Monday, September 24, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၉)

သစ်ထူးလွင်



Posted: 24 Sep 2012 05:18 AM PDT
ဈေးကွက်၌ အသစ်ရောက်ရှိလာသည့် iphone 5 သုံးစွဲရန်အတွက် ဆယ့်ငါးသိန်းတန် ဂျီအက်(စ်)အမ် ကိုင်ဆောင်ထားသူများ ဆင်းကတ် အခက်အခဲ ရှိနေကြောင်းသိရသည်။

ပြည်တွင်း၌ iphone 5 မှာငါးသိန်းနှင့် နှစ်သိန်းတန် ဂျီအက်(စ်)အမ် ဆင်းကတ်များဖြင့်သာ သုံးစွဲရန် အဆင်ပြေပြီး ယခင် ဆယ့်ငါးသိန်း ဂျီအက်(စ်)အမ် များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ် လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦး က ပြောသည်။

“iphone 5 ရဲ့ ဆင်းကတ်ဆိုဒ်က 1.5 mm မို့လို့ ၁၅ သိန်းတန် ဂျီဆင်း ကတ်ကလွဲရင် ကျန်တဲ့ ဂျီကတ်အကုန် လွတ်လွတ်ကင်းကင်း ထည့်သုံးလို့ ရနေတယ်” ဟု အထက်ပါ မိုဘိုင်းဆိုင်မှ ဖြေသည်။

Iphone 5 အနေဖြင့် ယခုလအတွင်း ပြည်တွင်း မိုဘိုင်းဈေးကွက် ၌ ရေပန်း အစားဆုံး ဖြစ်ခဲ့သော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်းအားလုံး အသုံးပြု၍ မရနိုင်ခြင်းကြောင့် ၀ယ်ယူသူ နည်းပါးနေသေးကြောင်း မိုဘိုင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

“၀ယ်တော့ဝယ်ချင်တယ်။ ဒါပေမယ့် ဒီဆင်းကတ်ကြီးကိုသွားလဲ ကြည့်ရ ဦးမယ်။ အဆင်ပြေမှ ၀ယ်ကိုင်လို့ ရတော့မှာ” ဟု ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ် ကိုင်ဆောင်ထားသူ တစ်ဦးကပြောသည်။

ပြည်တွင်းသို့ ယခုလ (၂၃)ရက်နေ့မှ စ၍ iphone 5 ဖုန်းများ စတင် ၀င်ရောက်လာပြီး လက်ရှိတွင် ကျပ် (၁၂)သိန်းခွဲ ခန့်ဖြင့် ရောင်း ချနေကြကြောင်း သိရသည်။

သုတလင်း - Popular Myanmar News Journal

Posted: 24 Sep 2012 05:16 AM PDT
ပခုက္ကူမြို့ စိန်ကမ္ဘာ ကုမ္ပဏီပိုင် ဒီကရီစက်ရုံမှ
အလုပ် ထုတ်ပယ်ခြင်း ခံရသော ၀န်ထမ်းများ အား တစ်ဦးလျှင် ကရုဏာ ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၄ သိန်းခွဲ အား စက်တင်ဘာလ တတိယပတ်အတွင်းက ပေးအပ်ခဲ့ကြောင်း ကရုဏာထောက်ပံ့ကြေးရ ၀န်ထမ်းဟောင်းတစ်ဦး၏ ပြောကြားချက်အရသိရသည်။

အဆိုပါ ကုမ္ပဏီအား စီးကရက်စက်ရုံ အမှတ် ၃ စက်မှုဝန်ကြီးဌာနမှ တစ်ဆင့် ဦးပိုင်၊ ဦးပိုင်မှ အဆင့်ဆင့်လက်လွှဲခဲ့ရာ စိန်ကမ္ဘာ ကုမ္ပဏီက ဒီကရီအမည်ဖြင့် စီးကရက် လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်က လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခြေအနေမရှိတော့သည့်အတွက် အလုပ်သမား ၂၄၃ ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိသော်လည်း ၃ လစာ ထုတ်ပေး၍ အလုပ်ထုတ်ပယ်ခဲ့သည်။

