်ရှိသူတို့၊ တာဝန်မရှိသူတို့ပေါ့ဗျာ။ ကျနော်တို့ဆရာကြီး အဲလက်စ်ဆောင်း ပါးမှာဆို ဒုက္ခသည်စခန်းကိစ္စကို မဲဆောက်ကနေ သတင်းယူထားတာတို့၊ UNHCR ရဲ့ အတည်ပြု ချက်ကို လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ လူတွေဆီက မယူဘဲ။ ၀န်ထမ်းဟောင်းအမျိုးသမီးဆီက ယူတာမျိုးတွေက သတင်းတန်ဖိုးအရ ခိုင်လုံမှုအားနည်းတာပေါ့ဗျာ။ တိုက်ရိုက်မဟုတ်ဘူးလေ။   
ဖိုးထောင် - ဒါပေမယ့် သူ့ဆောင်းပါးထဲမှာ ဗျူးထားတဲ့လူတွေက ဒုက္ခသည်စခန်းတွေကဆို။
  • လူပွား - ကိုဖိုးထောင်ရယ်။ အိမ်သားတော့ အိမ်သားပေါ့ဗျာ။ အလုပ်သွားနေတဲ့အိမ်သားနဲ့ အိမ်မှာရှိနေတဲ့ အိမ်သားကတော့ တန်ဖိုးကွာမှာပေါ့။ အလုပ်သွားနေတဲ့အချိန် အိမ်မှာဖြစ်နေတာတွေကို အိမ်မှာရှိ နေတဲ့သူလောက် တိတိကျကျသိနိုင်ပါ့မလားဗျာ။ ခင်ဗျားဆို ဘယ်သက်သေကို ပိုယုံကြည်မလဲ။  
  •  
ဖိုးထောင် - ဒါတော့ ဟုတ်တာပေါ့ဗျာ။ ကဲ လိုတာလေးတွေ ဆက်ရှင်းပါဦး။ ကျနော် တော်တော်သဘောပေါက် လာပြီ။ ဒီလိုရှင်းပြတာမျိုး တခါမှမကြားရသေးဘူးဗျာ။ 
လူပွား - စိတ်ဝင်စားရင် မြင်နိုင်ပါတယ် ကိုဖိုးထောင်ရယ်။ အခုကိစ္စလည်း ဒုက္ခသည်သတင်းဖေါ်ပြပေးတဲ့ အတွက် ကျေနပ်နေရုံနဲ့ မပြီးဘူးဗျ။ နောက်ပြီး “ဘ”ခြောက်လုံးနဲ့လည်း မလုံလောက်နိုင်ဘူး။ တချို့ သတင်းတွေက ကျနော်ပြောတဲ့ ဂုဏ်သိက္ခာနဲ့ သက်သေအပိုင်းတွေကို ဂရုမူကြည့်တတ်ဖို့လိုတယ် လေ။ ဒုက္ခသည်အကြောင်း ရေးထားတဲ့သတင်းပဲဗျာ။ ဒုက္ခသည်စခန်းထဲကလူ၊ လက်ရှိတာဝန်ရှိနေ ကြတဲ့ UNHCR ၀န်ထမ်းတွေနဲ့ ထိုင်းအာဏာပိုင်တွေရဲ့အသံနဲ့ ထင်မြင်ချက်တွေမပါရင် ဘယ်လို ယုံကြည်ရတော့မလဲဗျာ။ ဒါကိုမြင်တတ်ရင်ရပြီ။
  • နောက်ပြီး ဂုဏ်သိက္ခာပိုင်းမှာလည်း ရေးတဲ့လူရဲ့အတွင်းသန္တာန်ကို အရေးအသားတွေမှာ ရှာလို့ ရနိုင်ပါတယ်။ ကိုယ်တိုင်ရေးတာပဲဖြစ်ဖြစ်၊ သူများကို အင်တာဗျူးထားတာပဲဖြစ်ဖြစ် စေတနာကို အရင်းတည်ဖို့လိုတယ်လေ။ အကျိုးမရှိရင်တောင်မှ အကျိုးမဲ့တာကိုတော့ ရှောင်သင့်တယ်။ အခုန ဆောင်းပါးမှာ ဗျူးထားတာက “ကျနော်တို့က စခန်းထဲမှာ ဘာမှမရှိဘဲ နေနေရတဲ့အချိန်မှာ သူတို့က စီးပွားရေးလုပ်ငန်းမပျက်ဘဲ ဆက်လုပ်နိုင်ကြတယ်” တဲ့။ ဒီစာကြောင်းရဲ့ စေတနာဆိုတာက ဘာ လဲ။ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။   
ဖိုးထောင် - မညီမျှမှုကိုဖေါ်ပြတယ်။ နိမ့်ကျတဲ့သူကို သနားတယ်။ အဲဒီဘက်က ရပ်တည်ပြတယ်။ ဒါပဲတွေ့တယ် ဗျာ။ 
