*ဂွမ် …………..*
*ဟဲ့ဘာဖြစ်တာလည်းသားကြီး ဖုန်းခွက်ကိုသေချာ ပြန်မချဘူး ။ အောက်ကို ပြုတ်ကျကုန်ပြီ*
ဆိုတဲ့စကားသံတွေ
နောက်ပါးဆီကနေ ကပ်ငြိပါလာပေမယ့် ခွန်းတုံ့ပြန်ဖို့ အင်အားတွေ
ခမ်းခြောက်နေမိပြီ ။
တရှိန်ထိုးပြေးလာမိတဲ့ ခြေထောက်အစုံက
ကိုယ်ပိုင်အခန်းငယ်ထဲကိုရောက်မှ ရပ်နားမိလိုက်မိတယ် ။ အိပ်ယာပေါ်ကို
ခြေပစ်လက်ပစ် လှဲချလိုက်မိချိန်မှာ ကျွန်တော်ခံစားချက်ရဲ့
ဒီဂရီတွေတိုးခဲ့ရပြီ။ ဖော်ပြလို့မရတဲ့ ဆို့နစ်မှုတစ်ခုဆီသို့
ဦးတည်လို့သွားနေပါတော့တယ် ။ ဘယ်သူကို အပြစ်ပြောရမလဲဗျာ ။ အပြစ်တင်ခွင့်ကော
ကျွန်တော်မှာ ရှိရက်လား ။ ဟင်အင် ကျွန်တော်မဝေခွဲတတ်ဘူး ။ ကျွန်တော်ရင်ထဲ
ဆို့ဆို့နစ်နစ်ခံစားကြေကွဲေ
ဟာ
! ကျွန်တော်ရင်ထဲက တဆစ်ဆစ်နာကျင်နေပြီမေမေ ။ ကျွန်တော်စိတ်တွေ ဆောက်တည်ရာ
မရတော့ဘူး ။ သူကို ကျွန်တော် မမြင်ဘူးပေမယ့် မုန်းလာသလိုပဲ ။ သူကို
ကျွန်တော်အလိုမရှိဘူးမေမေ။ သူက ကျွန်တော်နေရာကို လုဖို့ရောက်လာတာ။
ဟုတ်တယ်အသေချာပဲ။ သူ ကျွန်တော်မေမေကို လုယူတော့မှာလေ ။ သူကို
ကျွန်တော်မုန်းတယ် ။ အရမ်းမုန်းတယ် ။ မေမေ ကျွန်တော်ဆီ ပြန်လာခဲ့ပါ ။
အတိတ်က နေ့ရက်တွေကို လွမ်းသလို ခံစားလာရပါတယ် ။ ကျွန်တော်ထင်ခဲ့ဖူးတယ် ။
ကျွန်တော်ဘ၀မှာ ဘွားဘွားရှိနေရင် ပြည့်စုံနေပြီလို့ ။ မေမေ ကျွန်နားမှာ
ရှိနေခြင်း ၊ မရှိနေခြင်းတွေကို ကျွန်တော်သိပ်မခံစားတတ်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်မွေးကာစ လသားအရွယ်ထဲက ဘွားဘွားက ကျွန်တော်ကို
သားအရင်းတစ်ယောက်ပမာ အပြီးတိုင် မွေးစားခဲ့ပါတယ် ။ မေမေနဲ့
သုံးအိမ်လောက်သာခြားပေမယ့် တစ်နေ့တစ်ခေါက်ပင် မေမေဆီ မရောက်ခဲ့ပါ။
လိုချင်တာရှိတဲ့ အချိန်မျိုးတွေမှာပင် မေမေ ထံသို့ကျွန်တော်ရောက်တတ်ပါတယ် ။
တစ်ခုတော့ရှိတယ် ။ မေမေကို တစ်ခြားသူတွေက အပြစ်တင် ဝေဖန်လာပြီဆိုရင်တော့
အဲဒီလူတွေကို ကျွန်တော် အရမ်းစိတ်တိုတတ်တယ်။ ဒါငယ်ရွယ်စဉ် မသိစိတ်က မေမေကို
ကျွန်တော်ချစ်တဲ့ ချစ်ခြင်းတရားတွေ ဖြစ်မယ်ထင်ပါတယ် ။ ဒီလိုနဲ့
ပြီးပြည့်စုံပြီး လိုလေသေးမရှိ အလိုလိုက်ခံနေရတဲ့ ဘ၀တစ်ခုမှာ