သို့ရာတွင် အလုပ် ရပ်နားခံရသော အလုပ်သမားများမှာ နစ်နာမှုများရှိသဖြင့် ဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများ ညှိုနှိုင်းတိုင်ပင်၍ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က ရပ်နားခံရသော အလုပ်သမား၂၄၃ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၄ သိန်းခွဲဆီ ကရုဏာကြေး ထပ်မံပေးရန် အလုပ်ရှင် အလုပ်သမားသဘောတူညီချက်ရရှိခဲ့ကာ ယခုကဲ့သို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

Posted: 24 Sep 2012 04:22 AM PDT
နေပြည်တော် အထူးဖွံ့ ဖြိုးရေးဇုံရှိ အားကစားရွာ စီမံကိန်း ၊ ဒုတိယ ၀န်ကြီး အိမ်ယာ စီမံကိန်း နှင့် နန်းဝတီ ဟိုတယ် တည်ဆောက်ရေးလုပ်ငန်း တို့ ကို တာဝန်ယူ လုပ်ကိုင်ခဲ့သော မြန်မာ့ ရွှေအားမာန် ဆောက် လုပ်ရေး ကုမ္ပဏီအား ပစ္စည်းဖို့ နှင့် လုပ်အားခ မပေးသဖြင့် တိုင်ကြားထားပါသည်။

တိုင်ကြားစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 24 Sep 2012 03:58 AM PDT
အထက (၂) ကမာရွတ် ခေါ် စိန်သြဂတ် စတင်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မေလှရီက မီးလောင်သွားသော ကျောင်းဆောင် အတွက်ဟုဆိုကာ ကျောင်းသား တစ်ဦးလျှင် အလှူငွေ တစ်သိန်း လှူရမည် ဟုကောက်ခံနေပါသည်။  ကျောင်းအဆောက်ဦ ဆိုသည်မှာ နိုင်ငံတော်မှ ထောက်ပံ့ ပေးထား
 သော ပစ္စည်းဖြစ်သော်လည်း နိုင်ငံတော်က ချပေးထားသော ငွေကြေးတင်မကပဲ အခုလိုကျောင်းသား တွေအား  မပေးမနေရ ကောက်ခံနေခြင်းမှာ ဓါးပြတိုက်သည်နှင့်ပင် တူကြောင်း ကျောင်းသားမိဘများက ညည်းညူ ကြသည်။ -----

ပေးစာ အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Sep 2012 03:30 AM PDT
VenusNews ဂျာနယ် (Vol-4,No-9,20, September,2012,Thursday)တွင်
ပါသော- ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမဲဆန္ဒနယ်မှ လွတ်တော် ကိုယ်စားလှယ်
ဦးမြင့်အောင်ကို ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် အညီ လွှတ်တော်အမတ် အဖြစ်မှ
ပြန်လယ် ရုတ်သိမ်းရေး ဒေသခံများ ကျိုးပမ်း.... သတင်းအား တိုက်ကြီးမြို့ နယ်ရှိ
့ဒေသခံများမှ ဖတ်ရှု့ လိုသော်လည်း ဂျာနယ် ၀ယ်မရသောကြောင့်  မိတ္တျုကူးယူကာ
ဖတ်လိုသူများအား ပေးဝေ ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ သတင်းအား ကူးယူဖြန့် ဝေမှုကို စက်တင်ဘာလ (21.9.2012) ရက်နေ့ 
14:00 နာရီခန့် တွင် သပြေကုန်း ကျေးရွာအုပ် ချုပ်ရေးမှုး ဦးခင်ဝင်းနှင့် ပြည်ခိုင်ဖြိုး
 နိုင်ငံရေးမှုးဦးမျိုးမြင့် တို့ မှ - မိတ္တျုကူးယူကာ ဖြန့် ဝေခဲ့သူ သပြေကုန်းအုပ်စု ရေနက်
လမ်းဝင် အနောက်စုရပ်နေ ဒေါ်လှသောင်း(ဘ) ဦးမောင်ကြည်၊ မခင်ညွှန့် (ဘ)ဦးကြည်ဝင်း
တို့ အားခေါ်ယူကာ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

