by Phio Thiha on Sunday, September 30, 2012 at 4:59am ·
၉နာရီ ထိုးပြီဆိုတော့ စလိုက်တော့မယ်နော်၊ လူလည်းစုံပြီမဟုတ်လား
စီမံခန့်ခွဲမှုစာအုပ်တွေမှာ ပါတဲ့ ILOC နဲ့ ELOC ဆိုတဲ့ အသုံးအနှုန်းတွေကို သိတဲ့သူများ ရှိပါသလား
အားလုံး ပြိုင်တူလိုလို ခေါင်းခါလိုက်ကြသည်။
ဟုတ်ပြီ၊ ဒါဆို ဒီတစ်ပတ် ကျွန်တော်ပြောမဲ့ အကြောင်းအရာက အဲဒါပဲ၊ ရေခံမြေခံ လို့ ခေါင်းစဉ်လေး ပေးထားတယ်။
ILOC ဆိုတာကတော့ Internal Locus Of Control ကို ဆိုလိုတာ၊ Internal ဆိုတာက အတွင်း၊ Locus ဆိုတာက နေရာ၊ Control ကတော့ ထိန်းချူပ်တာ၊ ဆီလျော်အောင် ခြုံပြီး ဘာသာပြန်ရရင်တော့ အတွင်းကနေ ထိန်းချူပ်ခြင်းပေါ့၊ ELOC ဆိုတာကတော့ External Locus of control၊ ပြင်ပအရာတခုခုကနေ လာရောက်ထိန်းချူပ်တာ၊ လွှမ်းမိုးတာကို ခေါ်တာ။
အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့အတွက် သူ့တခုတည်း ဒေါင်ဒေါင်မြည်နေရုံနဲ့ မရဘူး၊ သူနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ၊ သူ့ကို ပံ့ပိုးကူညီပေးနေတဲ့သူတွေ၊ သူ့ရဲ့ ပြိုင်ဘက်တွေ၊ နောက် နေရာဒေသ၊ အချိန်ကာလ စသဖြင့် ပြင်ပက အရာတွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်ဖို့လိုတယ်။ ဒါမှပဲ အဲဒီအဖွဲ့အစည်းဟာ အောင်မြင်မှု ရရှိနိုင်မယ်။ ဟုတ်ပြီ၊ ထားတော့၊ ဒါက တစ်ပိုင်း၊ ခု လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြောပြမယ်။
အမေရိကန်လို နိုင်ငံမျိုးမှာ မွေးဖွါးကြီးပြင်းပြီး အလုပ်လုပ်ကိုင်နေတဲ့ လူတစ်ယောက်ကို သွားမေးကြည့်ပါ၊ လူတစ်ယောက် အောင်မြင်ဖို့အတွက် ဘာတွေများလိုအပ်ပါမလဲ လို့။ သူက ပြန်ဖြေလိမ့်မယ်၊ ကျွန်တော် ပညာကြိုးစားတယ်၊ အလုပ်ကြိုးစားတယ်၊ ဒါကြောင့် အောင်မြင်တယ်၊ ကျွန်တော် အလုပ်မလုပ်တဲ့နေ့၊ ပညာနည်းတဲ့နေ့ ကျွန်တော် ကျရှုံးမယ်၊ ဒီလိုပဲ ပြန်ဖြေလိမ့်မယ်၊ ဒါပဲ သူတို့အတွက် အောင်မြင်ဖို့ လိုအပ်ချက်က ရှင်းရှင်းလေးပဲ။
ဟုတ်ပြီ၊ အဲလို စကားမျိုးကို စစ်ဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ၊ ရိုဟင်ဂျာအရေးကြောင့် ဒုက္ခရောက်နေကြရတဲ့ ရခိုင်က ပြည်သူတွေ၊ မိဘက ငွေကြေးအဆင်မပြေလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက် အလုပ်လုပ်နေကြရတဲ့ ကလေးလေးတွေ၊ နောက် ခု အရမ်း Hot ဖြစ်နေတဲ့ လယ်မြေသိမ်းခံ လယ်သမားတွေ၊ သူတို့တွေကို ခုနက စကားမျိုး သွားပြောကြည့်ပါလား၊ ခင်ဗျားတို့ ကြိုးစားကြဗျာ၊ ပညာတွေ တတ်အောင် သင်ကြ၊ ဒါမှ ခင်ဗျားတို့တွေ အောင်မြင်မှာ၊ ကောင်းစားမှာ လို့ ပြောကြည့်လိုက်၊ သူတို့က ပြန်ပြောမှာပေါ့၊ ပြောတာမှ ခံစားချက်အပြည့်နဲ့ မျက်ရည်တွေအ၀ဲလိုက်နဲ့ကို နင့်နင့်သီးသီး ပြန်ပြောမှာ၊
