Saturday, January 26, 2013

အညတရ အမေသို့


ကျွန်တော့်အမေကို i-phone တစ်လုံး
ဘယ်လောက်လဲ မမေးနဲ့
မသိဘူး။

မိသားစု ထမင်းဝိုင်းလေးကိုတော့
မပြည့်တဲ့ငွေနဲ့ ပြည့်စုံအောင်
ဖန်တီးတက်တယ်။

ကျွန်တော့်အမေကို facebook အကြောင်း
ဘာလဲမမေးနဲ့
မသိဘူး။

အဆင်မပြေတဲ့ အိမ်ထောင်စုရဲ့
ကျားကန်ဖို့ ပိုက်ဆံချေးမယ့်သူကိုတော့
ပေါင်းသင်းတက်တယ်။

ကျွန်တော့်အမေကို ဘီလ်ဂိတ်ဆိုတာ
ဘယ်သူလဲ မမေးနဲ့
မသိဘူး။

မကျနိုင်တဲ့ ကုန်ဈေးနှုန်းကြီးကို
ချွေးပြန်ပြီး အပြုံးအပျက်မျက်နှာနဲ့
ရင်ဆိုင်တက်တယ်။

ကျွန်တော့်အမေကို Dr.Martin ဖိနပ်
ခိုင်လားလို့ မမေးနဲ့
မသိဘူး။

မြီးတိုနေတဲ့ ဂျပန်ဖိနပ်နဲ့
ဆူးခင်းတဲ့ လမ်းတွေမှာ ခါချမှုတွေနဲ့
လှမ်းတက်တယ်။

ကျွန်တော့်အမေကို လေရူးသုန်သုန်ဆိုတာ
ဘာဝတ္ထုလဲ မမေးနဲ့
မသိဘူး။

လောကဓံရဲ့ ခပ်ရိုင်းရိုင်းလေကြမ်းမှာ
သားသမီးတွေရဲ့ ဘ၀ကို သူ့ဘ၀နဲ့
ရေးခြယ်တက်တယ်။

ကျွန်တော့်အမေကို Lady Ga Ga က
ဘာသီချင်းဆိုလဲ မမေးနဲ့
မသိဘူး။

ပင်ပန်းမှုတွေကို ပစ်ချရင်း
ပျော်နေတဲ့ သားသမီးတွေကို သံစဉ်လှအောင်
လမ်းကြောင်းတက်တယ်။

(ဒုက္ခများစွာ ဖန်တီးခဲ့သော သား မောင်ဖြိုးဝေ မှ အမေ သို့)

No comments:

Post a Comment