 မြိုနယ် အုပ်ချုပ်ရေးမှုးဧ။် ညွန်ကြားချက်အရ စာရွက် စာတမ်းဖြန့် ဝေမှု့ ဖြင့် အရေး
ယူပါက ထောင်(3)နှစ် ကြနိုင်ကြောင်း မည်သူက ဖြန့် ဝေခိုင်းသည်ကို ဖြေ
ကြားခြင်းမရှိ့ ပါက ရုံးတင်တရားဆွဲ မည်ဖြစ်ကြောင်း စသဖြင့် ခြိမ်းခြောက်ပြော
ဆိုခဲ့ ကြောင်း ဒေါ်လှသောင်း နှင့် မခင်ညွန့် တို့ က Myanmar News Now ကိုပြောပါတယ်။




Posted: 24 Sep 2012 02:19 AM PDT
နယူးဒေလီ၊ စက်တင်ဘာ - ၂၄

အမေရိကန် ပြည်ထောင်စုတွင် ယခုရောက်ရှိနေသည့် ဒေါ်အောင်ဆန်း စုကြည်သည် နေရူး အမှတ်တရပွဲ၌ ဟောပြောပို့ချချက် ချီးမြှင့်ပေးရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို လက်ခံ လိုက်ကြောင်း သတင်းရှိသည်။

ရက်စွဲ အတိအကျကို မကြေညာရ သေးသော်လည်း နေရူး အမှတ်တရ အခမ်းအနားအား နိုဝင်ဘာလ တတိယပတ်တွင် ကျင်းပသွားဖွယ်ရှိသည်။ ထိုအခမ်းအနားသို့ ဒေါ်အောင်ဆန်း
စု ကြည် တက်ရောက်ခဲ့ပါက ယင်းမှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။

ယခုနှစ်စောစောပိုင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံစဉ် နေရူးအခမ်းအနားတွင် ဟောပြောပို့ချချက်ချီးမြှင့်ပေးရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ် ကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၂ ခုနှစ်တွင် လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်နှစ်များအတွင်း အိန္ဒိယအစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကောင်းတစ်ရပ် တည်ဆောက်ခဲ့သည်။

မစ္စတာမန်မိုဟန်ဆင်း၏ ရန်ကုန်ခရီးစဉ်တွင်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အတိုက်အခံခေါင်းဆောင်အဖြစ်သာ ဆက်ဆံခဲ့ပြီး မစ္စတာမန်မိုဟန်ဆင်းသည် အခြားကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်လည်ပတ်ခြင်းအစား ဒေါ်အောင်ဆန်းစုကြည်က မစ္စတာမန်မိုဟန်ဆင်း ဆီသို့ သွားရောက်တွေ့ဆုံခဲ့ရသည်။

 ယခုရက်သတ္တပတ် စနေ၊တနင်္ဂနွေရက်များကပင်မဟတ္တမဂန္ဓီနှင့် နေရူးတို့မှာ သူမအပေါ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

Ref: The Times of India

7Day News Journal

ဓါတ်ပုံ - သစ်ထူးလွင်



Posted: 24 Sep 2012 02:08 AM PDT
စက်တင်ဘာလ ၂၄ ရက်နေ့ ထုတ် The Voice Weekly V 8/ No 38

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 24 Sep 2012 01:59 AM PDT
စက်တင်ဘာ ၂၄ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၅၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 23 Sep 2012 08:47 PM PDT
စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် နာမကျန်း ဖြစ်နေစဉ် (ဓါတ်ပုံ - ဖေ့စ်ဘုတ်)
တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်ကြောင်း သတင်းရ ရှိပါသည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် သာကေတမြို့နယ်ရှိ နေ အိမ်၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏ မိသားစု ဝင်များထံမှ သိရှိရကြောင်း Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါသည်း။