"ကျွန်တော်တို့တွေ ပညာသင်ဖို့ ဘယ်မှာလဲ စာသင်ကျောင်း၊ ဘယ်မှာလဲ ပိုက်ဆံ၊ အလုပ်လုပ်ဖို့ ဘယ်မှာလဲ အခွင့်အလမ်း၊ ဘယ်မှာလဲ တရားဥပဒေ စိုးမိုးမှု၊ ဘယ်မှာလဲ ငြိမ်းချမ်းမှု။"
ဟုတ်တယ်နော်၊ ကျွန်တော်တို့တွေကတော့ မိဘရဲ့ အရိပ်အာဝါသအောက်မှာ အေးအေးချမ်းချမ်းနဲ့ စာတွေသင်၊ ပညာတွေတတ်၊ အမြင်တွေကျယ်လို့ ပညာခေတ် ပညာခေတ်နဲ့ အော်နေနိုင်ပေမဲ့ သူတို့တွေကတော့ ပညာခေတ်ကို အသာထားဦး၊ အပြင်မှာဖြစ်နေတဲ့ စစ်ထဲ အသက်တွေ ပါမသွားဖို့ အဓိကဖြစ်နေတယ်လေ။
ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်လုပ်နေကြရတဲ့ ကလေးတွေကိုရော ဘယ်လိုလုပ် ပညာရဲ့တန်ဖိုးအကြောင်း သွားပြောပြရမလဲ၊ ပညာဆိုတဲ့အမျိုးက ရက်ပိုင်းအတွင်း၊ ကာလတိုလေးအတွင်းမှာ အစွမ်းပြတတ်တဲ့ အရာမျိုး မဟုတ်ဘူးမလား၊ နှစ်ပေါင်းများစွာ ကြာမှ သိသိသာသာ အစွမ်းပြလာတတ်တဲ့ ဆေးတစ်မျိုးဆိုတော့ ခုလတ်တလော အရေးပေါ် ဖြစ်နေတဲ့ နေရေး စားရေး ရောဂါအတွက်က အဆင်မပြေနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လေ။ သူတို့အနေနဲ့ ပညာရဲ့တန်ဖိုးကို မြင်နိုင်ဖို့က ပြောသလောက် မလွယ်ဘူး။
ဟုတ်ပါပြီ၊ သူတို့တွေကို အသာထားလိုက်ဦး၊ အေးအေးချမ်းချမ်း သာသာယာယာ နေနေကြရတဲ့ ကျွန်တော်တို့ကိုယ်တိုင်ကိုပဲ တစ်ခါလှည့်စဉ်းစားကြည့်ကြစို့။ ခုနက အမေရိကန်လို နိုင်ငံမျိုး၊ ဖွံ့ဖြိုးပြီးနိုင်ငံမျိုးမှာ မွေးဖွါးကြီးပြင်းလာရတဲ့ လူတစ်ယောက်နဲ့ မြန်မာပြည်က ကျွန်တော်တို့တွေနဲ့ အမြင်ချင်း၊ ခံယူချက်ချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုချင်း တူနိုင်ပါ့မလား၊ မတူနိုင်ဘူးနော်၊ ဝေးဝေးမကြည့်ပါနဲ့ဦး၊ အင်တာနက် သုံးတာကိုပဲ ကြည့်၊ သူများနိုင်ငံတွေမှာ အင်တာနက် (၁)နာရီ သုံးလို့ ရလာတဲ့ သတင်အချက်အလက် ပမာဏကို ရဖို့ ကျွန်တော်တို့တွေက (၃)နာရီလောက် အချိန်ပေးကြရတယ်။ ကွန်နက်ရှင်ချင်းက မတူဘူးလေ။ အင်္ဂလန်မှာ လူလာဖြစ်တဲ့သူနဲ့ မြန်မာပြည်မှာ လူလာဖြစ်တဲ့သူ ဘယ်သူက ကမ္ဘာကျော် ဘောလုံးသမားဖြစ်ဖို့ ပိုလွယ်ကူမလဲ၊ စဉ်းစားကြည့်နော်။ နောက်ဆုံးကုန်ကုန် ပြောရရင် ခု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနေတဲ့ ကမ္ဘာ့အဆင့်အတန်းမီ အရည်အသွေးတွေ ဆိုတာမှာလည်း သူကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု၊ သတ္တိ၊ စိတ်ပိုင်းဖြတ်မှုတွေအပြင် နိုင်ငံခြားမှာ ကြီးပြင်းခဲ့တာ၊ တက္ကသိုလ်တက်ခဲ့ရတာ၊ ကာလအတန်ကြာ နေထိုင်အခြေချခဲ့ဖူးတာ၊ ဒါတွေကိုလည်း မေ့ထားလို့တော့ မရဘူး။
ခဏ ဆရာ၊ လူဆိုတာ မိမိကိုယ်သာ ကိုးကွယ်ရာ၏ လို့တောင် ဘုရားဟော ရှိသေးတယ်မဟုတ်လား၊ လူက အဓိကပဲလေ၊ ဒီလိုတွေ ပတ်ဝန်းကျင်ကို လိုက်လက်ညှိုးထိုးနေလို့ ဘယ်ဖြစ်မလဲ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ၊ ဗိုလ်ချူပ်အောင်ဆန်းက နတ်မောက်ကလေ၊ ဘယ်နိုင်ငံခြားမှာမှလည်း မမွေးဘူး၊ ကြီးလည်းမကြီးပြင်းဘူး၊ သူဆိုလည်း တော်လိုက်တာမှ ပြောမနေနဲ့၊ နောက် သမီးတို့ ဖျာပုံက ဆရာဇော်ဂျီဆိုရင်ရော၊ သူဆိုလည်း ဖျာပုံသားစစ်စစ်ကြီးလေ။
ဟုတ်ပြီ၊ ဒီလိုလေး ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောတော့ စကားဝိုင်းပုံစံလေး စိုစိုပြေပြေ ဖြစ်သွားတာပေါ့၊ ကျေးဇူး မရွှေစင်၊ ဟုတ်ပြီ ကျွန်တော် ပြန်ဆွေးနွေးတော့မယ်နော်။
အိုကေ၊ ကျွန်တော် ခုပြောခဲ့တာတွေက ဘုရားဟောကို ဆန့်ကျင်တာလည်း မဟုတ်ဘူး၊ အောင်မြင်ဖို့အတွက် နေရာတကာ အထောက်အပံ့ရှာ၊ အမှီရှာခိုင်းနေတာလည်း မဟုတ်ဘူး၊ စိတ်ဓါတ်ကျဖို့လည်း မဟုတ်ဘူး၊ တောမှာ မွေးတိုင်း မအောင်မြင်နိုင်တော့ဘူးလို့ ပြောနေတာလည်း မဟုတ်ဘူး။ ဗိုလ်ချူပ်အောင်ဆန်းတို့လို တောမြို့လေးတွေကနေ ကမ္ဘာကျော်သွားတဲံသူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးပါပဲ။ ခုလက်ရှိ ကချင်စစ်ဘေးဒုက္ခသည်ကလေးငယ်တွေ၊ လူငယ်တွေထဲကနေရော တစ်ချိန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာတွေ၊ နိုဘယ်ဆုရှင်တွေ ထွက်ပေါ်မလာနိုင်ဘူးလို့ ဘယ်သူက ကံသေကံမ ပြောနိုင်မှာလဲ၊ ရှိလာနိုင်တာပေါ့၊ သူတို့က စစ်မက်ရဲ့ ဒုက္ခတွေကို ကိုယ်တွေ့ခံစားဖူးသူတွေကိုး။ ကျွန်တော်တို့တွေ ဒီကနေ ဘယ်လောက်ပဲ ကိုယ်ချင်းစာပါတယ်ပြောပြော၊ ခံစားရပါတယ်ပြောပြော ကာယကံရှင်တွေဖြစ်တဲ့ သူတို့တွေရဲ့ ခံစားချက်ကိုတော့ ဘယ်မီနိုင်မလဲ၊ ဟုတ်တယ်နော်။ ကျွန်တော်ပြောချင်တာက တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ပြောတာ မဟုတ်ဘူး၊ တစ်တိုင်းပြည်လုံးအနေနဲ့ စဉ်းစားစေချင်တာ။