လူပွား - မှန်ပါတယ်ဗျာ။ ဒါပေမယ့် ဒါတွေက စိတ်ခံစားမှုတွေလေ။ ဒါကို အကောင်အထည်ဖေါ်လို့မရနိုင်ဘူး။ ခင်ဗျား ပြောသလိုဆို ညီမျှပေးချင်တာ မရှိတဲ့သူကို ရှိစေချင်တာပေါ့။ ညီအောင်လို့ ညိ§ကြည့်ချင် တယ်ဆိုပါတော့ဗျာ။ ဒီတော့ မရှိတဲ့လူကို ရှိတဲ့လူဆီက ယူပေးမယ်ထား။ ဒါက တရားပါ့မလား။ လက်ခံစရာ ဖြစ်ပါ့မလား။ သဘာဝကျပါ့မလား။ ဒါကတစ်ခု။
  • နောက်တစ်ခုက ရှိတဲ့လူကို မရှိအောင်လုပ်လိုက်တာမျိုး။ သူ့ပိုင်ဆိုင်မှုကို သိမ်းရင်သိမ်း ဒါမှမဟုတ် သူ့ကို စခန်းက မောင်းထုတ်။ ဒါရော တရားပါ့မလား။ ဖြစ်သင့်ရဲ့လား။ မီဒီယာသမား၊ သတင်း သမားဆိုတာ သတင်းအချက်အလက်မှန်ကို တင်ပြပေးရုံပဲဗျ။ အခြေအနေမှန်ကို ဖေါ်ထုတ်ပေးတဲ့ အတွက် ကူညီလိုတဲ့လူရှိရင် အကူအညီတွေရလာနိုင်အောင် ကူညီချင်လာအောင် အဖြစ်မှန်တွေကို တင်ပြပေးတာပဲ။ မြန်မြန်တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ပဲလိုတယ်။ နောက် … တရားမျှတမှု ကို လေးစားမြတ်နိုးဖို့လည်း အဓိကလိုမယ်။ ဒါပေမယ့် ဒီတရားမျှတမှုကို တဆင့်ခံပဲ ရှာဖွေပေးသင့် တယ်လေ။ ဒါတောင် ရှာဖွေနိုင်တဲ့ အကြောင်းအရာကိုပဲ တင်သင့်တာ။ မဟုတ်ခဲ့ရင် သတင်းက ဖွသလိုဖြစ် သွားနိုင်တယ်မဟုတ်လား။  
ဖိုးထောင် - မေးစရာနည်းနည်းရှိလာပြန်ပြီဗျို့။ တကယ်လို့ ခင်ဗျားပြောတဲ့ ကျင့်ဝတ်တို့၊ ဥပဒေတို့ကို ချိုးဖေါက် လာပြီဆိုရင်ရော ဘယ်လိုနည်းတွေနဲ့ ကာကွယ်ကြမလဲ။ တုန့်ပြန်ကြမလဲဗျာ။ ဘယ်သူတွေမှာ တာဝန်ရှိနိုင်လဲ။ 
လူပွား - ကျနော်တို့နိုင်ငံ လက်ရှိအနေအထားနဲ့တော့ မီဒီယာဆိုတာတောင် အားကောင်းကောင်း မပွင့်လန်း နိုင်သေးပါဘူးဗျာ။ အခု ပြင်ပနဲ့နယ်စပ်တစ်ကြောမှာ ရှိနေတဲ့ မီဒီယာတွေကလည်း လေ့ကျင့်နေကြ တုန်း။ စမ်းသပ်နေကြတုန်းပဲလို့တောင် ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ မီဒီယာကို ထိန်းကျောင်း ကွပ်ကဲမယ့် ယန္တယားတွေ ကင်းလွတ်နေသေးလို့ပဲ ဗျ။   
ဖိုးထောင် - ဘယ်လို ယန္တယားတွေလဲဗျာ။ စစ်အစိုးရရဲ့ ဆင်ဆာတို့၊ စာပေစိစစ်ရေးတို့၊ ထုတ်ဝေခွင့်တို့ လိုမျိုး လား။ 
