Sunday, September 30, 2012

ဓူဝံကြယ်ပုံပြင်


by ရင် နင့် အောင် on Sunday, September 30, 2012 at 9:49pm 


ဆန်ပြုတ်သောက်ရင်း ငရုတ်သီးမစားတတ်တဲ့
ရိုးရှင်းလှတဲ့ ကျွန်တော့်မေမေ
မေမေဟာ ဖြူစင်မှုရဲ့ အရှင်သခင်
အလင်းရောင်တို့ရဲ့ တမန်တော်ပဲ....။


နှင်းတိမ်ထုတို့ စိုစွတ်ခဲ့တဲ့တစ်နေ့
ကျွန်တော်နဲ့မေမေဟာ ခရီးအလွတ်တစ်လုံးကိုလွယ်
ကောင်းကင်လမ်းဝယ် ကူးခတ်ခဲ့ကြ
မေမေ့ဆိုတေး .. အို့အို.. အို... အေးမှာ ကျွန်တော်ပျော်မွှေ့
မေမေက ပြောတယ်
ထင်းချောင်းတွေအစား မီးသွေးကိုသုံး.....    သား
မီးသွေးတွေအစား .. လျှပ်စစ်ကို သုံး....    သား
လျှပ်စစ်တွေအစား.. မျှော်လင့်ချက်တွေသုံး....    သား..
မေမေဟာ တစ်ဘူတာပြီး တစ်ဘူတာ ကိုယ့်အားကိုယ်ကိုးပြီး ခုတ်မောင်းခဲ့
မေမေ့လက်ဖ၀ါး.. တစ်ချက်တစ်ချက်ဖြန့်တိုင်း
ကမ္ဘာ့ဥယျာဉ်တော်တွေ ကမန်းကတန်း ထပွင့်ကြ
ဒါပေမယ့် .. မေမေ့စကားလုံးတွေတော့ အမြဲမလှခဲ့ဘူး။

ကျွန်တော့်ခြေဖ၀ါးနုနုနဲ့ မေမေတွဲခေါ်ခဲ့တဲ့ လမ်းများ
ခရီးတွေ အထပ်လိုက် ဖြန့်ကား
သား.. လမ်းလျှောက်တယ်ဆိုတာ လိုရာကို ရောက်ဖို့ပဲ
ဒါပေမယ့် လိုရာကို မရောက်လည်း တစ်ခါတစ်ခါ လျှောက်ကြရတာပဲ
မေမေ့စကား.. ကျွန်တော့်အကြားတစ်ခုမှာ .. လမ်းမများ မဖြောင့်ဖြူးခဲ့
တိတ်ဆိတ်မှုတွေကြား ကျွန်တော် အော်ဟစ်
ဒဏ်ရာအသစ်တွေကို ကြိုဆိုရင်းပဲ... ရဲဗဒေါင်းခတ်ခဲ့တဲ့ မေမေ့နွေရာသီ
စိန်ပန်းပင်.. ရွက်လှပန်း.. မေမေပျိုးခဲ့သမျှ
ကမ္ဘာမြေ ထွန်းတောက် လောက်ငှအောင် မစွမ်းသာခဲ့ဘူး။

ဝလုံးတွေကို ရေးတုန်းက မေမေက ပြောတယ်
သား... ၀လုံးဆိုတာ ရေးဖို့မဟုတ်ဘူး
ဝလုံးဆိုတာ စိုက်ပျိုးရမှာ.. အဲဒီအခါ..
သားရဲ့ အဖူးအပွင့်တွေကို နောင်လာနောက်သားတွေ စားသောက်ကြလိမ့်မယ်
ပန်းစံပါယ်ရုံ.. ရေသွန်းလောင်းနေတဲ့ မေမေဥယျာဉ်မှူး
ကျွန်တော့်အတွက် ထူးခဲ့တယ်..။

မေမေရင်းထားတာ သူ့ရဲ့ နုနယ်ပျိုမြစ်မှုတွေ
ဂန္ဓ၀င်ကျောက်စာထက် .. သူ့မာနကို ရေးခြစ်
ကျွန်တော့်အတ္တတွေ .. စစ်တစ်ခုအတွက် အတိမ်အနက်
အသွားအလာမဲ့တဲ့ လွတ်လပ်မှုမျိုးနဲ့ ကျွန်တော် မှောင်ချင်လာခဲ့တယ်
ပန်းပျိုးတိုင်း ဥယျာဉ်မှူးမဟုတ်ဘူးဆိုပေမယ့်
ဥယျာဉ်မှူးတိုင်း ပန်းပျိုးကြရတယ် မေမေ..
ကျွန်တော့်စကားမှာ မေမေက မဲ့ပြုံးတစ်ခုနဲ့
ကောင်းကင်ပေါ်က ဓူဝံကြယ်ကို ခူးပြီး ကျွန်တော့်ကို လှမ်းပေးတယ်
ဓူဝံကြယ်ဟာ .. မင်းလက်ထဲရောက်သွားတာနဲ့ လမ်းမပြနိုင်တော့ဘူး သား
လက်ဖ၀ါးပေါ်က ကြယ်ကို ခပ်မြန်မြန် ကောင်းကင်ပေါ် ပြန်လွှတ်တင်
ကိုယ်ခူးသမျှပန်း .. နောက်ဆုံးနွမ်းရတာချည်း.. ဘာကိုမှ ကျွန်တော် မခူးချင်တော့။