ပျော်ရွင်စိတ်ချမ်းမြေ့စွာနဲ့ ကလေးဘ၀တွေကို ဖြတ်သန်းလာခဲ့တယ် ။ နှစ်ဖက်
အဘိုးအဘွားတွေရဲ့ မြေးဦး ၊ ဦးလေးတွေ အဒေါ်တွေရဲ့ ပထမဆုံး တူလေး ဖြစ်တဲ့
ကျွန်တော် ။ မျက်နှာတစ်ချက်အညှိုးမခံစေခဲ့ပါ ။ ဖေဖေ ၊ မေမေ တို့နဲ့
တူတူမနေရတာတစ်ခုကလွဲရင် အရာရာပြီးပြည့်စုံသူတစ်ဦးပါ ။
တူတူမနေရဘူးဆိုတာကလည်း ဘွားဘွားရဲ့ အချစ်လွန်ကဲမှုကို မေမေတို့က
ဖြည့်စီးပေးလိုက်တဲ့သဘောပါပဲ ။
ဒီလိုနဲ့
ကျွန်တော်ရဲ့ ပျော်စရာဘ၀လေးကို ဖြတ်သန်းလာလိုက်တာ ၅တန်း
ကျောင်းသားတစ်ယောက်အဖြစ် အလယ်တန်းအဆင့်ကို တက်ရောက်ခဲ့ပါပြီ ။ ဒီချိန်မှာ
ဖေဖေ နဲ့ မေမေ ဘယ်လိုမှ ရှေ့ဆက်လို့ မရတဲ့ အကြောင်းအရာတွေ
ကြောင့်အပြီးတိုင်လမ်းခွဲလိုက်ြ ကတယ်။ ဒီအဖြစ်ပျက်လေးမှာလည်း ကျွန်တော်
အထူးတလည် ၀မ်းနည်းခံစားရသာမျိုး မရှိခဲ့ပြန်ဘူး ။ အကြောင်းတရားတွေကြောင့်
ဖြစ်တည်လာမှုအပေါ် နားလည်လို့ရခဲ့ပါတယ်။ အဆိုးထဲက အကောင်းဆိုသလို
ကျွန်တော်မေမေ ဘွားဘွားတို့ အိမ်ကို ပြန်ရောက်လာခဲ့တယ် ။ ဖေဖေနဲ့
တူတူနေတုန်းကနဲ့ တခြားဆီဖြစ်အောင် ပြောင်းလဲသွားတဲ့ လှပကျော့ရှင်း တဲ့
မေမေပုံစံကို မြင်တွေ့ခွင့်ရခဲ့တာမို့ အရမ်းကို ပျော်ရွင်ခဲ့မိပါသေးတယ် ။
ကျွန်တော်က အလှသိပ်ကြိုက်တယ် ။ မေမေလှလာတော့ ကျွန်တော်ပျော်မိတာပေါ့ ။မေမေ
နဲ့ တူတူပြန်နေရတယ်ဆိုပေမယ့် တူတူတော့ သွားမအိပ်ဖြစ်ခဲ့ပါဘူး ။ ကျွန်တော်က
ကိုယ်အခန်းလေးနဲ့ ကိုယ်တစ်ယောက်ထဲနေရတာကိုဘဲ နှစ်သက်မိတယ်။ အဒေါ်တွေကတော့
ကျွန်တော်ကို ကလေးလူကြီးလေးလို့ ခေါ်တတ်ကြတယ် ။ ဒီလိုနဲ့ မေမေ
ဘွားဘွားအိမ်မှာ ပြန်ရောက်ပြီး တစ်နှစ်ခွဲလောက်အကြာမှာ စင်ကာပူကို
အလုပ်သွားလုပ်တော့မယ်ဆိုတာကို သိရတယ် ။ မေမေက ပြောတယ် ။
*မေမေအခြေကျရင်သားလေးကို လှမ်းခေါ်မယ်နော် သား ။*
အဲဒီစကားကို ကြားတယ်ဆိုတာနဲ့ ကျွန်တော်ခါးခါးသီးသီးကို ငြင်းဆန်ခဲ့မိတယ် ။
*ဟင်အင်
မေမေ ကျွန်တော် မလိုက်ချင်ဘူး။ လုံးဝကို မလိုက်ဘူးနော် ။
ဘွားဘွားအိမ်ကလွဲရင် ကျွန်တော်ဘယ်မှ လိုက်မနေဘူး ။ ဘွားဘွားနဲ့ဘဲ တူတူနေမှာ
။ ဘယ်တော့မှ မခေါ်နဲ့နော်မေမေ ။ ကျွန်တော်လုံးဝကို မလိုက်ဘူး။*