နောက် နတ်မောက်သား ဗိုလ်ချူပ်အောင်ဆန်း၊ ပန်းတနော်သား ဦးသန့်၊ ဖျာပုံသား ဆရာဇော်ဂျီ၊ သူတို့တွေဟာ ခုနကလို တောမြို့တွေမှာ မွေးဖွါးကြီးပြင်းလာရတာ ဆိုပေမဲ့ သူတို့ဘေးမှာ စာအုပ်တွေ ရှိတယ်၊ ပညာကို လိုလားတဲ့ အသိုင်းအ၀ိုင်း ရှိတယ်။ ဒါကြောင့် လူတစ်ယောက် အောင်မြင်ဖို့ ဘာမှမရှိဘူးဆိုတောင် အနည်းဆုံး စာအုပ်တွေတော့ ရှိဖို့လိုတယ်၊ စာဖတ်ခြင်းကို အားပေးတဲ့၊ အားလည်းအားပေးနိုင်တဲ့ အသိုင်းအ၀ိုင်း ရှိဖို့လိုတယ်။ ခေတ်မီနည်းပညာတွေ မရှိလည်း အဲဒီစာအုပ်တွေကတစ်ဆင့် သူ့ဟာသူ အရောက်သွားလိမ့်မယ်၊ ငွေကြေးကြွယ်ဝမှုတွေဆီကိုလည်း အဲဒီပညာကတစ်ဆင့်ပဲ အရောက်သွားလို့ ရနိုင်တယ်။ အဲဒီတော့ တိုင်းပြည်တိုးတက်ဖို့ အနည်းဆုံး စာအုပ်တွေတော့ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိရလိမ့်မယ်။ ဒါက တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ပြောလိုက်တာ။
ခုခေတ်ကို Globalization Age လို့ ခေါ်ကြတယ်။ ဆိုလိုတာက ကမ္ဘာကြီးက ရွာကြီးသဖွယ် ဖြစ်လာပြီ၊ အရင်လို ကိုယ့်အချင်းချင်းပဲ ပြိုင်နေလို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံးနဲ့ ပြိုင်ရတော့မယ်။ ခု ကျွန်တော်တို့ ဆရာဝန်တွေ၊ နိုင်ငံခြားထွက်ကြမဲ့သူတွေ ရှိတယ်၊ ဒီမှာပဲ လုပ်မယ်ဆိုတဲ့သူတွေ ရှိတယ်။ ခု နိုင်ငံရေးက ပွင့်လင်းလာတော့ နိုင်ငံခြား အကူအညီတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ၀င်လာကြပြီ၊ သူတို့နဲ့အတူ ပြိုင်ဆိုင်မှုတွေပါ ၀င်လာကြတော့မယ်။ အဲဒီအခါ ဒီဆရာဝန်ကတော့ မြန်မာမို့လို့ ဒီရောဂါကို မသိလည်း မကုတတ်လည်း ကိစ္စမရှိဘူး၊ သူကြောင့် လူနာသေသွားလည်း ခွင့်လွှတ်တယ် ဆိုတာမျိုးတွေ ရှိမှာမဟုတ်ဘူး။ မြန်မာပဲဖြစ်ဖြစ်၊ ကိုရီးယားပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ် အားလုံးသည် အတူတူပဲ၊ အားလုံးသည် ပြင်ညီကွင်းပေါ်မှာပဲ စံနှုန်းတစ်ခုတည်းနဲ့ ပြိုင်ကြဆိုင်ကြရမှာပဲ၊ ဘယ်သူ့ ဘယ်သူကိုမှ အကျောပေးတယ် ဆိုတာမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ရေခံမြေခံကောင်းမှာ ပေါက်ဖွါးရှင်သန်ခဲ့ရသူတွေ မဟုတ်တော့ ပြိုင်ပွဲမ၀င်ခင်ကတည်းက သူများနောက် ရောက်နှင့်နေပြီဆိုတာ သဘောပေါက်ထားရမယ်။ ဒါလေးကို Alert လုပ်ချင်တာပါ။ အဲဒီတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြရမလဲ။
