by MrMaung KoThet on Friday, November 30, 2012 at 10:35pm
တိုင်းရေးပြည်ရေးဟာ ကိုယ်ထင်တာမြင်တာနဲ့ အများကြီး ကွဲလွဲနေတတ်တာမို့ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေးလို့ဆိုကြပါတယ်။ ကိုယ်တိုင်က သတင်းတွေ ဖတ်ပြီး နားစွင့်တဲ့အဆင့်သာရှိတာမို့ ကျနော်ဟာ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး စာရေးခဲ ပါတယ်၊ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ရေငုံနှုတ်ပိတ် နေလေ့ရှိပါတယ်။ ငြိမ်နေရတဲ့ အကြောင်းက ကျနော်ဟာ နိုင်ငံရေးကျမ်းတတ်မဟုတ်တဲ့အပြင် အရေးအရာလေ့လာသူ၊ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက်ပါပဲ။ ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်း နောက်ကြောင်း မရှင်း တဲ့ အခြေအနေမျိုးမှာ ကိုယ်တိုင်ဘာတစ်ခုမှ ထိထိရောက်ရောက် ဝင်မလုပ်နိုင်ပဲ လူမှုကွန်ယက် တွေ ကနေ အာချောင်ရုံသက်သက် အလုပ်ကို ကျနော်မုန်းပါတယ်။ အခုကော ဘာဖြစ်လို့ ရေးရသတုန်း မေးလို့ တိုတိုဖြေရရင် မပြောမဖြစ်ဘူးလို့ ခံစားမိလို့ပါ ။ရေးတာကို ဖတ်ပြီးယုံကြည်လက်ခံကြဖို့ မဟုတ်ပဲ ဝေဖန်ဆင်ခြင်ပြီး ဝိုင်းဝန်နည်းလမ်းရှာကြံဖို့သာ ရည်သန်မျှော်လင့်ပါတယ်။