" စက်တင်ဘာ လဆန်းတုန်း က အဘိုးက ဆေးရုံ တက်ရသေးတယ်။ ဆေးရုံက ဆင်းလာပြီး အိမ်မှာပဲ ထားတာပါ။ အောက်ဆီဂျင်
ပေးထားရတယ်။ မနေ့ညကတော့ ၁၀ နာရီ လောက်မှာ အိပ်တယ်။ ၁၀ နာရီခွဲ လောက်ကျတော့ အမော ဖောက်လာ တယ်။
အောက်ဆီဂျင် ပေးရတယ်၊ ဆရာဝန်လည်း ခေါ်တယ်။ ၁၅ မိနစ်လောက် ကြာတော့ ဆုံးတာပဲ။ နှလုံးခုန် သိပ်မမှန်ဘဲ အမော ဖောက်တာပေါ့။ လူကြီးရောဂါလို့ပဲ ပြောရမှာပါ" ဟု ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မြေး မဆောင်းနှင်းဖြူက စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ပိုင်းက ပြောပြခဲ့သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ၁၉၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖခင် ဦးဟာနှစ်၊ မိခင် ဒေါ်စိန်ညွန့်တို့မှ ဖွားမြင်ခဲ့ သည်။

ဗန်းမော်မြို့၊ မိုးကုတ်၊ ကသာ မြို့စသော မြို့များတွင် ပညာသင် ယူခဲ့ပြီး အင်္ဂလိပ်-မြန်မာ ၁၀ တန်း အထိ သင်ကြားခဲ့ကာ ဗမာ့ကာကွယ်
ရေးတပ်မတော် (ဘီဒီအေ) သို့ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ တွင် ဝင်ရောက်ခဲ့သည်။

ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီးတပ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဧပြီ လ၌ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ် သင်တန်းတတိယပတ်၌ တက် ရောက်ခဲ့သည်။ သင်တန်းတက်
ရောက်နေစဉ်တွင်ပင် ဗိုလ်ချုပ် အောင်ဆန်းက မြန်မာပြည်မြောက် ပိုင်းအတွက် တာဝန်ပေးအပ်သည့် အတွက် စတင်တာဝန်ထမ်းဆောင်ခဲ့ သည်။ မဟာမိတ်တပ်အမေရိကန် (၁၀၁) လေထီးတပ်ရင်းနှင့် အဆက် အသွယ်ရန် အသက်စွန့်တာဝန်ထမ်း ဆောင်ခဲ့သည့်အတွက် ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်တွင်လာခဲ့ သည်။

ဂျပန်တော်လှန်ရေးကာလပြီး ဆုံးသောအခါ ကသာခရိုင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ သည်။ ၁၉၄၆ ခုနှစ်တွင် ကွန်မြူ နစ်ပါတီနှစ်ခြမ်းကွဲချိန်၌ အလံနီ ဘက်သို့ ပါသွားခဲ့သည်။ ၁၉၄၈ ခု နှစ်တွင် အလံနီအဖြစ် တောခိုခဲ့ကာ ၁၉၅၄ ခုနှစ်၌ အလံနီတွင်း အယူအ ဆတိုက်ပွဲများဖြစ်ပေါ်စဉ် အလံနီမှ အထုတ်ခံရသည်။ အထုတ်ခံရသော အလံနီများစုပြီး အလုပ်သမားညီ ညွတ်ရေးပါတီကို ပခုက္ကူနယ်ထဲ၌ ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဒီဇင် ဘာလ၌ အလုပ်သမားညီညွတ်ရေး ပါတီတစ်ဖွဲ့လုံး အစိုးရနှင့်စေ့စပ်ပြီး ဥပဒေအတွင်း ဝင်ရောက်ခဲ့သည်။