ကျွန်တော်စကားတွေကို နားထောင်နေရင်း မေမေ မျက်ရည်တွေ တသွင်သွင်စီးကျနေတဲ့ အဲဒီနေ့လေးကို အမှတ်ရနေမိပါသေးတယ်။ဒီလိုနဲ့
မေမေ စင်ကာပူကို ထွက်သွားခဲ့တယ်။ အလုပ်လည်းအဆင်ပြေပါတယ် ။ လတိုင်း လတိုင်း
ကျွန်တော်အတွက် ပိုက်ဆံတွေ ပို့ပေးတတ်တယ်။ ဘွားဘွားက မပို့နဲ့
ကိုယ်ဘာကိုသာ အဆင်ပြေအောင်ဆု ဆိုပေမယ့် ကျွန်တော်အတွက် လစဉ်လတိုင်း
ပို့ပေးရှာခဲ့တယ် ။ ခုဆို မေမေ စင်ကာပူထွက်သွားတာ ၂နှစ်ဆိုတဲ့
အချိန်ကာလသို့ တိုင်ခဲ့လေပြီ ။ ကျွန်တော် နဲ့ ဖေဖေက တစ်မြို့ထဲနေတာမို့
တစ်ပတ်တစ်ခါလောက်တော့ ဆုံဖြစ်ပါတယ် ။ ဖေဖေ ကျွန်တော်ကို တွေ့ချင်တဲ့
အချိန်ဆို ရောက်ရောက်လာတတ်တယ်။ တစ်ပတ်တစ်ခါ ဖေဖေ မလာလို့
သိပ်မမျှော်တတ်ပေမယ့် တစ်ပတ်တစ်ခါ မေမေဆီက မေးတစ်စောင်ဖြစ်စေ ၊ ဖုန်းဖြစ်စေ
ပေါ်မလာခဲ့ရင်တော့ အမည်မတပ်တတ်တဲ့ ခံစားမှုတစ်ခု ဖြစ်ပေါ် ခံစားရတယ် ။
လွမ်းတာလား ၊ သတိရတာလား ကျွန်တော်သေချာ မိသပေမယ့် ကျွန်တော် မေမေကို
ချစ်တယ် ။ လက်ဖျားနဲ့တောင် မထိခဲ့ မရိုက်ခဲ့ဘူးတဲ့ မေမေ ။ ကျွန်တော်ငိုရင်
သူပါလိုက်ငိုတတ်တယ် ။ တစ်ခါက အဖြစ်ပျက်လေးတစ်ခုကို မှတ်မိနေခဲ့ပါသေးတယ် ။
အဲဒီနေ့က
ည 10နာရီလောက်ကြီး အိမ်နားက လက်ဘက်ရည်ဆိုင်ကို ဘွား2တို့ မသိအောင်
လက်ဘက်ရည် ခိုးပြီးသွားဝယ်မိတယ် ။ ဘွားဘွားက ည7နာရီဆိုတာနဲ့ ဘယ်သူကိုမှ
အိမ်ပြင်ထွက်တာမကြိုက်ပါဘူး ။ ကျွန်တော် လက်ဘက်ရည် သိပ်သောက်ချင်တာနဲ့
သွားဝယ်ခဲ့တယ်။ ဖြစ်ချင်တော့ လက်ဘက်ရည် ၀ယ်ပြီး ခွက်လေးကိုင်ကာ
ဆိုင်ထဲက အထွက် စားပွဲထိုးလေးက ဆိုင်ထဲ ပြေးဝင်လာတာနဲ့ ၀င်တိုက်မိပါတယ် ။
ကျွန်တော် ရင်ဘက်ပေါ်ကို လက်ဘက်ရည်တွေ အကုန်မှောက်ကြကုန်ပြီး
အပူလောင်တော့တာပဲ ။ ကြောက်ကြောက်နဲ့ မေမေ အခန်းထဲကို
အရင်ဆုံးပြေးဝင်မိခဲ့တယ် ။ ခလုတ်ထိမှ အမိတတယ်ဆိုတဲ့ စကားပုံလေးက
သိပ်မှန်တယ် ။ မေမေ က ကျွန်တော်ရင်ဘတ်ကို လှန်ကြည့်လိုက်တော့
အနီပြင်လိုက်ကြီးဖြစ်နေပြီး အရေခွံ့တွေပါ တွန့်နေခဲ့ပြီ ။ ကျွန်တော်လည်း
ကြောက်ပြီး ငိုတာပေါ့ ။ မေမေကလည်း ငိုပြီး အရူးတစ်ယောက်လို
အရမ်းကိုခြောက်ခြားနေခဲ့ပါတယ်။ ကျွန်တော်ကို ပွေ့ပြီး ဘွားဘွားဆီပြေးတယ်။
