Sunday, September 23, 2012

" ဂျစ် "


by Sat Paing on Sunday, March 4, 2012 at 9:15pm 

                                                                                                     
ငါတို့ဟာရွှေ့ပြောင်း အချစ်သမားတွေ ဖြစ်ခဲ့ကြတာလား

မမြင်ချင်ယောင်ဆောင်တတ်တဲ့ အရသာဟာ ဘုရားသခင်အလိုတော်နဲ့
ဆန့်ကျင်တယ်၊အဲ့ဒီညဟာ အ၀ါရောင်ရစ်သမ်တွေနဲ့ လွှမ်းခြုံထားခြင်းခံရ
ပြီးတော့ အရမ်းတိတ်ဆိတ်နေ၊အဆုံးထိ တွေးပစ်လိုက်မယ်ဆိုရင်

ငါတို့ စိတ်ပူထားတာတွေ အားလုံး အလကားဖြစ်သွားလိမ့်မယ်၊
လာ . . .ဂျစ်   နင့်ကို ခြေသည်း လက်သည်း ညှပ်ပေးရမယ်၊

အမှန်တော့ ဘာမှမလိုတော့ပါဘူးလို့ တစ်ယောက်နဲ့တစ်ယောက်
မဖွယ်မရာ စကားတွေဆိုတယ်၊ငါတို့ဟာ ရွှေ့ပြောင်းအချစ်သမားတွေဖြစ်တယ်
ဖြစ်ပြီးသွားပြီဖြစ်တဲ့ လူနေမှုအဆင့်အတန်းတွေကို မေ့ပစ်ခဲ့ပါ၊
ဘာကြောင့် ၀မ်းနည်းကြတာလဲ ဘာမဆို ငါတို့နှစ်ယောက် လက်ခုပ်တီးတတ်အောင်
လေ့ကျင့်ကြမယ်၊ယေဘုယဆန်တဲ့ စွဲလန်းမှုဆိုတာ တကယ်မရှိဘူး ဂျစ်
တစ်ယောက်ကမ်းမဲ့လက်ကို တစ်ယောက်ပယ်ဖျက်ဖို့အတွက် ၀န်မလေးတဲ့သူပဲ ဖြစ်ချင်တယ်
ပြသနာပဲ ဂျစ် ငါတို့ကို လူတွေကြည့်နေတယ် နင့်ကိုငါ နမ်းလိုက်ရမလား ဘာအတွက်အရာရာကို
စူးစမ်းချင်တာလဲ ငါ့ကို လာလာမမေးနဲ့ ဂျစ် နင့်ကို မှောင်ခိုကူးပစ်ချင်လောက်အောင် ငါချစ်တာပါ
နင့်ကို အကြမ်းဖက်ချင်လောက်အောင် ချစ်တာပါ
မီးစာကုန်ခမ်းတဲ့အထိ နင့်အပေါ်တဏှာစိတ်ကစလို့ မရေတွက်နိုင်လောက်တဲ့ စိတ်တွေနဲ့....

လာ...ဂျစ်   ငါတို့တွေ နောက်တစ်နေရာကို ထပ်ရွှေ့ပြောင်းမယ် ဆုတောင်းတိုင်းပြည့်ခဲ့တဲ့အတွက်
ငါတို့ဟာ မိုးပေါ်မှာ ဘီယာတူတူထိုင်သောက်ဖြစ်မယ်၊ငါ့
ကို ရေချိုးပေးပါ
နင့်ကိုလဲ ရေချိုးပေးမယ် ငါတို့ဟာ ဘယ်အချိန်မဆို မသာတွေဖြစ်သွားနိုင်ရဲ့မဟုတ်လား
ခုလောလောဆည်တော့ မသာလောင်းလျာတွေပေါ့၊ရေချိုးခန်းထဲက နင့်တစ်ကိုယ်လုံးဟာ
သိမ်းကြုံးပွေ့ဖက်ချင်စရာပဲး)
 ငါပျော်ပါတယ်၊ လူမဆန်တဲ့ လူနေမှုတစ်ရပ်အောက်မှာ
နင့်ကိုချော့သိပ်မယ်။

သမရိုးကျဖြစ်စဉ်ထဲကနေ အသက်ရှူခြင်းနဲ့ စတင်ဖို့ကြိုးစားကြတယ်
အရေးကြီးတဲ့ အရာတွေကို အမှန်တရားလို့ မမြင်ပဲ
အရှိတရား။ေ၀၀ါးနေကြတာပဲ ။ ဒီသံသရာတစ်ခုလုံးဟာ
လက်ခုပ်ထဲက ရေဖြစ်ချင်တယ် သမရိုးကျဖြစ်စဉ်ဟာ
ကဆုန်ပေါက်ပြေးလွှားနေတဲ့ မြင်းထီးပဲ၊
အနောက်နိုင်ငံ ယဉ်ကျေးမှုကို လက်လှမ်းမမှီပဲ
အနောက်နိုင်ငံရဲ့ ကဗျာအမျိုးအစားဟာ လက်တွေ ဖြစ်နေတယ်
2012 ယဉ်ကျေးမှုမှာ အသံအားလုံး
ပြားသွားပြီ ကဗျာ။ အသိတရားရှိသွားပြီလို့ ထင်တဲ့လူတွေဟာ ကြမ်းခင်းတွေလိုပဲ
လူတကာရဲ့ နင်းချေခြင်းကို ခံရတယ်
ငါတို့ဟာ အမြဲတမ်း အကြမ်းဖက်သမားတွေ ဖြစ်ခဲ့ကြတယ်
ငါတို့ဟာ ကိုယ့်ကိုကိုယ် အကြမ်းဖက်ဖို့အတွက်
နိစ္စဓူဝ ရှင်သန်ကြတယ် 
တစ်ခုခုဆို လက်ခံလွယ်တာကနေစပြီး စတင် မှားယွင်းခဲ့ကြတယ်၊
ငါတို့ဟာ ပါဝါရိန်းဂျားတွေမဟုတ်ဘူး  ဂျစ်

