Monday, October 1, 2012

စကားကျွံရင် နုတ်လို့မရ



အရေးပေါ် ခွဲစိတ်မှုတစ်ခုလုပ်ဖို့ ဖုန်းခေါ်ဆိုခြင်း ခံရတဲ့အတွက် ဆရာဝန်တစ်ယောက် တိုက်နယ်ဆေးရုံထဲကို အလျင်အမြန် ၀င်လာတယ် … သူ့အ၀တ်တွေကို အမြန်လဲလိုက်ပြီး ခွဲစိတ်ခန်းဘက်ကိုတန်းလာခဲ့တယ် … လူနာရှင်ကောင်လေးရဲ့ ဖခင်ဖြစ်သူက ဆရာဝန်ကိုလည်းတွေ့ရော ရှေ့ကနေ တားရပ်လိုက်တယ် … ပြီးတော့

“ဘာဖြစ်လို့ ဒီလောက်တောင် အချိန်ကြာနေရတာလဲ ဒေါက်တာ … ကျွန်တော့်သားရဲ့ အခြေအနေက အသက်အန္တရာယ် နီးကပ်နေတာကို မသိဘူးလား … ခင်ဗျားက ဆရာဝန်
တစ်ယောက်ရဲ့ တာဝန်နဲ့ ၀တ္တရားကို နားလည်ရဲ့လားဗျာ” ဆိုပြီး ဒေါနဲ့မောနဲ့ ပြောချလိုက်တယ် …

ဆရာဝန်က ပြုံးလိုက်ပြီး “ ကျွန်တော်ဆေးရုံမှာ အဆင်သင့်ရှိမနေလို့ တောင်းပန်ပါတယ်ဗျာ … အခုလည်း အမြန်ဆုံးလာခဲ့တာပါ … ဒါကြောင့် စိတ်ကိုအေးအေးထားပြီးနေပါ … ကျွန်တော်လုပ်စရာလေးတွေ သွားလုပ်ဦးမယ်” လို့ပြောလိုက်တယ် …

“စိတ်အေးအေးထားရမယ် ဟုတ်လား ?? … ခင်ဗျားသားသာ ဒီအချိန်ခွဲစိတ်ခန်းထဲရှိနေရင်ရော ခင်ဗျားစိတ်အေးအေးထားနိုင်မလား … ခင်ဗျားသားသာ အခုသေသွားမယ်ဆိုရင် ခင်ဗျားဘယ်လိုနေမလဲ” လို့ လူနာရှင်က ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တယ် …

ဆရာဝန်က ထပ်ပြုံးလိုက်ပြီး “ သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး … ဘုရားတရားကို အာရုံပြုပြီး သားအတွက် ဆုတောင်းပေးနေပါ … ကျွန်တော် လုပ်စရာရှိတာ သွားလုပ်ပါဦးမယ်” လို့ပြောလိုက်တယ် … ပြီးတော့ ခွဲစိတ်ခန်းဘက်ကို အလျင်အမြန်ကွေ့ဝင်သွားခဲ့တယ် …

နောက်နားကနေ … လူနာရှင်ရဲ့ဖခင်က “ အဲ့လို စကားကတော့ လူတိုင်းပြောတတ်တယ်” လို့ တီးတိုးရေရွတ်လိုက်ပါသေးတယ် …

ခွဲစိတ်မှုလည်းပြီးသွားရော … ဆရာဝန်ကထွက်လာပြီး “ ခင်ဗျားသား အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး … ခွဲစိတ်မှုအားလုံး အဆင်ပြေပါတယ်” လို့ ၀မ်းသာအားရပြောလိုက်တယ် …
ပြီးတော့ လူနာရှင်ဖခင်ရဲ့စကားကိုမစောင့်ဘဲ
“ မေးမြန်းစရာရှိရင် … သူနာပြုဆရာမကြီးဆီမှာ မေးနိုင်ပါတယ်” လို့ပြောပြီး အလျင်အမြန် ထွက်သွားလိုက်တယ် …

“ဘာဖြစ်လို့ ဒီလောက် လူနာအပေါ် မောက်မာရတာလဲ ?? အမှန်ဆိုရင် ကျွန်တော့်သားအခြေအနေကို ဒီထက်ပို ပြည့်ပြည့်စုံစုံ ပြောပြသွားသင့်တာပေါ့” လို့ အဖေဖြစ်သူက ဘေးနားက သူနာပြုဆရာမကြီးကို ပြောလိုက်တယ် …

သူနာပြုဆရာမကြီးက “ ရှင်မသိဘူးလား … ဆရာဝန်ကြီးရဲ့သားက မနေ့က ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်သွားတယ်လေ … ရှင့်သားခွဲစိတ်မှုအတွက် ဆေးရုံက ဖုန်းခေါ်လိုက်လို့ သူ့သား ဈာပန ကျင်းပနေရာကနေ ဒီကို ချက်ချင်းလာခဲ့တာပါ” လို့ မချင့်မရဲ ပြောလိုက်ပါတော့တယ် …

+++++++++++++++++++++++++++++++++

ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် သင့်စိတ်ကိုတည်ငြိမ်အောင်ထားပြီး စကားတစ်ခွန်းကို ဒေါသမပါဘဲ ပြောသင့်တယ် ... မဟုတ်ရင်တော့ "ကြမ်းကျွံရင် နှုတ်လို့ရတယ် ... စကားကျွံရင် နှုတ်လို့မရဘူး" ဆိုတဲ့ စကားပုံအတိုင်း စိတ်လိုက်မာန်ပါ ပြောပြီးတဲ့စကားတိုင်းအတွက် သင်နောင်တ ရရလိမ့်မယ် ..

(Doctor's Service by Unknown Arthur ကို ဘာသာပြန်သည် )

No comments:

Post a Comment