လူပွား - မဟုတ်ရပါဘူးဗျ။ ဒါတွေက အာဏာရှင်ယန္တယားတွေပါ။ တကယ့်မီဒီယာကို ထိန်းကျောင်းမှာက မီဒီယာကိုယ်တိုင်နဲ့ ပြည်သူတွေပဲဗျ။ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေသာ အပြည့်ရှိနေရင် အပြန်အ လှန် ထုတ်ဖော်ကြမှာပဲလေ။ မှားတဲ့အားနည်းတဲ့သူခံပေါ့။ မမှန်သတင်းကို တင်တဲ့၊ ဂုဏ်သိက္ခာမရှိ တဲ့ ၀က်ဆိုက်တို့၊ သတင်းစာတို့ကို မဖတ်ကြတော့ဘူးပေါ့ဗျာ။ ဒီတော့ ပြည်သူက အဓိကကျသွား မှာပေါ့။ မီဒီယာချင်းယှဉ်ပြီး သတင်းမှန်နဲ့ သတင်းတန်ဖိုးရှိတာတွေကို အပြိုင်အဆိုင်တင်ကြရင်းနဲ့ ထိမ်းညိ§ပြီးသားလည်းဖြစ်သွားမှာပေါ့။ အခုလို … မင်းမူနေလို့ရမှာမဟုတ်တော့ဘူး။   
ဖိုးထောင် - ဒီကိစ္စတွေကိုပဲ သီးခြားတာဝန်ယူတဲ့ လူတွေ၊ အဖွဲ့တွေရော မရှိကြဘူးလား ကိုလူပွားရဲ့။ 
လူပွား - ရှိပြီလားဗျ။ မီဒီယာတွေအားကောင်းလာလေလေ ဒီအဖွဲ့မျိုးတွေ ရှိလာနိုင်လေပေါ့။ ကျွန်တော် လေ့လာမိသလောက်ပြောရရင် Media Watch မီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့လိုမျိုး ၊ News Ombudsmen သတင်းစုံစမ်းစစ်ဆေးရေး အရာရှိတို့လိုမျိုးပေါ့။ မီဒီယာတွေ စစ်မှန်အားကောင်းဖို့ အတွက် ကြပ်မတ်ထိမ်းကျောင်းပေးမယ့် လွတ်လပ်တဲ့အသင်းအဖွဲ့တွေပေါ့ဗျာ။ ဒီအဖွဲ့တွေမှာ လည်း တကယ်ဝါရင့် မီဒီယာသမားတွေ၊ အယ်ဒီတာတွေ၊ ရှေ့နေတွေ၊ ပညာရှင်တွေ ပါကြတာဆို တော့ ကျနော်တို့နိုင်ငံက စာပေစိစစ်ရေးလို ပရမ်းပတာတော့ မဟုတ်ဘူး။ မီဒီယာအချင်းချင်း အကြား၊ အစိုးရနဲ့မီဒီယာအကြား၊ ပြည်သူနဲ့မီဒီယာအကြား၊ တင်းမာမှုတွေ၊ အဖုအထစ်တွေကို ဖြေရှင်းပေးတတ်လို့၊ ဂျာနယ်လစ်တွေ၊ မီဒီယာသမားတွေကိုယ်တိုင်ကိုက တလေးတစားရှိကြတယ် တဲ့။ လောလောဆယ်တော့ ကျနော်တို့မှာ ဒါမျိုးတွေ မရှိသေးပါဘူးဗျာ။ ဒီကြားထဲ ပြည်သူတွေခမျာ ဒုက္ခမျိုးစုံထဲ နစ်နေကြရတော့ မီဒီယာဆိုတာကိုလည်း လှည့်မကြည့်နိုင်ကြ။ မထိန်းကျောင်းနိုင်ကြ ဘူးပေါ့။ ထိန်းကျောင်းနိုင်တဲ့အသိ ပညာနဲ့ အတွေ့အကြုံကလည်း လိုသေးတာကိုး။ ဒီတော့ ပိုနား လည်တဲ့လူ ပိုတာဝန်ရှိတာပေါ့ဗျာ။  
ဖိုးထောင် - ဒါဆို လက်ရှိကာလက မီဒီယာကို မီဒီယာသမားတစ်စုရဲ့ လက်ထဲမှာပဲ တထိတ်ထိတ် တလန့်လန့်နဲ့ ပုံထားရတဲ့ အနေအထားပေါ့နော်။ 
လူပွား - ဟုတ်ပါ့ဗျာ ကိုဖိုးထောင်ရယ်။ ဒီနေရာမှာ နပိုလီယံ ပြောခဲ့တဲ့စကားတခုကို ကျနော်တို့ အလေး အနက်အာရုံပြုသင့်ပြီဗျ။ ဘာတဲ့ … “ရန်လိုတတ်တဲ့ စတုတ္ထမဏ္ဍိုင် သတင်းစာတစ်စောင်ဟာ လှံစွပ် ပေါင်းတထောင်ထက် ပိုကြောက်လှန့်ဖို့ ကောင်းတယ်” ဆိုတာလေ။ ဒါက ၁၈-ရာစုက စစ်ဘုရင် ကြီးရဲ့စကား။ အခုက အိုင်တီဆိုတဲ့ သတင်းနဲ့နည်းပညာခေတ်ထဲမှာ။ ကျနော်တို့က ပြည်သူတွေ။ ဆိုတော့ … ။       ။  