ထို့နောက် တော်လှန်ရေးအ တွေ့အကြုံများကိုရေးသားခြင်းဖြင့် စာရေးဆရာဘဝကိုခံယူခဲ့ပြီး တော် လှန်ရေးခေတ်မှ အမှတ်တရနာမည် ဝမ်းအိုဝမ်းကျော်ဝင်းမောင်ကိုပင် က လောင်အမည်အဖြစ်ရွေးချယ်ခဲ့ကာ "ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက် တော်လှန်ရေး"၊ "ဆရာကြီးဦးရာဇတ် အတ္ထုပတ္တိ"ကဲ့သို့ စာအုပ်များကို ရေး သားခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်များတွင် လည်း တော်လှန်ရေးအတွေ့အကြုံ ဆောင်းပါးများကို ရေးသားခဲ့သူဖြစ် သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ် ရှိပြီဖြစ်ကြောင်း Eleven Media Group အင်တာနက် သတင်းအရသိရှိ ရပါသည်။

Posted: 23 Sep 2012 08:24 PM PDT
အစိုးရရဲ့ ခွင့်ပြုချက် မရှိတဲ့ စစ်သွေးကြွ အဖွဲ့ တွေကို တားမြစ် ပိတ်ပင်မှာ ဖြစ်တယ်
လစ်ဗျားနိုင်ငံမှာ ရှိတဲ့ တရားမဝင် စစ်သွေးကြွ အဖွဲ့တွေကို ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ လစ်ဗျား ထိပ်တန်း အရာရှိတွေက ပြောကြား ပါတယ်။အခုလထဲမှာ စစ်သွေးကြွ အုပ်စု တခုရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် သံအမတ် သေဆုံးသွား ခဲ့တဲ့ အကျိုးဆက် အနေနဲ့ စစ်သွေးကြွ အဖွဲ့တွေကို အခုလို ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ခွင့်ပြုချက် မရှိဘဲ ဖွင့်ထားတဲ့ စစ်သွေးကြွ စခန်းတွေနဲ့ စစ်သွေးကြွ အဖွဲ့ အားလုံးကို တားမြစ် ပိတ်ပင်မှာ ဖြစ်တယ်လို့ ကွန်ဂရက် လွှတ်တော် ဥက္ကဌ မိုဟာမတ် မာဂရိဖ် က ပြောပါတယ်။

နောက်ပြီး လမ်းမတွေ ပေါ်မှာ လက်နက် ကိုင်ဆောင် သွားလာ နေတာတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန်းက ရပ်ကြဖို့ အားလုံးကို သူက ပန်ကြားသွားပါတယ်။

နိုင်ငံ အရှေ့ပိုင်းက သြဇာ အရှိန်အဝါ ရှိတဲ့ စစ်သွေးကြွ အဖွဲ့တခု ကတော့ သူတို့ ရဲ့ လုပ်ငန်းတွေကို အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ စနေနေ့က ပြောပါတယ်။

လစ်ဗျားမှာ ပြီးခဲ့တဲ့ နှစ်တုန်းက ဗိုလ်မှူးကြီး ကဒါဖီကို ဖြုတ်ချ ခဲ့တဲ့ တော်လှန်ရေး အတွင်း ပေါ်ပေါက်လာတဲ့ စစ်သွေးကြွ အဖွဲ့ အများအပြားဟာ သြဇာ အာဏာ ဆက်လက် ကြီးထွား လာနေတဲ့ အပေါ် ပြည်တွင်း ပြည်ပမှာ စိုးရိမ်မှုတွေ တိုးပွားလာ နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted: 23 Sep 2012 08:25 PM PDT
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က အမေရိကန်တွေနဲ့ သီးသန့်တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

AFP
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်က နယူးယောက်မြို့ Queens College တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အကြောင်း ရှင်းလင်း ပြောပြနေစဉ်။