စားပွဲပေါ် အဆင်သင့်တင်ထားတဲ့ ဆရာမ ဂျူး ရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ၀တ္ထုစာအုပ်ကျောဖုံးက စာလေးကို ဖတ်ပြလိုက်သည်၊
"လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်၊ Rich environment လို့ ခေါ်တာပေါ့၊ ဘ၀အောင်မြင်မှုအတွက် အရေးကြီးတဲ့ အရာတွေပေါ့၊ စာအုပ်တွေ လိုမယ်၊ ခေတ်ကိုအမီလိုက်ဖို့ သင့်တင့်တဲ့ နည်းပညာတွေ လိုမယ်၊ ပညာကို ကိုယ့်ကို လက်ဆင့်ကမ်းနိုင်မယ့် လူတွေလိုမယ်။ အဲဒီပတ်ဝန်းကျင်ဆိုတာက တချို့အတွက် အလိုအလျောက် ရှိနေပြီး တချို့အတွက်တော့ ကိုယ်တိုင်အားထုတ်ဖန်တီးမှ ရတယ်။ ပညာက ကိုယ့်အနားကို မလာရင် ကိုယ်က ပညာဆီ သွားရမှာပဲ။"
ဟုတ်တယ်၊ လုပ်ရမှာကတော့ ပညာက ကိုယ့်ဆီမလာရင် ကိုယ်က ပညာဆီ မရောက်ရောက်အောင် သွားကြရမှာပဲ၊ ဒါပဲ ဒီ့အပြင် တခြားနည်းလမ်း မရှိဘူး။
ဟုတ်ပြီ၊ ဒါဆို နောက်ဆုံးအနေနဲ့ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်ရဲ့ စကားလေးတစ်ခွန်းကို ပြောပြမယ်
"မွေးဖွါးလာတဲ့ အချိန်မှာ ဆင်းရဲနေတာဟာ မင်းအပြစ် မဟုတ်ဘူး၊ သေဆုံးတော့မယ့်အချိန်မှာ ဆင်းရဲနေရင်တော့ အဲဒါ မင်းအပြစ်ပဲ" တဲ့။
သိပ်ကောင်းတဲ့ စကားလေးနော်၊ ဟုတ်ပြီ၊ သူ့စကားလေးနဲ့ ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးကို ချိတ်ဆက်ကြည့်လိုက်ရအောင်။
ဆင်းရဲတဲ့တိုင်းပြည်၊ မဖွံ့ဖြိုးသေးတဲ့တိုင်းပြည်မှာ လူလာဖြစ်ရတာ ကျွန်တော်တို့တွေရဲ့ အပြစ်လား၊ မဟုတ်ဘူးနော်၊ ကျွန်တော်တို့အပြစ် မဟုတ်ဘူး။ အဲဒီအတွက်လည်း သိမ်ငယ်စရာ မရှိသလို ရှက်နေ၊ အားငယ်နေစရာလည်း မလိုဘူး။ အဲ ဒါပေမဲ့ ကျွန်တော်တို့တွေ သေဆုံးသွားတဲ့အခါ ခုလိုပဲ ဆင်းရဲတဲ့တိုင်းပြည်၊ LDC စာရင်းဝင် တိုင်းပြည်၊ ပဋိပက္ခပေါင်း မြောက်များစွာနဲ့ တိုင်းပြည်မျိုးကိုပဲ ဆက်လက်ချန်ထားခဲ့ကြဦးမယ်ဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အပြစ်ဖြစ်သွားပြီနော်၊ သိပ်လည်း ရှက်စရာကောင်းသွားပြီ။ အဲဒါလေးကို စွဲစွဲမြဲမြဲ မှတ်ထားပေးစေချင်တယ်။ ဘယ်သူကမှ မတင်တဲ့ အဲဒီအပြစ်၊ ဘယ်သူကမှ အရေးမယူ ထောင်မချတဲ့ အဲဒီအပြစ်ကို ကျွန်တော်တို့တွေအားလုံး ရှောင်လွှဲနိုင်ဖို့ ရှက်စိတ်အပြည့်နဲ့ ကြိုးစားသွားကြဖို့တော့ လိုအပ်နေပါပြီနော်။
No comments:
Post a Comment