 လူဗိုလ်
      ၂၉-၁၀-၂၀၀၉

အိပ်ဖွင့်ပေးစာမူရင်းကို အောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည် ......


ဒုက္ခသည်မှောင်ခိုဈေးကွက်ဆောင်းပါးနှင့်ပတ်သက်၍ ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ

၂၆/၁၀/၂၀၀၉

၂၈ ၊ ၉ ၊ ၀၉ ဧရာဝတီအင်တာနက်တွင်ဖော်ပြထားသည့် ဆောင်းပါးရှင် အဲလက်စ် အယ်လ်ဂျီး၏ ဒုက္ခသည် မှောင်ခိုဈေးကွက် ( Resettlement the Black Market) နှင့်ပတ်သက်၍ မိမိသဘော ထားအမြင်ကို တင်ပြလိုပါသည်။ ယခုကဲ့သို့တင်ပြသင့်သည်မှာ ကြာပြီဖြစ်သော်လည်း အခြားတုန့်ပြန် မည့်ပညာရှင်များ၊ မိမိထက်ပိုမို နားလည်သူများကို စောင့်ကြည့်ရင်း အချိန်လင့်သွားခဲ့ရပါသည်။

မိမိရည်ရွယ်ရင်းမှာအဆိုပါဆောင်းပါးပါအချက်အလက်များကို အမှန်ဟုယူဆသွားမည်၊ နိုင်ငံခြား သားရေးလျှင် အမှန်ဟူသောအစဉ်အလာဖြစ်သွားမည်၊ မြန်မာနိုင်ငံသားများ ညံ့ဖျင်းကြောင်း ၀န်ခံရာရောက်သွားမည်၊ ဒုက္ခသည်များ အနေနှင့်ဖြစ်လာသည့်ပြဿနာတိုင်းကို ခေါင်းငုံ့ခံရသည့် အလေ့အထဖြစ်သွားမည်စသည့်များကို မလိုလားသောကြောင့် ရေးသားလိုက် ရခြင်းဖြစ်ပါသည်။

ဦးစွာပထမ မြန်မာဒုက္ခသည်များနှင့်ပတ်သက်သော သတင်းအချက်အလက်ကို တင်ပြပေးသည့် အတွက် ဆောင်းပါးရှင်နှင့် ဧရာဝတီတာဝန်ရှိသူများကို ကျေးဇူးတင်စကားဆိုချင်ပါသည်။ နိုင်ငံရေး ဒုက္ခသည်များနှင့် ဒုက္ခသည် အစစ်များဖက်မှရပ်တည်ပေးလိုသောစိတ်နှင့် ဒုက္ခသည်အတုများ၊ ဒုက္ခသည်မှောင်ခိုများ၊ UNHCR ၀န်ထမ်းများနှင့် ထိုင်းအာဏာပိုင်အချို့၏ အဂတိလိုက်စားမှုများကို ဖွင့်ချပေးခြင်းများအပေါ်ယေဘုယျကောက်ချက်နှင့်ပင် ဖြစ်ပါသည်။

သို့သော်တင်ပြမှုသည် ရည်ရွယ်ချက်မွန်မြတ်ဖို့လိုသလို၊ အချက်အလက်များ ခိုင်မာတိကျဖို့လို့ပါ သည်။ သေချာ သည်မှာ စေတနာမှန်ကန်မှုမရှိပဲ၊ မျက်နှာလွဲခဲပစ်သဘောမျိုးနှင့် ပြီးစလွယ်ရေးသားမှု မဖြစ်သင့်ပါ။ ထိခိုက်နစ်နာကြရ မည်မှာ နိုင်ငံရေးဒုက္ခသည်များနှင့် ဒုက္ခသည်အစစ်များသာဖြစ်ကြောင်း ကိုလည်း လေးလေးနက်နက်ထည့်သွင်း စဉ်းစားထားသင့်ပေသည်။ စာနာရိုးမှန်ပါက လက်ရှိကာလ တွင် နိုင်ငံရေးဒုက္ခသည်များ တတိယနိုင်ငံထွက်ခွါခွင့် ကြံ့ကြာနေခြင်းနှင့် အမေရိကန်နိုင်ငံ ၏ ပေါ်လစီကြောင့် Hold လုပ်ခံထားရသော ဒုက္ခသည် (၂၀၀)ကျော် နှစ်ထပ်ကွမ်း ဒုက္ခသည် များ ဖြစ်နေရခြင်းအကြောင်းများကို ရေးသားဖော်ပြသင့်သည်မှာကြာပါပြီ။ အဘယ်ကြောင့်သတင်းအဖြစ် တင်ခြင်းကို မတွေ့ရသနည်း၊ မတင်ရဲကြသနည်းဆိုသည်မှာကား စဉ်းစားစရာရှိနေပါသည်။