နယူးယောက်မြို့ Queens College မှာ မနေ့က မနက်ပိုင်း ၁၀ နာရီလောက်က အမေရိကန်တွေနဲ့ သီးသန့် တွေ့ဆုံပွဲမှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအကြောင်း ရှင်းလင်း ပြောပြစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးကာလ ကျော်ဖြတ်ပြီးတာနဲ့ စစ်အာဏာရှင်စနစ် မတိုင်ခင် ကြွယ်ဝချမ်းသာတဲ့ နိုင်ငံအဆင့်ကို ပြန်လည်ရောက်ရှိနိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ချက်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ တက္ကသိုလ်တွေဟာ ဘယ်လိုအခြေအနေလဲဆိုတာ သိရှိအောင် ကိုလံဘီယာကျောင်းသူ ကျောင်းသားတွေ ကိုယ်တိုင် လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အဲဒီလို လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှသာ ဘယ်လို ကူညီနိုင်မလဲဆိုတာကို သိရှိမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းကလည်း နယူးယောက်မြို့အပြင် အနီးအနား ပြည်နယ်တွေက မြန်မာမိသားစု ၃၀၀၀ လောက်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese

Posted: 23 Sep 2012 08:26 PM PDT

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုလံဘီယာ တက္ကသိုလ်မှာ စကား ပြောကြားနေစဉ်။ (စက်တင်ဘာလ ၂၂ ရက်၊ ၂၀၁၂)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အစိုးရတွေရဲ့ ဆက်ဆံရေးထက် ပြည်သူလူထု အချင်းချင်း ဆက်ဆံရေး တိုးတက်တာကို လိုလားတယ် လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အကြမ်းမဖက်တဲ့နည်းက ဒီမိုကရေစီကို ဆောင်ကြဉ်း ပေးနိုင်တယ် လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည် ထောင်စုကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့ စနေနေ့က နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ် ၆ ရက်မြောက်နေ့မှာ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံခဲ့ရာမှာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောဆိုလိုက်တာပါ။

“တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး သိပ် ကောင်းမွန်ခဲ့ပါတယ်။ အခုအချိန်နဲ့ ကွာခြားချက်ကတော့ အစိုးရတွေနဲ့ ဆက်ဆံရေးက ကောင်းမွန်နေဆဲ ဖြစ်ပေမဲ့ ပြည်သူတွေအကြား ဆက်ဆံရေးက အရင်တုန်းကလို အဆင်မပြောတော့ပါဘူး။ အဲဒါကလည်း အစိုးရအချင်းချင်း ဆက်ဆံရေးထက် မြန်မာပြည်မှာ ရှိနေတဲ့ တရုတ် စီးပွားရေး လုပ်ငန်းတွေကြောင့် ဖြစ်ပါတယ်။ တရုတ်အစိုးရ လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံအတွက်၊ နောက် မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် သိပ် ဂရုမစိုက်ဘဲ သူတို့ရဲ့ အကျိုးတခုတည်းကိုပဲ ကြည့်တယ်လို့ မြန်မာပြည်သူ အတော်များများက ခံစားနေကြလို့ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်နေတာကို ပြောင်းလဲစေချင်ပါတယ်။ လုပ်ငန်းရှင်နဲ့ ဈေးဝယ်တဲ့ ဖောက်သည်တွေ အဖြစ်နဲ့ မဟုတ်ဘဲနဲ့ ပြည်သူတွေ အချင်းချင်း ဆက်ဆံရေး တိုးတက်စေချင်ပါတယ်။ ကျောင်းသားတွေ အချင်းချင်း၊ အိမ်ရှင်မအချင်းချင်း ပြည်သူတွေ အချင်းချင်း ဆက်ဆံရေး တိုးတက်တာကို တွေ့ချင်ပါတယ်။” - လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် လူတယောက်မှာ ခံယူချက် အခြေခံမူ ဆိုတာ ဘ၀ ရပ်တည်ရေးမှာ အဖိုးတန်လှတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဒီလိုပါ။