တစ်အိမ်လုံး ပွက်လောရိုက်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်သလို မေမေ အရူးမီးဝိုင်းသလို
ခံစားရတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့ နေ့လေးတစ်နေ့ပါပဲ။
ကျွန်တော်ကို မေမေ အမြဲပြောတတ်တာလေးရှိသေးတယ် ။
*သားကို မေမေ သူများမိခင်တွေလို တယုတယ မနေတတ်ပေမယ့် သားက မေမေ ဘ၀ဘဲ။*
ခုတော့
မေမေဘ၀က သားမဟုတ်တော့ဘူးပေါ့မေမေ ။ မေမေ ရက်စက်တယ် ။ သား သူကို လုံးဝကို
အလိုမရှိဘူးမေမေ ။ မေမေ ပြန်လာပါ ။ မေမေ သားဆီကို ပြန်လာပါ မေမေရယ် ။
အရူးတစ်ယောက်လို အော်နေမိတယ် ။ မေမေ ရေ ကျွန်တော် ရူးတော့မယ် ။ မေမေ
ဘ၀မှာကျွန်တော်ရှိနေရင် ပြီးပြည့်စုံနေပြီမလားမေမေ ။ ကျွန်တော် သူကို
မနာလိုဘူးမေမေ ။ သူကို မခေါ်ပါနဲ့နော် ။ မခေါ်ပါနဲ့ဗျာ ။ သူကို ကျွန်တော်
လုံးဝကို အလိုမရှိဘူး ။ မလာပါနဲ့ ။ ငါနေရာကို မယူပါနဲ့ ။
ငါအတ္တကြီးတယ်ဆိုလည်း ကြီးတယ် ။ ငါနေရာကို မင်းကို မပေးနိုင်ဘူး ။
မင်းလုံးဝမလာရဘူး ။ မလာရဘူးကွာ ။ မျက်စိရှေ့ရောက်နေသော ပစ္စည်းမှန်သမျှ
စိတ်ရဲ့ ထွက်ပေါက်တစ်ခုလို လွတ်ပစ်နေမိတယ် ။ တစ်ခန်းလုံးရစရာ မရှိတော့ဘူး။
ဘယ်သူတံခါးကို လာခေါက်ခေါက် ဖွင့်မပေးမိဘူး ။ အားလုံးကိုလည်း
စိတ်နာချင်နေမိတယ် ။ ဘိုးဘိုး ၊ ဘွားဘွား ၊ အဒေါ်တွေပါ အကုန်လုံး
ဝိုင်းညာထားတယ် ။ သိနေရက်သားနဲ့ ဖုံးကွယ်ထားကြတယ် ။ ခုချိန်မှာ ဘယ်သူကို မှ
မတွေ့ချင်ဘူး ။ ဘယ်သူအသံမှ မကြားချင်ဘူး ။ စိတ်ထဲမှာ သိနေတာ တစ်ခုထဲ မေမေ
ကျွန်တော်ကို လုံးဝ မချစ်တော့ဘူး ။ ကျွန်တော်နေရာကို သူကို ပေးလိုက်ပြီ။
သူကို မုန်းတယ်ကွာ ။ အရမ်းကို မုန်းတယ် ။ ငါ သူကို မနာလိုနေတာများလား ။
ဟုတ်တယ်ကွာ မနာလိုနေတာ ။ ဘာဖြစ်လဲကွာ မနာလိုဘူး။ ငါနေရာကို လုတာက မင်းလေ ။
မနာလိုဘူးကွာ ဘာလုပ်ချင်လဲ ။ လုံးဝကို မပေးချင်ဘူး ။ ငါနေရာမှာ ငါကလွဲပြီး
ဘယ်သူမှ မရှိစေချင်ရဘူး ။ စိတ်ထိခိုက်ခံစားရတာတွေက များလွန်းတော့ လူက
မောလာတယ်။ မောမောနဲ့ အိပ်ပျောသွားခဲ့ပါတယ် ။
အိပ်ယာကနိုးတော့
အလင်းရောင်မိုးသောက်လို့ အာရုံတက်ချိန်ကိုတောင် ရောက်နေခဲ့ပါပြီ။ ဟာ!