အဆိုပါကိစ္စများကို လမ်းလွှဲလို၍ ထိုဆောင်းပါကိုရေးသည်ဟုဆိုခဲ့လျှင် မည်သို့ငြင်းဆန်မည်နည်း။ သို့ပါသော ကြောင့်အောက်ပါအချက်များကို သတိမူနိုင်စေရန်ရည်ရွယ်၍ ထောက်ပြလိုက်ပါသည်။

၁။ ဆောင်းပါးရှင်သည် ဦးတည်ချက်တိတိကျကျရှိပုံမပေါ်။ ဒုက္ခသည်ပွဲစား၊ ဒုက္ခသည်အတု။ အဂတိလိုက် စားသောဝန်ထမ်းများနှင့် ပတ်သက်သည့်အချက်အလက်များကို ခရီးသွားဟန်လွှဲ၊ လက်လှမ်းမှီသမျှတင်ပြသည့်ပုံစံ ဖြစ်နေပါသည်။ ရည်ရွယ်ချက်ရှိရှိဖြင့်အားစိုက်၍ စနစ်တကျလေ့ လာရေးသားထားသည်ကို မတွေ့ရချေ။ ဖြစ်နိုင်ချေရှိ သည်မှာ မဲဆောက်စားသောက်ဆိုင်တခုတွင် စားသောက်ကြရင်း၊ လွယ်လင့်တကူ တွေ့ကြုံခဲ့ရသော ဒုက္ခသည်စခန်းနှင့် ပတ်သက်ဖူးသူ၊ ဒုက္ခသည် စခန်းတွင်း ကာလတခုမျှနေထိုင်ခဲ့ဖူးသူများ၏ ပြောဆိုသောအချက်အလက်များ ဖြစ်ဟန်ရှိ သည်။ ၀တ္ထုတွင် ထည့်သုံးလျှင် သင့်တော်၍ ဖတ်ကောင်းနိုင်ပါသည်။ သတင်းနှင့်သတင်းဆောင်းပါးအဖြစ်ကား သုံးနိုင် လောက်သည့် တန်ဖိုးရှိသည်ဟု မမြင်ပါ။

ဥပမာအားဖြင့် ABSDF ဟောင်းဆိုသူ ကိုမြတ်သူသည် နို့ဖိုးဒုက္ခသည်စခန်းတွင် လအတန်ကြာ သာနေထိုင်ခဲ့ ဖူး၍ စခန်းနှင့်ကင်းကွာသွားပြီး၊ မဲဆောက်တွင်နေထိုင်သည်မှာ ၂ နှစ်ကျော်ပါပြီ။ ကျန်ဇာတ်ကောင်များဖြစ်ကြသည့် ကို ဘိုဘို၊ ကိုကျော်ကြီးနှင့် ကိုမျိုးသိန်းဆိုသူများမှာလည်း ဒုက္ခသည်ဖြစ်လျှင်တောင် မဲဆောက်တွင် အနေများသူများ ဖြစ်နိုင်ပါသည်။ သေချာသည်မှာ မဲဆောက်တွင်သာ အင်တာဗျူးထားခြင်းဖြစ်ပြီး ဒုက္ခသည်စခန်းကို အဝေးမှ ခန့်မှန်း ရေးသား ထားခြင်းများသာ။ နိုင်ငံရေးဒုက္ခသည်များ၏ အသံနှင့် အခြေအနေမှန်များကို မထင်ဟပ်ပါ။ ကိုယ်စားမပြုနိုင်ပါ။ ဖြေဆိုချက်များမှာလည်း အညံ့စားလေသံများဖြစ်နေသည့်အတွက် ပို၍ပင် ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်ပါသည်။

