by Lwin Aung Soe on Monday, October 1, 2012 at 6:21pm ·
မိသားစု ဆိုတာ အကောင်းဆုံး တန်ဖိုးအရှိဆုံး လူနေမှု အသိုင်းအဝိုင်း ဖြစ်ပါတယ်။
မိသားစုထဲမှာ မိသားစုဝင်တွေဟာ နွေးထွေးစွာ ရိုးရိုးသားသား ဆက်ဆံရပါမယ်။ မိသားစုအကျိုး ဖြစ်စေတာကို ပွင့်လင်းစွာ တက်ညီလက်ညီ လုပ်ဆောင်ပေးနိုင်ကြရပါမယ်။
မိသားစုထဲမှာ ရန်သူလို သဘောထားကြရင် အမှားကြီးမှားပြီပဲ။
မိသားစုထဲမှာ ရန်သူစိတ်ဓါတ်မျိုး ရှိရင် ချက်ချင်းကို ဝိုင်းဝန်းပြုပြင်ကြရမှာသာ ဖြစ်ပါတယ်။
မိသားစုထဲမှာ မပွင့်လင်းတာတွေ ရှိလာရင် ဘေးပယောကတွေ ရှိနေပြီလား လေ့လာစိစစ်ရပါမယ်။
တကယ်တော့ မိသားစုလောက် သွေးစည်းညီညွတ်တာ ဘယ်မှာမှ ရှာမရနိုင်ပါဘူး။
အလိုဆန္ဒ လောဘ သိပ်မကြီးရင် တကယ်တမ်း အားကိုးအားထား ပြုနိုင်စရာတွေကို မိသားစုထဲမှာပဲ ရှာကြည့် ကျင့်သုံးလို့ ရနိုင်ပါမယ်။
မိသားစုဝင်တွေအချင်းချင်း လိုက်ဖက်မျှတ သဟဇာတ ဖြစ်နေရင် အဲဒီ မိသားစု ဘာလုပ်လုပ် အောင်မြင်တာပါပဲ။
ဘေးအိမ်တွေ တခြားလူတွေကို အကူအညီတောင်းမိရင် ကူသလိုလိုနဲ့ ကြားဝင်ပြီး သူတို့ ကိုယ်ကျိုးစီးပွားကို ရှာလာတတ်တာကို အရင်ဆုံး သတိရှိနိုင်ရပါမယ်။
ဘေးလူတွေ ဘယ်လောက် အပြောကောင်းကောင်း အဆွယ်ကောင်းကောင်း မိသားစုဝင်တွေလောက် သစ္စာ မရှိတာကို အမြဲတမ်း သတိရှိနေကြရပါမယ်။
သူတို့ လိုချင်တာမရရင် ဇာတိရုပ် ပြပါတော့တယ်။
တကယ်တော့ တစိမ်းတရံ ဆိုတာဟာ မိသားစု မဟုတ်ပါဘူး။
ဒုက္ခပေးတဲ့ တစိမ်းဆိုရင် “တစိမ်းတရန်” လို့တောင် သတ်ပုံပြောင်းထားလိုက်ချင်ပါတယ်။
မတတ်နိုင်တော့လို့ အိမ်နီးချင်းဆီက ဆန်လေး ဆီလေး ချေးငှားရတာမျိုး တခါတလေ ကြုံကောင်းကြုံရတတ်ပါတယ်။
မိသားစု မဟုတ်တဲ့ အခြားသူဆီမှာ အနည်းအများ အားကိုးအားထား လုပ်ရတတ်ပါတယ်။
အခြားသူတွေဟာ အလကား အိတ်စိုက် ကူညီပေးနိုင်လောက်အောင် ပရဟိတ စိတ်ဓါတ်ကောင်းတာမျိုး ရှိချင်ရှိတတ်ကြပါလိမ့်မယ်။ မရှိသူလည်း မရှိပါဘူး။
သူတို့ ရည်မှန်းထားတာ (Vision) နဲ့ သူတို့ လုပ်ချင်တာ (Mission) ကို အတတ်နိုင်ဆုံး ချင့်ချိန် မြော်မြင် စဉ်းစား ဆုံးဖြတ်ပြီးမှ လက်ခံသင့်ပါတယ်။
အားနာစရာ မလိုပါ။
မျက်နှာသာပေး ရွှေရေးပန်းကန်တက်ပြီး အိမ်ဦးခန်းမှာ အကိုးကွယ်ခံလို ဖြစ်နေရင် အိမ်သူအိမ်သားတွေရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါ။
ကိုယ်က အားနာရင် ခါးပါသွားတတ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးမှုကို အမှန်တကယ် လိုချင်ရင် ကိုယ်ပိုင် မိသားစုလို သဘောထားနိုင်တာ အကောင်းဆုံးပါပဲ။
လွင်အောင်စိုး
၂-၁ဝ-၂ဝ၁၂
No comments:
Post a Comment