ဒါဆို သူငါမျက်စိရှေ့ကိုရောက်လာတော့မှာပေါ့ ။ ငါမမြင်ချင်
မတွေ့ချင်တဲ့သူကို မြင်ရတော့မယ် ဆိုတဲ့ အသိတစ်ခုက ရင်ထဲကို ထပ်မံ
ပူလောင်လို့လာပြန်ပါတယ် ။
*ဒေါက်
ဒေါက် ဒေါက် … မြေး မြေး .. ဘွားဘွားပါ ။ တံခါးလေး ခဏ ဖွင့်ပါအုံးမြေးရယ် ။
ဘွားဘွား မြေးကို ရှင်းပြစရာလေးတွေ ရှိလို့ပါ ။ မြေးဒီလိုတွေသာ
ဆက်လုပ်နေမယ်ဆို ဘွားဘွား ရင်ကွဲသေရလိမ့်မယ်*
ဆိုတဲ့
ဘွားဘွား အသံကိုကြားလိုက်ရချိန်မှာတော့ တံခါးဘုကို
လက်ကဖွင့်ပေးလိုက်မိပါတယ် ။ တံခါးရွက်လေး ပွင့်လာတယ်ဆိုတာနဲ့
အပြေးတပိုင်းခြေလှမ်းတွေနဲ့ ကျွန်တော်ရှိရာကို ဘွားဘွားရောက်လာတယ်။ တညလုံး
စိတ်မောခဲ့ရသူမို့ ချောင်ကြနေတဲ့ မျက်နှာလေးပေါ်က ဆံစတွေကို ညင်သာစွာ
သပ်တင်ပေးရင်း ဘွားဘွားက သူ့ရင်ခွင်ထဲမှာ ကျွန်တော်ကို ပွေ့ဖက်ပေးထားတယ်။
*သနားစရားကောင်းနေပါကောလား
မြေးရယ် ။ ဘွားဘွားတို့ တမင်တကာ ဖုံးကွယ်ထားတာ မဟုတ်ရပါဘူးကွယ်။ ဘွားမြေး
ဒီလောက်ထိ ခံစားရမယ်လို့ မထင်မိလို့ပါ ။ မြေးမေမေ
နောက်အိမ်ထောင်ပြုခဲ့ချိန်တုန်း ကတောင် မြေးက အေးအေးဆေးဆေး ဆိုတော့ ခုလည်း
ဒီလောက်မခံစားရလောက်ဘူးထင်မိလို့ ပါကွယ်။*
ဘွားဘွားပြောမှ
မေမေ နောက်အိမ်ထောင်ပြုမယ့် အကြောင်းပြောပြခဲ့တဲ့ နေ့ရက်လေးကို
ပြန်သတိ၇မိပါသေးတယ်။ မေမေ စင်ကာပူရောက်ပြီး တစ်နှစ်ခွဲလောက်အကြာမှာ
အိမ်ထောင်ပြုတော့မယ်အကြောင်း ဘိုးဘိုး၊ ဘွားဘွားတို့ ခွင့်ပန်ခဲ့ပါတယ်။
ကျွန်တော်ကိုလည်း ခွင့်ပြုချက်တောင်းခဲ့တယ်။ လိုလိုလားလားဘဲ
ကျွန်တော်လက်ခံခဲ့ပါတယ် ။ လက်ခံတယ်ဆိုတာလည်း မေမေ အိမ်ထောင်ဖက်ဆိုတဲ့ ဦးက
တော်တော်ကို အေးပြီး သဘောကောင်းပါတယ် ။ မေမေကိုလည်း အရမ်းကို
ဂရုတစ်စိုက်ရှိတယ်လို့ လေ့လာမိလို့ပါ။ ထင်တဲ့ အတိုင်းလည်း မေမေတို့
အိမ်ထောင်ရေးသာယာခဲ့ပါတယ် ။ ဦးကလည်း ကျွန်တော်အပေါ် အဖေတစ်ယောက်လိုထပ်တူ
မကျခဲ့ပေမယ့် ဦးလေးတစ်ယောက်လို သိပ်ကောင်းခဲ့ပါတယ် ။ ပျော်စရာ
နေ့ရက်တွေပေါ့ဗျာ။ ဘွားဘွားဆီက စကားသံဆက်ကြားလိုက်ရမို့ အတွေးတွေ
ဖြတ်တောက်လိုက်ရတယ် ။
*မြေးမေမေက
မြေးကို မချစ်လို့ မဟုတ်ရပါဘူးကွယ် ။ မြေးဦးဦးကလည်း သူရင်သွေးဆိုတာကို
လိုချင်ရှာတာပေါ့ကွယ် ။ ဒီကလေးလေးကြောင့် မြေးကို
အချစ်လျော့စရာအကြောင်းလည်း မရှိပါဘူး ။ မိဘဆိုတာလေ သားသမီးအပေါ်မှာ
ဘယ်သောအခါမှ နှစ်တန်းနှစ်စား မထားကြရှာပါဘူး။ အမှန်ဆို မြေးက ပျော်ရမှာလေ။
မြေးမှာ အဖော်ရတော့မှာလေ။*
*ဟင်အင်
။ ဘာအဖော်မှ ကျွန်တော်မလိုချင်ဘူး။ မေမေ ကျွန်တော်ကို ချစ်နေတဲ့