၂၊ အထက်ပါအခြေအနေများကြောင့်ပင် တင်ပြထားသောအချက်အလက်များမှာလည်း လက်တွေ့နှင့် ကင်းကွာပြီး လွဲချော်အားနည်းမှုများရှိနေပါသည်။ ၎င်းအချက်များမှာ
            (က)      “စခန်းအာဏာပိုင်နှင့် ပွဲစား ၂ ဦးမှ လူများကို စခန်းအတွင်းခေါ်သွင်း လာပြီး၊ နိုင်ငံခြားသို့ အမြန် ထွက်ရအောင် လုပ်ပေးနေကြောင်း” ဆိုသည့်အချက်တွင် ဒုက္ခသည် စခန်ုးအတွင်း ခေါ်သွင်းခြင်းမှာ ဖြစ်တန်ချေရှိသော်လည်း အမြန်ထွက်ခွါရေးမှာမူ ပွဲစားနှင့် အာဏာပိုင်များတွင် တိုက်ရိုက်မပတ်သက် နိုင်ပါ၊ သက်ဆိုင်ရာနိုင်ငံနှင့် UNHCR တို့တွင်သာ သက်ဆိုင်ပါသည်။ ပြောသူမှပြောခဲ့လျှင်တောင် သတင်းသမားအနေနှင့် အယုံမလွယ်သင့်ပေ။ ကိုယ်တိုင်လေ့လာပြီးမှသာ ရေးသားသင့်ပေသည်။
            (ခ)        “ဒုက္ခသည်အတုများက ကောင်းကောင်းနေ၊ ကောင်းကောင်းစားနိုင်သည့် အခြေ အနေများကြောင့် စခန်းအတွင်းတင်းမာမှုများ၊ မကျေနပ်မှုများဖြစ်လာ” ဆိုသည်မှာလည်း အဓိပါယ် ကင်းမဲ့၍ ခိုင်လုံမှု နည်းလွန်းသော အချက်ဖြစ်ပါသည်။ ဤသို့သော တင်းမာမှုသတင်းမျိုးသည် ဘယ်အချိန်က ထွက် ပေါ်ခဲ့ဖူးပါသနည်း။ ဘယ်နှစ်ကြိမ် ထွက်ခဲ့ဖူးပါသနည်း။ ဘယ်လောက်ကြီးမားသော ပြဿနာ ဖြစ်ခဲ့ ပါသနည်း။ ဘယ်ဒုက္ခသည်စခန်းတွင်နည်း။ တန်ဖိုးမဲ့သော ကောလဟလသတင်းနှင့် စိတ်ခံစားမှုကို စောင်းပေးသော တင်ပြချက်မျိုးဖြစ်နေပါသည်။ ဤအချက်အလက်များကို မည်သည့်အဆင့်အတန်း ထား၍ လေးလေးစားစားနှင့် ကိုးကားရမည်နည်း။

            ၃။ အရေးအသားပိုင်းတွင်လည်း ပေါ့ပျက်ပျက်နိုင်လွန်းပါသည်။ မြန်မာဘာသာပြန်ကို ဖတ်ရ သည့်အတွက် မူရင်းနှင့်ကွဲလွှဲမှုရှိသည်ဆိုပါက ဘာသာပြန်ဆိုသူနှင့် ဧရာဝတီတာဝန်ရှိသူများသာ တာဝန်ခံကြရပါမည်။      
 ဥပမာ အချို့တင်ပြရမည်ဆိုလျှင် -
            (က)      “ပွဲစားများက ပလပ်ကိုငွေပေး၍ ဒုက္ခသည်အဖြစ် တရားဝင်လက်ခံစရာ အကြောင်း မရှိသူများအား စခန်းအတွင်းဝင်ရောက်ခွင့်ရရန် ကြိုးပမ်းပေးကြောင်း စခန်းရှိဒုက္ခသည်များ က ပြောပြသည်” ဒုက္ခသည်များဆိုသည်မှာ ဘယ်နှစ်ဦးကို ရည်ရွယ်ပါသလဲ။ ဘယ်ဒုက္ခသည်စခန်းကလဲ။ အထက် ဖော်ပြပါ သုံးလေးဦးကိုပဲဆိုလိုတာလား။ မြန်မာနိုင်ငံသားအားလုံး ဒုက္ခရောက်နေချိန်မှာ ဒုက္ခ သည်ဖြစ်ခွင့်ရခြင်းအတွက် မုဒိတာမပွားနိုင်ဘူးလား။
            (ခ)        “မသမာသူ မြန်မာပွဲစားများကြောင့် မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာပြီး၊ စခန်း အတွင်း ငွေမှငွေဖြစ် နေသည်” မှောင်ခိုဈေးကွက်ဖြစ်တာနဲ့ စခန်းထဲမှာ ငွေမှငွေဖြစ်နေခြင်းဆိုသည်မှာ မည်သို့သက်ဆိုင် ပါသနည်း။ ငွေမှငွေမဖြစ်သည့်နေရာများ စခန်းအပြင်တွင်ရှိနေ၍လား။
            (ဂ)        “အသစ်ရောက်ရှိလာသူများအဖို့ ဒုက္ခသည်စခန်းများအတွင်း ဆင်းရဲ ကျပ်တည်းစွာ နေထိုင်ရုန်းကန် နေရသည်” ဒုက္ခသည်စခန်းတွင် အသစ်ချည်းမဟုတ်ပါ၊ အဟောင်းများသည်လည်း ထိုနည်းတူစွာ ဆိုသည်ကို သိသင့်သည်။ ဆောင်းပါးရှင်သည် ဒုက္ခသည်စခန်းသို့မရောက်ဖူးကြောင်း သက်သေ ပြရာရောက်နေပါသည်။
            (ဃ)      “ပွဲစားများ၏ဖောက်သည် ဒုက္ခသည်အတုများသည်လည်း ငွေဆုံးရသည်များရှိသည်” ဖောက်သည် ဆိုသည်မှာ မကြာမဏ၀ယ်ယူသူဟုယူဆရမည်။ ဒုက္ခသည်အတု မကြာခဏလုပ်သူများ ရှိနေ၍ လား။