အိပ်မက်တစ်ပိုဒ်ကို ခြေအိတ်စွပ်ရင်း .. ကိုယ့်အတ္တနဲ့ကိုယ် ဖိနပ်စီး
ကျွန်တ်ာဟာ အဝေးကို ထွက်သွားခဲ့မိတယ်
အက္ခရာအစအနတွေ သွေးထွက်ခဲ့
တိမ်တွေမည်းပြီး မိုးညစ်တွေရွာခဲ့ကြ
မေမေအိမ်ခေါင်မိုး... မိုးတော့ သိပ်မလုံဘူးဆိုတာ ကျွန်တော်မေ့ရင်း
မိုးကာတစ်ထည် ပြေးဝယ်မိတဲ့နေ့
မိုးမိလိပ်ပြာတစ်ကောင်လိုပါပဲ .. ကျွန်တော် ချမ်းတုန်.. နွမ်းလျနေခဲ့
ကမ္ဘာမြေပြင်ရဲ့ ညတာတွေတိုင်း အစိတ်အပိုင်းလိုက် ပြိုကွဲခဲ့ကြ
ပန်းနွယ်ရုံတစ်ခုမှာ တွယ်ငြိမိတဲ့ လူသား ...
မေမေစကားထဲက ဓူဝံကြယ်ကို အပြေးရှာပေမယ့်
တိမ်မည်းညစ်တို့ ကွယ်ဖုံး.. အတုံးအရုံး ကျွန်တော် ကျရှုံးခဲ့ရတယ်။

သား... ရွေးစရာမရှိတော့ဘူးဆိုတဲ့အချိန်မျိုး သားမှာ မရှိနိုင်ဘူး
သားဟာ ကိုယ့်အားကိုယ်ကိုးတတ်တယ်
ခရေပန်းတွေနဲ့ အဆိပ်သွေးလည်း ဖေါ်စပ်ခဲ့
မေမေ့ကို ပစ်ပယ် .. သားရွေးချယ်မှုတိုင်း သားအတွက်မှန်နေခဲ့
သား.. သားဟာ ကမ္ဘာကို အမြစ်တူး.. စင်္ကြာဝဠာထဲ လွင့်ပစ်နိုင်တဲ့သူ
သားအတွက် လမ်းဆုံးဆိုတာလည်း တစ်ခါမှ မတွေ့ခဲ့သေးဘူး
သားပျိုးခဲ့သမျှ ၀လုံးတိုင်းအတွက် ... ဘုရားရှင်ကို သတိရပါ
သားစိုက်ခဲ့သမျှ သချာင်္ဂဏန်းများအတွက်တော့ သားချစ်သူကို သတိရပါ
မေမေဟာ .. သားလိုပဲ .. ကိုယ့်ခြေနဲ့ကိုယ် ဆုံးချင်တဲ့သူ..။

ဒီအမေနဲ့ ဒီသား..
စကားသံတိတ်ဆိတ် ... အဝေးအလွမ်းတွေ မီးပိတ်ခဲ့ရင်း
ကျွန်တော် ခေါင်းညိမ့်မိတဲ့ လောကအရသာများ
မျက်နှာလွဲငြင်းဆန်မိတဲ့ ဟောင်းနွမ်းနေတဲ့ ဆိုရိုးများ
မာနပင်တွေ တဖြန်းဖြန်းတောက်လောင်
ကျွန်တော်ဟာ ကိုယ့်အမြစ်ထဲမှာကိုယ် ပြန်မပေါက်မိတဲ့
ကမ္ဘာမြေအတွက် မလိုအပ်တဲ့ အပင်ပါပဲ မေမေ...။

အဆိုးဆုံးတွေနဲ့ ရွာရိုးကိုးပေါက် လျှောက်ခဲ့တဲ့ နေ့တွေပါပဲ
တစ်သွေးတစ်သံတစ်မိန့်တွေက ကျွန်တော့်ကို မြေသြဇာအတုတွေပေးတယ်
ကျွန်တော်ပြိုလဲလိုက် သူတို့ပြိုလဲလိုက်
ရောင်နီချင်း မှားယွင်း.. မိုးလင်းနေရတဲ့ မနက်ခင်းတွေကို စုတ်ဖြဲပစ်လိုက်ချိန်
ကျွန်တော့်မေမေဟာ သံသရာတစ်ခက်ကိုချိုးရင်း
အလင်းပွင့်တွေ လှိုင်လှိုင်ဝေနေလိမ့်မယ်
အဲဒီအခါ ကျွန်တော့်ဟာ အမှောင်ထုရဲ့ အနက်ရောင်ဝင်္ကပါထဲ
ကိုယ်ဆွဲမိနေတဲ့ အနာဂတ် .. ဆေးရောင်မစုံ.. အလင်းမစုံခဲ့ရ
လွတ်ချမိလိုက်တဲ့ မေမေပေးတဲ့ ဓူဝံကြယ်များ အရပ်မျက်နှာတိုင်း ဝေဆာကြပါစေ
မေမေ့သံသရာတို့ တစ်စ.. တစ်စ.. တိုပါစေ..
မေမေ ... မေမေ့ဆုတောင်း... လဲလျောင်းရာ .. မြေသားတိုင်း..
နောက်ကျောလုံတဲ့ သမိုင်းထုတို့ .. ထွန်းလင်းရှင်းတောက် ကျန်ခဲ့ပါစေ မေမေ
ဓူဝံကြယ်ကို ကြည့်မိတဲ့ည .. ကျွန်တော် ဦးချ ... မာနတွေ ပစ်ချရင်းဖြင့်။

ရင်နင့်အောင်

No comments:

Post a Comment