အချစ်တွေကို သူအတင်းခွဲယူတော့မှာ လေဘွားဘွား ။ ကျွန်တော်မပေးချင်တာကို
သူဇွတ်ယူတော့မှာ။ သူကို မုန်းတယ် ။*
*အောင်မလေး
မဟုတ်တာမြေးရယ် ။ ဘာစကားတွေ ပြောနေရတာလည်းကွယ် ။ မကြားဝံ့စရာတွေပါလား ။
မြေးက အမှန်တော့ မနာလိုနေတာဘဲ ။ မြေးကလေးလည်း မဟုတ်တော့ဘူး။
အရွယ်ရောက်နေပြီလေ။ မနာလိုစိတ်ဆိုတာ ထားကောင်းတဲ့ အရာမဟုတ်ဘူး မြေး။ တစ်ယောက် နှင့်တစ်ယောက် ဂုဏ်တုဂုဏ်ပြုင်လုပ်ခြင်းမာန၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယတရားတို့ ဖြစ်နေလျှင်ကား မသင့်လျောဘူး။ ထိုမာန၊ ဣဿာ၊ မစ္ဆရိယ တို့ကို မွေးမြူတားခြင်းဟာ နောင်သံသရာဆင်းရဲ၊ ယခုဘ၀မျက်မှောက်
ဆင်းရဲ တို့က နောက်ကထပ်ကြပ်မကွာ လိုက်နေတတ်တယ်မြေး ။အတိတ်ကပြုခဲ့သော ကံ
တရားတို့ကြောင့် ယခုရရှိခံစားရတယ် မြေး။ ယခုပြုသောကံတရားတို့သည် နောင်
ခံစားရပေအုံးမယ်လေ။ဒီတော့
မနာလိုခြင်းဆိုတဲ့ ဒီမကောင်းတဲ့ စိတ်ကြီးကို ဘွားမြေးစိတ်ထဲ ရင်ထဲကနေ
ထုတ်လိုက်ပါတော့ မြေးရယ် ။ ဘွားမြေး ပင်ပမ်းလှပြီ ။ ဘွားမြေးကို ဘွားပညာတွေ
သင်ပေးထားတယ် ။ ဒီပညာတွေက တွေးခေါ်ဆင်ခြင်တတ်ဖို့ပဲ ။ ခုလို မိုက်မဲတဲ့
အတွေးခေါ်တွေ တွေးတောဖို့မဟုတ်လေဘူးနော် ။ အောက်မှာ သားမေမေတို့
ရောက်နေကြပြီ ။ သားမေမေလည်း အရမ်းကို စိတ်မကောင်းဖြစ်နေတယ် ။ သားကို
ခုတွေ့မယ်လုပ်နေတာ ။ ဘွားက မြေးစိတ်ပြေမှ တွေ့ဆိုလို့ ချက်ချင်းသားဆီ
တက်မလာတာပဲ ။ မြေးမေမေ နေမကောင်းဘူးမြေး ။ ဦးဦးကတော့ ပြည်က သူအမျိုးတွေ
ခဏ သွားတယ်။ သူတို့လည်း စင်ကာပူကနေ ရန်ကုန် ။ ရန်ကုန်ကနေ ရွှေတောင်ကို
တန်းပြန်လာရတာဆိုတော့ အတော်လေး ပင်ပမ်းနေကြပြီ။ မြေး ဘွားခုပြောတာတွေကို
သေသေချာချာ တွေးပါကွယ် ။ ကဲ မြေးလည်း ခဏနားအုံး ။*
ပြောလို့ပြီးတာနဲ့ ဘွားက အောက်ထပ်ကို ဆင်းသွားပါတော့တယ် ။
အတွေးတွေက ခေါင်းထဲမှာ ရှုတ်ရှက်ခက်နေစေပါတယ် ။ ငါမှားနေလား ။
ဟူးးးးးးးးးးးးးးးးးးးးးးးးး!
ဆိုတဲ့
လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိတယ် ။ မေမေတို့ အိမ်ထောင်ကြပြီး
တစ်နှစ်အကြာမှာ ကလေးယူလိုက်ကြတယ်ဆိုပဲ ။ မနေ့ညကထိ မေမေ အလည်ပြန်လာမယ်ဆိုတဲ့
အသိတစ်ခုနဲ့ သိပ်ကို ပျော်ရွင်နေခဲ့မိပါသေးတယ် ။ မေမေဆီက
ဖုန်းဝင်လာချိန်မှာတော့ ကျွန်တော်အပျော်လေးတွေက ကြက်ပျောက်ငှက်ပျောက်
ဖြစ်ကုန်ပါတော့တယ် ။ မေမေ နှုတ်ဖျားဆီက ထွက်ကျလာတဲ့ စကားသံချိုမြမြလေးက
ကျွန်တော် အတွက်တော့ သိပ်ခါးသီးစေခဲ့တယ် ။ သားလေး အဖော်ရအောင် မေမေ