            ၄။ ဆောင်းပါးပါအချက်များအတွက် သက်ဆိုင်သူများ၏ အတည်ပြုချက်ကိုရယူဖို့ ကြိုးစားထားခြင်းကိုလည်း မတွေ့ရပါ။ ယူထားသူများမှာလည်း လွဲချော်နေပါသည်။ ဥပမာ- UNHCR ၀န်ထမ်းဟောင်း အမျိုးသမီးတစ်ဦးနှင့် ဘန် ကောက်အခြေစိုက် UNHCR ၏ ဒေသဆိုင်ရာရုံးမှ အကြီးတန်း၊ လူထုဆက်ဆံရေးအရာရှိ ဆိုသူများဟုသိရသည်။ တိုက်ရိုက်တာဝန်ရှိကြသော စခန်းတွင်းရှိ ဒုက္ခသည်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မဲဆောက် UNHCR, IOM နှင့် စခန်း အသီးသီးရှိပလပ်များကိုသာ  အတည်ပြုချက်ယူသင့်ပါသည်။ ယူဖို့လည်းကြိုးစားသင့်ပါသည်။ တဆင့်ခံများသည် သက် သေမမြောက်ကြောင်း ဆောင်းပါးရှင် ပိုသိနိုင်ပါသည်။
            ၅။ အဆိုးရွားဆုံးမှာ နို့ဖိုးဒုက္ခသည်ပလပ်ကိုသာကွက်၍ ဖော်ပြထားခြင်းပင်ဖြစ်ပါသည်။ စာတပိုဒ်ထဲတွင်သာ ထည့်သုံးထားသော်လည်းကျန်အချက်များနှင့် သက်ဆိုင်သယောင်၊ ထင်ရောင်ထင်မှားဖြစ်စေရန် ရောသမမွေထားပါ သည်။
            ဆောင်းပါးရှင်၏ရည်ရွယ်ချက်မှာ စခန်းသုံးခုမှပလပ်များအနက် နို့ဖိုးဒုက္ခသည်စခန်းမှ ပလပ်ကိုသာ ထိုသို့ ကျူးလွန်သည်ဟု ဆိုလိုပါသလား။ သို့တည်းမဟုတ် ကျန်စခန်းများမှပလပ်များ ကျူးလွန်မှုမရှိဟု ကာကွယ်ပေးလို၍ လား။ ကျန်စခန်းမှပလပ်များကို ကြောက်၍လား။ နို့ဖိုးဒုက္ခသည်သတင်းကိုသာ စားသောက်ဆိုင်တွင် ရခဲ့၍ လား။ နို့ဖိုး ဒုက္ခသည်စခန်းတခုထဲကိုသာ ပြဿနာဖြစ်စေလို၍လား စသဖြင့် သံသယပွားစရာများဖြစ်နေ ပါသည်။ ထိုသို့မဟုတ်ဟု ဆိုလျှင် ဆောင်းပါးရှင်သည် သတိမထားမိ၍လား။ အတွေ့အကြုံနုနယ်သေး၍ လား။ အရေးအသားမကျွမ်းကျင်၍လား။  ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုသည့်သဘောလား။ တနေရာရာ မှ ရေးခိုင်း၍ ရေးလိုက်ရတာလား ဆိုသည်များမှာလည်း ကာယကံရှင်ကိုယ်တိုင်ဖြေဆိုရမည့် မေးခွန်း များဖြစ်ပါသည်။

            အချုပ်ဆိုရသော် ဆောင်းပါးရှင်နှင့် ဧရာဝတီအင်တာနက်သည် ဂုဏ်သိက္ခာထိမ်းကြဖို့ တာဝန်ရှိပါသည်။ မျက် တောင်တဆုံးသာကြည့်၍ ပြီးစလွယ်မတင်ပြသင့်ပါ။ ဒုက္ခသည်အတုကိစ္စ၊ အဂတိလိုက်စားမှုကိစ္စ၊ နိုင်ငံရေးဒုက္ခသည် ကိစ္စ၊ ဒုက္ခသည်မှောင်ခိုဈေးကွက်ကိစ္စသီးခြားစီကို ရည်ရွယ်ချက်ရှိရှိ၊ ဦးစားပေးအဆင့်အလိုက် စနစ်တကျ အချက် အလက်ရယူ၍ တင်ပြသင့်ပါ သည်။ သတင်းကုလားဖန်မထိုးသင့်ပါ။ (သတင်းမှန်များထွက်ပေါ်နိုင်ရေးအတွက်ဆိုလျှင် နို့ဖိုးဒုက္ခသည်များမှ ကြိုဆိုကြပါမည်။)

            ယခုလို နိုင်ငံရေးဒုက္ခသည်များကို စာနာသယောင်နှင့် UNHCR ၊ ထိုင်းအာဏာပိုင်၊ ကျန်ဒုက္ခသည်များနှင့် ရန်မတိုက်သင့်ပါ။ မီးမမွှေးသင့်ပါ။ သတင်းသမားကောင်းကျင့်ဝတ်၊ မီဒီယာကောင်းကျင့်ဝတ်များကို စောင့်စည်းသင့်ပါ သည်။
            သို့ပါ၍ဆောင်းပါးရှင်နှင့် ဧရာဝတီအင်တာနက် တာဝန်ခံများအနေနှင့် ရိုးသားမှုရှိပါလျှင်၊ မီဒီယာကောင်း အဖြစ်ခံယူရိုးမှန်ပါလျှင် အောက်ပါအချက်များကို လိုက်လျှောစေလိုပါသည်။

            ၁။         ယခုတင်ပြလွှာကို ဧရာဝတီမှ (၂)ဘာသာဖြင့် ဖော်ပြပေးပါရန်။
            ၂။         ဆောင်းပါးအတွက် တိုက်ရိုက်အတည်ပြုချက်ရယူဖို့ ပျက်ကွက်ခဲ့ပါလျှင် နို့ဖိုးဒုက္ခသည်စခန်းမှ ပလပ်ထံသို့ တရားဝင်တောင်းပန်စာ (သို့မဟုတ်) ၀န်ခံလွှာတစ်စောင် ပေးပို့ပါရန်။ (ဧရာဝတီ အင်တာနက်မှ ဖြစ်စေ၊ ဆောင်းပါးရှင်ထံမှဖြစ်စေ)
            ၃။         ဆောင်းပါးရှင်မှ အချက်အလက်များ မှားယွင်းအားနည်းမှုနှင့် အလေးအနက်ထားအားစိုက်ခြင်း နည်း ပါးမှုများအပေါ် ၀န်ခံသည့်သဘောပါသော စာ (သို့) မူလဆောင်းပါးထက် ပိုမိုပြည့်စုံထိရောက် နိုင်သော စာတစောင်ကို ထပ်မံရေးသားတင်ပြပေးပါရန်။
            ၄။         အကယ်၍ဆောင်းပါးရှင်နှင့် ဧရာဝတီအင်တာနက်မှ ထိုဆောင်းပါးအပေါ် မူအရ၊ ရည်ရွယ်ချက်ရှိရှိ၊ စေတနာသန့်သန့်ဖြင့် တင်ပြရိုးအမှန်ဟုယူဆပါလျှင်လည်း၊ ဘာကြောင့်၊ ဘယ်လို ဆိုသည်များကို နောက်ဆက်တွဲအဖြစ် ထပ်ဆင့်၍ ရှင်းလင်းတင်ပြပေးပါရန်။
            ၅။         ဖြစ်နိုင်ပါက ပြဿနာသို့ ဦးတည်စေသော အဆိုပါဆောင်းပါးအား ပယ်ဖျက်ပေး ပါရန်။

            ဧရာဝတီအင်တာနက်နှင့် သက်ဆိုင်သူဆောင်းပါးရှင် အဖတ်ဆယ်နိုင်လောက်အောင် အ၀ိဇ္ဖာများ ကင်းစင်နိုင်ကြပါစေ။
                                                                                    လူဗိုလ် (ABSDF ရဲဘော်ဟောင်း)
                                                                                               NP0 (061181)
                                                                                             နို့ဖိုးဒုက္ခသည်စခန်း
 



No comments:

Post a Comment