ငါတို့တွေ ဘယ်လိုအရာကိုမှ အမြဲမကိုးကွယ်နိုင်ဘူး ဖြစ်ပြီး ပျက်သွားတဲ့ ဥပဒေကို ငါသဘောမကျဘူး
ဘုရားသခင်ကို ရိုသေချင်ယောင်ဆောင်နေတဲ့ လူတစ်စုကြားမှာ ငါတို့ ဘုရားသခင်ကို
မရိုသေပဲ နေရအောင်၊အခြေအနေဟာ ခံရခက်လာပြီမဟုတ်လား ဂျစ်သိတဲ့အရာတစ်ခုကို
ဂျစ် မြင်အောင် ဘယ်တော့မှ မလုပ်ဘူး။ငါက ဆေးလိပ်သောက်တယ်၊ငါတို့ဟာ ဘုရားသခင်မဖြစ်ချင်ကြဘူး
ငါတို့ဟာ ပြိတ္တာတွေ မဖြစ်ချင်ကြဘူး ငါတို့ဟာ ဘုရင်မဖြစ်ချင်ကြဘူး ဒါပေမဲ့ ငါတို့ဟာ ဘာမှမဖြစ်ချင်ကြဘူး။

နင့်မှာ နာမည်ကြီးပြည့်တန်ဆာ တစ်ယောက်လို အပေါ်ယံအလှမရှိဘူး နင့်မှာ သက်တန့်လို အရောင်အဆင်းမရှိဘူး
နင့်မှာ စတော်ဘယ်ရီသီးလို နီရဲနေတဲ့ နုတ်ခမ်းနှစ်လွှာမရှိဘူး ပြီးတော့ နင့်မှာ ဘာမှမရှိဘူး၊
ဂျစ်...ငါတို့တွေ တစ်ခုခုကိုဆုံးရှူံးကြမယ် ၊
အဲ့ဒီနေ့ဟာ "အ"ကာလ သန်းခေါင်ကျော် 2 နာရီပဲ။
စဉ်းစားစရာတွေ အရမ်းကြပ်လာတဲ့ 2012မှာ ငါတို့ခြောက်ကမ်းပါးပေါ်ကနေခုန်ချကြမယ်
ဝုန်း . . .ငါဟာ ဖန်ဆင်းခြင်းအတတ်ပညာ တတ်ကျွမ်းကျင်တဲ့ မှော်ဆရာတစ်ယောက်ဖြစ်တယ်
ငါတို့ဟာ ဗိုလ်ချုပ်ရုပ်ပုံတွေနဲ့ အသက်ရှင်နေကြတာမဟုတ်ဘူး ဂျစ်
ငါတို့ဟာ ဗိုလ်ချုပ်စိတ်ဓါတ်နဲ့ အသက်ရှင်ချင်ကြတာမဟုတ်လား။
ငါတို့ဟာ အိပ်စုံမှူံဝါးနဲ့ လမ်းလျှောက်တတ်တဲ့ လူတစ်စုပဲ

ဘာမဆို တော်လှန်မယ်ဆိုလဲ အဆင်မပြေဘူး၊
ဘယ်တော့မှ ဘယ်သူကမှ ငါတို့အတွက် သူရဲကောင်းမဖြစ်ခဲ့ကြဘူး

1970 လွန်ကဗျာတွေကနေစပြီး2010 လွန်ကဗျာတွေဖြစ်လာပြီ
အားလုံးသေပြီ။လူပါးတွေဝလာပြီ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြချင်ယောင်ဆောင်တတ်လာပြီ
ကဗျာအကြောင်း နကန်းတစ်လုံးမှ မသိပဲ ကဗျာကိုဝေဖန်တတ်လာကြပြီ
ဘာသာရေးနဲ့အနုပညာကို ရောထွေးပြီး သုံးသပ်လာတတ်ကြပြီ
1991 နောက်ပိုင်းကစပြီး "ဘုရားသခင်" ဆိုတဲ့ဘာသာစကားဟာ အရေအတွက် အများဆုံး
သုံးစွဲခြင်းကို ခံခဲ့ရတယ်၊ ငါတို့ဟာ "ဘုရားသခင်" နဲ့ အသိဥာဏ်ကို ဟော့သလို ရောထွေးပစ်လိုက်တယ်၊
လက်ဝါးခြင်းရိုက်တတ်လာကြပြီ အုပ်စုဖွဲ့ခြင်းရဲ့ အကျိုးကျေးဇူးကို သိလာကြပြီ
ခွေးတွေလို လူရှေ့သူရှေ့ လိင် ဆက်ဆံလာတတ်ကြပြီ
ငါတို့ ကမ္ဘာကြီးကို စွန့်ခွာကြမယ် ဂျစ် ကမ္ဘာ့အပြင်ဘက်က ကမ္ဘာတွေထဲမှာ သွားနေကြမယ်
တစ်ခါတစ်ရံ ငါတို့ဟာ ဒုံးကျည်ထိပ်ဖူးတွေအတိုင်းပဲ ခဏတာ လူရာဝင်ပြီး
အားလုံး ကစဉ့်ကလျား


ဇာတိ(ဖျာပုံ)
 2012
zartipyapon@gmail.com
www.zartinaung.blogspot.com

No comments:

Post a Comment