လက်ဆောင်တစ်ခုပါလာတယ် သား ။ သားထက်
16နှစ်လောက်ငယ်တဲ့ ညီမလေးတစ်ယောက် မေမေ မွေးထားတယ် ။ ခုဆိုသားညီမလေးက
နှစ်လသားအရွယ်လေးရောက်နေပြီသား။ သိပ်ချစ်ဖို့ ကောင်းတယ်သိလားသား။ ဖြူဖွေး
တုတ်ကစ်နေတာဘဲ ။ ပြန်ပြောဖို့စကားလုံးတွေ ကျွန်တော်ဆီမှာ
အဆင်သင့်မရှိနေခဲ့ဘူးမေမေ။ ကလေးလေးတောင် နှစ်လရှိနေလေပြီ။ အချိန်အကြာကြီး
ကျွန်တော်ကို ဖုံးကွယ်ထားခဲ့ကြတယ်။ ပထမဆုံးရင်ထဲ ရောက်လာတာက သိမ်ငယ်မှု ၊
နောက် အားငယ်ခြင်း ၊ နောက်ဆုံး အရှိန်ပြင်းပြင်းဝင်ရောက်လာတာကေ တာ့
မနာလိုခြင်းပါပဲ ။ မေမေကို ဘာဆိုဘာမှ ပြန်မပြောနိုင်တော့ပါဘူး ။ ဖုန်ကို
လွတ်ချပြီး ပြေးထွက်လာခဲ့မိပါတော့တယ် ။ ခုတော့ ထွက်ပြေးလို့လည်း မရတော့ဘူး ။
တွေ့ကိုတွေ့ရတော့မယ် ။ ရင်ဆိုင်ရတော့မယ် ။
နွမ်းလျနေတဲ့
စိတ်ကိုကော လူကိုပါ အရင်ဆုံး10မိနစ်လောက် အနားပေးလိုက်ပါတယ်။
ရေမိုးချိုးပြီး လေးလံသောခြေလှမ်းတွေနဲ့ မေမေဆီသို့
ဦးတည်လျှောက်လှမ်းလာခဲ့မိပါတယ် ။ မေမေ အခန်းရှေ့ရောက်တော့ ဟနေတဲ့ တံခါးကို
အသာယာတွန်းဖွင့်ဝင်လာခဲ့တယ် ။ ဘေးတစ်စောင်းလေး လှဲနေတဲ့ မေမေနားကို
ညင်သာစွာ တိုးကပ်သွားလိုက်တော့ မေမေရင်ခွင်ထဲမှာ လှုတ်နေတဲ့
ဖြူုဖြူအထုပ်လေးတစ်ခု။ အနားကိုရောက်မှ သေချာ သဲသဲကွဲကွဲ တွေ့လိုက်ရတာက
ဖြူဖွေးဝကစ်နေတဲ့ ကလေးလေး ။ မေမေက အိပ်ပျော်နေတာပါ ။ ကလေးလေးကတော့
မေမေ့ရင်ခွင်ထဲမှာ ။ နှိုးနေပေမယ့် မငိုဘဲ လက်ကလေးတွေ ခြေထောက်လေးတွေ
ယက်ယက်ကန်ကန်လုပ်နေတယ်။ အနားကို သေချာတိုးကပ်ကြည့်လိုက်တော့
ကျွန်တော်ကိုတောင် ပြုံးပြနေသယောင်ထင်လိုက်မိပါရဲ့ ။ သူပါးလေးတွေကို
ကျွန်တော်တို့ ကိုင်ကြည့်ချင်နေမိတယ်။ ကျွန်တော်လက်တွေ
တဆက်ဆက်တုန်လာလာသလိုပဲ။ ကလေးလေးက သိပ်ကို ချစ်ဖို့ကောင်းနေခဲ့တယ်။ သူကို
မြင်တွေ့လိုက်ရချိန်မှာ သူကို မုန်းတဲ့ စိတ်တွေ ဘယ်နားကို သွားပုန်းနေကြသလဲ
မသိတော့ပါဘူး။ ကျွန်တော်ကိုယ် ကျွန်တော်မှန်ထဲမကြည့်ပေမယ့်
အလိုလိုသိနေခဲ့တယ် ။ သူကိုကြည့်နေရင်း ကျွန်မျက်လုံးတွေ
တဖြေးဖြေးပြုံးယောင်သန်းလာတယ်ဆိုတာကိုပေါ့ ။ ငါညီမလေးပါလားဆိုတဲ့ အသိတစ်ခုက
ကျွန်တော်ရင်ထဲမှာ ဖြတ်ခနဲလင်းသွားစေတယ် ။ ကလေးလေးမျက်နှာက
ဖွေးဖွေးပြည့်ပြည့်လေး။ သူမကြို ကည့်ရတာ အေးချမ်းလိုက်တာ ။ ငါမှာသာ
ပူလောင်နေပြီး သူမလေးကတော့ အေးချမ်းစွာ မေမေရင်ခွင်ထဲမှာ နားခိုလို့ ။
ဖောင်းကားနေတဲ့ သူမ ပါးမို့မို့လေးတွေကို တို့ထိချင်တဲ့ စိတ်တွေက
တားဆီးမရစွာ သူမပါးလေးတွေပေါ် ကျွန်တော်လက်ကလေးတွေ