“ခံယူချက် အခြေခံမူဆိုတာ ဟောင်းနွမ်းနေတဲ့ အယူအဆ တခု မဟုတ်ပါဘူး။ အခြေခံမူဟာ အခရာ ကျပါတယ်။ ကိုယ့်ဘ၀ကို ခံယူချက် အခြေခံမူအပေါ်မှာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တာဝန်သိတဲ့ အသိစိတ်နဲ့ ဘ၀ကို ထူထောင်ရမှာပါ။ ဟောင်းနွမ်းနေတဲ့ အယူအဆ မဟုတ်ပါဘူး။ အခြေခံမူ ခံယူချက်နဲ့ ဘ၀ကို ထူထောင်ထားမယ် ဆိုရင် ကြုံနေရတဲ့ စိန်ခေါ် အကဲစမ်းမှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လုပ်ကို လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တာဝန်သိတဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူနိုင်ဖို့အတွက် သင်ခန်းစာ ယူနိုင်ဖို့က ကိုယ့်လုပ်ရပ်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူဖို့ ဖြစ်ပါတယ်။ ကိုယ့်မှာ ရင်ဆိုင်နေရတာတွေ ဟာ တခြားသူတွေက လုပ်လို့ဆိုပြီး အပြစ်တင်နေလို့ မဖြစ်ဘူး။” - လို့ ပြောသွားတာ ဖြစ်ပါတယ်။

လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်တဲ့ နည်းနဲ့ တောင်းဆိုခဲ့တဲ့ အတွေ့အကြုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မျှဝေလိုက်ပါတယ်။

“ကျမတို့ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အကြမ်းမဖက်တဲ့ အခြေခံမူတွေကို အမြဲ စွဲကိုင်ခဲ့တာပါ။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ တခြား အင်အားစုတွေ အတွက် ဒီလို အကြမ်းမဖက်တဲ့ ပုံစံနဲ့ကတော့ အမြဲတမ်း ဖြစ်နေမှာ မဟုတ်ပါဘူး။ NLD ကတော့ အကြမ်းမဖက်တဲ့ နည်းကိုပဲ သုံးမယ်လို့ အစကတည်းက ပြောဆိုခဲ့တာပါ။ သိပ်ကို အဖိနှိပ် ခံခဲ့ရပြီး ခံစားခဲ့ကြရပေမဲ့ အကြမ်းမဖက်တဲ့ နည်းကိုပဲ ထိန်းထားခဲ့ပါတယ်။” - လို့ ပြောသွားတာပါ။
ဒါကြောင့် အကြမ်းမဖက်တဲ့နည်းက အလုပ်မဖြစ်ရုံတင်မကဘဲ ဒီမိုကရေစီရေး အတွက် တခုတည်းသော နည်းလမ်း ဖြစ်သင့်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ကိုလံဘီယာ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍ တိုးတက်အောင် ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဆိုတာကို မေးမြန်းတဲ့အခါ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“မြန်မာပြည်ကို ကိုယ်တိုင်လာပြီးတော့ မြန်မာပြည်က ကျောင်းတွေ၊ တက္ကသိုလ်တွေကို လေ့လာစေချင်ပါတယ်။ အဲဒီအခါကျမှသာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတဲ့ အကြံကောင်း အဉာဏ်ကောင်းတွေ ပေါ်လာကြမှာပါ။ လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ စေချင်ပါတယ်။ သူငယ်ချင်းတွေ ခေါ်လာပြီး မြန်မာပြည်ကို လာရောက် လေ့လာကြပါ။” - လို့ ပြောဆိုသွားတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်ကို မလာခင်မှာ Queens College ကို သွားရောက် ဆွေးနွေးခဲ့ပြီး နယူးယောက်မြို့တော် တ၀ိုက်က မြန်မာမိသားစုတွေကိုလည်း တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့မှာတော့ ကင်တာကီ ပြည်နယ် လူဝီဗီးလ် မြို့ကို သွားရောက်ဖို့ ရှိပါတယ်။ တနင်္လာနေ့မှာတော့ လူဝီဗီးလ်တက္ကသိုလ်မှာ မြန်မာ မိသားစု အသိုင်းအ၀ိုင်းနဲ့ ဒေသခံတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 
ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ- မြန်မာဌာန)


