Sunday, September 23, 2012

ကဗျာဆရာ၊ သုတေသီ၊ စာရေးဆရာဖြစ်ပြီး ကလောင်စွမ်းထက်သည့် ဆယ့်ရှစ်ရာစုက အလက်ဇန္ဒာပုပ်


by Moenge Aung on Sunday, September 23, 2012 at 10:27pm 


The Mandalay Hill
ဆယ့်ခုနှစ်ရာစု နောက်ပိုင်းနှင့် ဆယ့်ရှစ်ရာစု အစပိုင်းအချိန်တွင် အင်္ဂလိပ်စာပေတွင် သရော်စာများ ထွန်းကားလာသည်။  ထိုခေတ်က သရော်စာရေးရာတွင် ကလောင်ထက်လှသော စာရေးဆရာကြီးများမှာ အလဇန္ဒာပုပ် (Alexander Pope) ၁၆၁၁-၁၇၄၄နှင့် ဂျိုနသန်ဆွစ်ဖ် (Jonathan Swift) ၁၆၇၇-၁၇၄ တို့ ဖြစ်ကြသည်။ ယခုတစ်ပတ် အတွက် အလဇန္ဒာပုပ်အကြောင်း ဖော်ထုတ်ချင်ပါသည်။
အလဇန္ဒာပုပ်သည် ကဗျာဆရာ ဖြစ်သည်။ သုတေသီ တစ်ဦးလည်း ဖြစ်သည်။ ရှေးဟောင်းဂရိစာပေတွင် ထင်ရှားသော ဟိုးမားရေးသည့် ဣလိယက် မဟာကဗျာကြီးကို နှစ်ပေါင်းများစွာ အချိန်ယူ၍ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ထို့ပြင် ပုပ်သည် သရော်စာ ရေးရာတွင်လည်း သူမတူအောင် ကလောင်ထက်လှသည်။ ပုပ်လူဖြစ်သည့်ခေတ်မှာ ၁၈ ရာစု အင်္ဂလန်ပြည် ဖြစ်သည်။ ထိုအချိန်ကား ပါလီမန် ဒီမိုကရေစီစနစ် အားယူတည်ထောင်နေသော အချိန်ဖြစ်၍ နိုင်ငံရေးပါတီများသည် ပါလီမန်တွင် နေရာများများရအောင် (သို့မှသာ အစိုးရ အာဏာရှိလေအောင်) ကြိုးစားကြသော အချိန်ဖြစ်သည်။ တစ်ဖက်မှလည်း စာပုံနှိပ်စက်များ ပေါ်ပေါက်လာ၍ စာအုပ်စာတမ်းများ သာမက အချိန်မှန် ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များလည်း တစ်နေ့တခြား စောင်ရေများ တိုးသည့်အခါ ဖြစ်သည်။ စာဖတ် ပရိသတ်ကလည်း စာကို အရသာခံတွင်းတွေ့၍ ခါတိုင်းထက်ပို၍ ဖတ်လာကြသည်။
 စာအုပ်၊ သတင်းစာ၊ ဂျာနယ်များလည်း ခါတိုင်းထက် စောင်ရေ ပို၍ထွက်လာသည်။ ထိုအချိန်တွင် စီးပွားရေး မျက်စိလျင်သော စာပုံနှိပ်စက်ပိုင်ရှင်များ၊ စာအုပ်ထုတ်ဝေသူများသည် စာရေးဆရာများထံမှ စာမူများကို ဈေးပေါပေါနှင့်ဝယ်၍ အမြတ်ထုတ်ကြသည်။ နိုင်ငံရေးသမားများသည် စာရေးဆရာများကို လက်သပ်မွေး၊ ရာထူးနေရာများပေးကာ မိမိတို့ပါတီအတွက် စာများရေးခိုင်းကြသည်။ ပါလီမန် ဒီမိုကရေစီခေတ် ဖြစ်သည့်အလျောက် ပါတီတစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ဝါဒဖြန့်ရာတွင် စာရေးဆရာအချို့တို့သည် နီးစပ်ရာ ခိုကပ်ကြလေသည်။ ပုပ်ရေးသည့် အန္ဓပူရမော်ကွန်းပုပ်သည် အဆိုပါ အခြေအနေ နှစ်ရပ်ကို စက်ဆုပ်မုန်းတီးသည်။ သို့ဖြစ်၍ (၁) ငွေမျက်နှာကိုကြည့်၍ စာရေးဆရာများအပေါ်တွင် ခေါင်းပုံဖြတ်သော စာပုံနှိပ်စက်ပိုင်ရှင်နှင့် ထုတ်ဝေသူများ၊ (၂) ပါလီမန် ဒီမိုကရေစီခေတ် အပြိုင်အဆိုင် ပါတီများက နိုင်ငံရေးသမားများ၏ လက်သပ်မွေးခြင်းကိုခံ၍ စားသောက်ကောင်းအောင် သူတို့အကြိုက်လိုက်၍ ရေးနေကြသော စာရေးဆရာများ။ ထိုနှစ်မျိုးကို ဆုံးမလိုသဖြင့်ပုပ်သည် အန္ဓပူရ (The Dunciad) မော်ကွန်းအမည်နှင့် လင်္ကာရှည်ကြီးကို ရေးခဲ့သည်။ ထိုလင်္ကာရှည်ကြီး၏ ရေးနည်းရေးဟန်မှာ သမိုင်းဝင် မြို့တော်ကြီးများ၏ အကြောင်းကို တခမ်းတနား ဖွဲ့ဆိုသည့် မော်ကွန်းကဗျာ သဏ္ဍာန်မျိုး ဖြစ်သည်။ ပုပ်သည် ထိုထိုသော ပုဂ္ဂိုလ်များကို အယုတ်တမာ စကားလုံးတွေနှင့် ဆဲရေးရာတွင် ရိုးရိုးမဆဲဘဲ မော်ကွန်းဧချင်း ကဗျာပုံသွင်းပြီး ဆဲလိုက်ခြင်းပင်လျှင် သူ၏ အာဝဇွန်းအစွမ်း ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုရပေမည်။
 ပုပ်သည် ထိုလင်္ကာကြီးကို နှစ်ရှည်လများ အချိန်ယူ၍ ရေးခဲ့သည်။ သူဆဲလိုသော ပုဂ္ဂိုလ်များကို နာမည်ရင်းအတိုင်း ထည့်သွင်း၍ ဆဲထားသည်။ သို့ဖြစ်၍ ကြာလျှင် သူတို့ကို ဆဲသည့်စာကို မတွေ့လိုက်ရမည်စိုးသဖြင့် ခပ်မြန်မြန်ပင် စာအုပ်အဖြစ် ထုတ်ဝေလိုက်ရသောဟူ၏။ ၁၇၂၉ ခုနှစ်တွင် The Dunciad လင်္ကာစာအုပ်ကြီး ထွက်လာသောအခါ အင်္ဂလန်ပြည် စာပေလောက တစ်ခုလုံးသာမက စာဖတ်ပရိသတ်များပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ထိုလင်္ကာတွင် နာမည်ဖော်၍ အဆဲခံကြရသော စာရေးဆရာများနှင့် စာအုပ်ထုတ်ဝေသူများမှာ ခေါင်းမဖော်ရဲအောင်ဖြစ်ကာ ပိဿာလေးနှင့် နံဘေးအပစ်ခံရသကဲ့သို့ အောင့်နေကြသည်။ အဆဲခံရသူများနှင့် မပတ်သက်သော စာဖတ်ပရိသတ်များမှာကား တဟားဟားနှင့် ရယ်မောမဆုံး၊ တသောသော ပွဲကျနေကြသည်။ စာဖတ်သူအချို့ကလည်း “ဒီကောင်တွေ ဒီလိုနှံမှ ကောင်းတယ်” ဟု အားရကြသည်။ အချို့ကလည်း ပုပ်သည်သူနှင့် မတည့်သူများကို တမင် ချိုးဖဲ့နှိပ်စက်၍ ရေးသည်ဟု အပြစ်တင်ကြသည်။ မှန်ပေသည်။ ပုပ်သည် သူနှင့်ခေတ်ပြိုင် စာရေးဆရာအချို့ကို မညှာမတာ ရက်ရက်စက်စက် ဆဲရေးသည်။ သို့သော် ထို Dunciad လင်္ကာကြီးသည် သရောစာတို့၏ ဘုရင်ဟု ခေါ်လောက်သည်အထိ ရသနှင့်ပြည့်စုံသည်ဟု ခေတ်အဆက်ဆက် စာပေအကဲခတ်သူများ၊ ဝေဖန်သူများက လက်ခံကြရသည်။ အဘယ့်ကြောင့်ဆိုသော် ပုပ်၏ရည်ရွယ်ချက်မှာ ဖြောင့်မှန်ပေသည်။ စာပေနယ်တွင် တန်ဖိုးထားထိုက်သော စည်းကမ်း အစဉ်အလာကို ပုပ်မြတ်နိုးလေးစားသည်။ ထိုအစဉ်အလာကို ဖောက်ချိုးသူများကို မညှာမတာ ဆဲခြင်းဖြစ်သည်။ ပုပ်သည် “အန္ဓ” (Dunces) များကို မုန်းသည်။ စာပေနယ်ကို သန့်စင်စေလိုသဖြင့် အန္ဓများရေးသော စာမမည်သည့်စာများကို သုတ်သင်လိုသော ဆန္ဒရှိသည်။ ပုပ်သည် စာပေမြတ်နိုး၍ စာပေ၏ တာဝန်ကို ထမ်းဆောင်သူ တစ်ဦးအဖြစ်နှင့် စာပေအမှိုက်သရိုက်၊ ဒိုက်သရောများကို ရှင်းလင်းလိုသည်။ ထိုရည်ရွယ်ချက်ကြောင့်ပင် Dunciad ကို စာပေနယ်တွင် အထူးပင် ဂုဏ်တင်နေရာထားကြရခြင်း ဖြစ်သည်။
 ထို့ပြင်  Dunciad ၏ ထူးခြားသော အရည်အချင်းမှာ ထူးခြားပြောင်မြောက်လှသော ဟာသရသဖြင့် ပြည့်ဖြိုးသော မဟာပြက်လုံးတော်ကြီး ဖြစ်ခြင်းပေတည်း။ ညစ်ညမ်းသော ဆဲလုံးများကို ဟာသရသမြောက်အောင် အာဝဇ္ဇန်းရွှင်ရွှင် ရေးသားပုံမှာလည်း ထူးခြားပြောင်မြောက် လှပါပေသည်ဟု ယခုတိုင် အံ့သြကြရသည်။ အန္ဓပူရ မော်ကွန်းလင်္ကာကြီးသည် လူစတုံး ဉာာဏ်ပညာမရှိ၊ လူ့ဗာလများ ကြီးစိုးသည့် အန္ဓပူရပြည်ကြီးကို ဖွဲ့ဆိုသည့် လင်္ကာဖြစ်သည်။ ထိုအန္ဓပူရ ပြည်ကြီးကို ဘုရင် ရွေးကောက်သောအခါ အမိုက်မဲဆုံး ပညာဉာာဏ် အကင်းမဲ့ဆုံးလူကို တင်မြှောက်သည်။ ထိုအခန်းတွင် ပုပ်သည် ထိုခေတ်က စာရေးဆရာတစ်ဦးကို အန္ဓပူရ ဘုရင်အဖြစ် တင်မြှောက်ထားသည်။ အန္ဓဘုရင်ကြီးသည် ဘိသိက်ပွဲတွင် ပျော်ပွဲရွှင်ပွဲများလုပ်ရာ စာရေးဆရာများသည် ဆုလာဘ်ကို မြှော်ကိုး၍ ပါဝင်ယှဉ်ပြိုင်ကြပုံကို ဖော်ပြထားသည်။ ထိုလင်္ကာကြီးမှာ အပိုင်းလေးပိုင်းရှိသည်။ ပုပ်သည် သူဆဲချင်သော စာရေးဆရာများနှင့် ပုံနှိပ်ထုတ်ဝေသူများကို အန္ဓပူရ ပြည်သူ၊ ပြည်သားအဖြစ် ဇာတ်ကောင်ဖန်တီးကာ နာမည်အရင်းအတိုင်း ထည့်၍ ပက်ပက်စက်စက် ဆဲထားသည်။ စကားလုံး အကြမ်းပတမ်းများကိုလည်း ဖောဖောသီသီ သုံးထားရုံမက ဇာတ်ကွက်များကိုလည်း အမြင်အကြား မလျော်အောင် ဖန်တီးပေးထားသည်။ ဥပမာ စာရေးဆရာများကို အန္ဓဘုရင်ကြီး၏ အမိန့်နှင့် အညစ်အကြေးစွန့်ရာ မစင်ကန်ကြီးထဲတွင် အငုပ်ခိုင်းသည်။ အကြာဆုံးငုပ်နိုင်သူကို ဆုပေးသည်။ ထို့ပြင် စာနှင့်ရေးပြ၍ မဖြစ်နိုင်သည့် ပြိုင်ပွဲများလည်း ပါရှိသေးသည်။ ထိုအန္ဓပူရ မော်ကွန်းလင်္ကာကြီး စာအုပ်ထွက်ပြီးသောအခါ ထိုစာအုပ်တွင် အတီးခံရသည့် စာရေးဆရာများက ပုပ်ကို ပြန်၍ရေးကြသေးသည်။ သို့သော် ပုပ်ရေးပြီးသော အန္ဓပူရမော်ကွန်းထက်သာအောင် မရေးနိုင်ကြတော့ဟူ၏။ ပုပ်ရေးလိုက်ပုံမှာ နောက်ထပ် ဘယ်သူမှ ရေးစရာမကျန်တော့အောင် ဖြစ်ဟန်တူ၏။ ပုပ်၏ အန္ဓပူရမော်ကွန်းတွင် ထိုခေတ်က စာရေးဆရာ ထုတ်ဝေသူ သုတေသီပညာရှင်များ၏ အမည်များစွာပင် တွေ့ရသည်။ အချို့သော ပုဂ္ဂိုလ်များမှာ သူတို့အရည်အချင်းနှင့် စာပေသမိုင်းတွင် အရာဝင်နိုင်ကြသူ မဟုတ်ချေ။ ပုပ်က အန္ဓပူရပြည်သားအဖြစ်နှင့် မှတ်တမ်းတင်မှသာ သူတို့အမည်များကို နောင်လာနောက်သားများ သိကြရသည်ဟု ဆိုကြသည်။ စွယ်စုံကျမ်းများ လှန်ကြည့်လျှင် ထိုသူများ၏ အမည်ကို “ပုပ်၏ အန္ဓပူရမော်ကွန်း ဇာတ်ကောင်တစ်ဦး”ဟူ၍သာ မှတ်တမ်းတင်ထားသည်ကို တွေ့ရပေမည်။

တင်စိန်

No comments:

Post a Comment