တို့ထိဆော့ကစားနေမိစဉ်မှာဘဲ မေမေမျက်ခွ့လေးတွေ လှုပ်ရှားလာတယ် ။ ဟော
မေမေနိုးလာပြီထင်ပါရဲ့။ သူမပါးပေါ်မှ ကျွန်တော်လက်တွေကို
မရုတ်သိမ်းနိုင်ခင်မှာဘဲ မေမေက မြင်သွားခဲ့ပါပြီ။ အရင်ဆုံး အံ့သြသွားတဲ့
မေမေမျက်ဝန်းတွေက ကြည်နူးခြင်း ၀မ်းသာဖြင်း ချမ်းမြေ့ခြင်းဆိုတဲ့
ခံစားချက်တွေ ပါဝင်စီးမျောနေတဲ့ အပြုံးလေးတစ်ခု မေမေမျက်နှာမှာ
ဖြစ်ပေါ်စေခဲ့ပါတယ် ။ ဘာစကားတစ်ခွန်းမှ ပြောစရာမလိုအပ်တော့ဘဲ မေမေ နဲ့
ကျွန်တော် နားလည်မှုတစ်ခုကို ရရှိခဲ့ကြပါတယ် ။ မေမေရင်ခွင်ထဲကို
ညီမလေးနှင့် အတူ တိုးဝင်ဖက်ထားလိုက်မိပါတယ် ။
ဆုံးရှုံးလိုက်ရပြီလို့ထင်ခဲ့မိ တဲ့ အရာတစ်ခုကို ပြန်ရှာတွေ့လိုက်ရသလို
ကြည်နူးနေရပါတယ်မေမေ ။ အပိုဆုလေးတောင်ရလိုက်သလိုပါပဲ။ သိပ်ကို
ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ကိုပါ မေမေက ကျွန်တော် အတွက်
လက်ဆောင်ပေးခဲ့တာပါ ။ ကျွန်တော် အနာတရတွေ ဖြစ်ခဲ့ချိန်တွေမှာ ကျွန်တော်မေမေ
သည်းထန်စွာငိုကြွေးခဲ့ဖူးတာတွေ၊ ဆေးရုံတက်တုန်းက ကျွန်တော် တစ်ကိုယ်လုံးက
သွေးတွေကို ဖေဖေသွေးတွေနဲ့ လဲထည့်ခဲ့ရစဉ်က ဖေဖေက သူမှာ ဘာရောဂါရှိလို့
သွေးစစ်ရမှာဆိုပြီး ရစ်နေခဲ့လို့ မေမေကပြောခဲ့တယ်စကားလေးကို အဒေါ်တွေ ခဏခဏ
ပြန်ပြောလို့ အလွတ်တောင်မှတ်မိနေခဲ့ပါသေးတယ်။ ငါသား အသက်ရှင်ဖို့အတွက်
နင်သွေးကိုထည့်ရမယ် ။ အဲဒီသွေးက သန့်ရှင်းရောဂါကင်းနေဖို့အတွက် လိုအပ်တယ်။
ငါသားနဲ့ ပတ်သတ်လာရင် နင်အပါဝင် ဘယ်သူကိုမှ ငါမယုံနိုင်ဘူး ။
ယုံကြည်မှုတစ်ခုလို့ ခေါင်းစဉ်တပ်ပြီး ငါသားအသက်ကိုလောင်းကြေးမထပ်ရဲဘူး ။
နင်ပေးမလား မပေးဘူးလား ။ သွေးစစ်ရမှာဆိုးလို့ မပေးဘူးဆိုလည်း ရတယ် ။
လိုနေတဲ့ သွေးကို ရအောင်ငါရှာမယ် ဆိုမှ ဖေဖေက ချက်ချင်းသွေးစစ်ခံခဲ့တယ် ။
ဖေဖေကိုချစ်သလို မေမေကို ပိုချစ်နေခဲ့တာ မေမေသားပါ မေမေ။ တူတူနေခြင်း
မနေခြင်းတွေထက် သားရင်ထဲမှာ မေမေက
ထာဝရ တူတူရှိနေခဲ့သလို ၊ မေမေ့နှလုံးသားနဲ့ အနီးဆုံးနေရာမှာ
ကျွန်တော်အမြဲရှိနေခဲ့တယ်ဆိုတာ ကို အကျွင်းမဲ့လက်ခံလိုက်ပါပြီမေမေ ။
ရုတ်တစ်ရက် ရုန်းထွက်မရအောင်ခဏတာ စိတ်ရှုပ်ထွေး မွမ်းကျပ်မှုများနဲ့
ညီမလေးအပေါ် မနာလို ဖြစ်ခဲ့ခြင်းတွေအတွက် ရှက်လိုက်တာ မေမေ။
မေမေနှလုံးသားထဲက သားအတွက်နေရာလေးမှာ ညီမလေးကိုပါ ကျေကျေနပ်နပ်
နေရာပေးပါတယ်မေမေ ။ ညီမလေး အတွက်လေးစားထိုက်သူ အကိုတစ်ယောက်အဖြစ် ထာဝရ
နေသွားပါတော့မယ် မေမေရယ်။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment