Tuesday, October 30, 2012

ဖောင်တိန်လေးကိုထားခဲ့တယ် ဆယ်လ်ဗီယာ




ဆယ်လ်ဗီယာ မင်းရုပ်ရှင်ကို ငါကြည့်ရတယ်
ဂွင်းနက်ပက်ထရိုရဲ့ သရုပ်ဆောင်ချက်ဟာ
ငါ့ရင်ကို အရှိန်ပြင်းပြင်းနဲ့ လောင်မြိုက်စေခဲ့တယ်။
ဆယ်လ်ဗီယာ မင်းကဗျာကို ငါ ဖတ်ဖူးရတယ်
ဇေယျာလင်းရဲ့ ဘာသာပြန်ချက်ဟာ
ငါ့အသည်းနုလုံးကို တစ်စဆီကြေမွစေခဲ့တယ်။

အောက်တိုဘာ၂၉ တနင်္လာနေ့က
ဟက်ဒင်းဘဂစ်ဂ်ျက မင်းအုပ်ဂူရှိရာ
သုင်္သာန်ကို ငါရောက်ခဲ့တယ်.

တောင်ကုန်းမြင့် ဆင်ခြေလျှောက
မင်းအုပ်ဂူဟာ မင်းဘ၀လိုပဲ
ပကာသနကင်းကင်းနဲ့
သိမ်သိမ်ငယ်ငယ်နဲ့။

အေးစက် နှင်းစိုစိုရွှဲရွှဲအောက်က
မင်းရဲ့အုတ်ဂူအောက်ဟာ
အထီးကျန်စွာ လွမ်းဖွယ်ဖန်လို့

မင်းကလေးနှစ်ယောက်ကို မင်းထားခဲ့ရတာ
မင်းရင်နာမှာပေါ့
မင်းချစ်တဲ့ကဗျာကိုမင်းထားခဲ့ရတာ
မင်းရင်နာမှာပေါ့။

အဆင်မပြေသူတွေ အားလုံးရဲ့
ကြေကွဲမှုအလုံးစုံကို
မင်းတာဝန်ယူဖို့
လေသန့်သန့်ကို မင်းငြင်းပယ်ခဲ့တယ်။

ဗါဂျီးနီးယားဝုဖ်က ရေ..
မင်းက..လေ
ဟဲလ်မင်းဝေးက သေနတ်
မီရှီမားက ဓါး
တို့မှာရွေးချယ်စရာ
ဒါပဲရှိခဲ့လေသလား…

တစ်နေ့က မင်းအသက်(၈၀)ပြည့်မွေးနေ့
မင်းအုတ်ဂူပေါ်မှာ
မင်းကို သတိရ လွမ်းဆွတ်သူတစ်ချို့
ချ သွားတဲ့ ပန်းစည်းတွေ တွေ့ရတယ်။

အိန္ဒြာက ပန်းအိုးလေးတစ်အိုး
မင်းအုတ်ဂူပေါ်ချတယ်
မင်းအကြောင်းရေးထားတဲ့ ၀င်းမြင့်ကဗျာရွတ်တယ်
ကိုခင်အောင်အေး မင်းရေးခဲ့တဲ့
Ariel ဆိုတဲ့ကဗျာရွတ်တယ်
သူတို့နှစ်ယောက်စလုံးမှာ
မျက်ရည်ကိုယ်စီနဲ့..

ခွင့်လွှတ်ပါ ဆယ်လ်ဗီယာ
မင်းအတွက်
ငါ့မှာ ပန်းစည်းပါမလာဘူး
ငါ့မှာ ကဗျာပါမလာဘူး..

မင်းအတွက် အမှတ်တရ စကားနည်းနည်းပြောတယ်
သံသရာတစ်လျှောက်လုံး
ကဗျာဆရာမဖြစ်ချင်တဲ့
မင်းရဲ့ အုတ်ဂူပေါ်မှာ
ငါ ဖောင်တိန်လေးတစ်ချောင်းထားခဲ့တယ် ဆယ်လ်ဗီယာ
မင်းကျေနပ်လိမ့်မယ် ထင်ပါတယ်..။

သစ္စာနီ

ခေတ္တ ဟက်ဒင်းဘရစ်ဂ်ျ
အင်္ဂလန်

No comments:

Post a Comment