Posted: 23 Sep 2012 08:05 PM PDT
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။

အောက်တိုဘာလ ၁ ရက်နေ့အထိ သီတင်းတပတ်ကျော်ကြာ ခရီးစဉ်အတွင်းမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖြစ်မယ် လို့လည်း မျှော်လင့်ရပါတယ်။ နယူးယောက်မြို့မှာ ရှိနေစဉ် Asia Society Institute မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။

သမ္မတ ဦးသိန်းစိန် ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အမေရိကန် ပြည်ထောင်စုမှာ ခရီးသွားလာခွင့်ကို ကန့်သတ် တားမြစ်ထားတာကို ဖယ်ရှား ပေးခဲ့တာ ဖြစ်သလို ဘဏ္ဍာရေး ၀န်ကြီးဌာနကလည်း အမေရိကန်မှာ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်အပေါ် ကန့်သတ် ပိတ်ပင်ရမယ့် အထူးပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးထားပါတယ်။

အမေရိကန် ခရီးစဉ် မတိုင်မီမှာတော့ သမ္မတ ဦးသိန်းစိန် ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး၊ သမ္မတ ဟူကျင်းတောင် အပါအ၀င် တရုတ်အစိုးရ ထိပ်တန်း ခေါင်းဆောင် တချို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။ တရုတ်နိုင်ငံ ခရီးစဉ် အတွင်းမှာပဲ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ယန်လင်း စိုက်ပျိုးရေးနဲ့ သစ်တော တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကိုလည်း လက်ခံရယူခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Posted: 23 Sep 2012 08:27 PM PDT
Kentucky ပြည်နယ်က Louisville မြို့မှ ကြိုဆို သူများကို တွေ့ ရစဉ်
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ၀ါရှင်တန် ဒီစီမြို့တော်နဲ့ နယူးယောက် မြို့တွေကို ခရီးလှည့် လည်ခဲ့ပြီးတော့၊ မနေ့က တနင်္ဂနွေနေ့မှာ Kentucky ပြည်နယ်က Louisville မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။ မြန်မာ့အရေးကို တက်တက်ကြွကြွ ထောက်ခံအားပေးသူ Kentucky ပြည်နယ်ကိုယ်စားပြု ရီပက်ပလီကန် အထက်လွှတ်တော်အမတ် Micth McConell ရဲ့ ဖိတ်ခေါ်မှုနဲ့ Louisville တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ၊ Kentucky ပြည်နယ်နဲ့ အနီးတ၀ိုက်ပြည်နယ်တွေ က မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်ုးကြည်ဟာ Louisville မြို့ကို ရောက်လာခဲ့တာပါ။ ဒီမြို့မှာ တွေ့ဆုံမယ့် အစီအစဉ်တွေနဲ့ စနေနေ့ နယူးယောက်မြို့က တွေ့ဆုံပွဲတွေ အကြောင်းကို ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ တနင်္လာနေ့မှာ Louisville တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံမှာ ဖြစ်သလို Kentucky ပြည်နယ် အနီးအနားက Tennessee ပြည်နယ်၊ Ohio ပြည်နယ်တွေက မြန်မာမိသားစု အသိုင်းအ၀ိုင်းတွေ နဲ့လည်း ဒီ Louisville တက္ကသိုလ်မှာပဲ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသား မိသားစုတွေ တွေ့ဆုံဖို့ စီစဉ်သူ တာဝန်ခံတဦးဖြစ်တဲ့ Kentucky ပြည်နယ်က ကိုတေဇ က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဆီနိတ်တာ မစ်ခ်ျမက်ကောနဲလ် နဲ့ သီးခြားတွေ့ဆုံဖို့ လုပ်နေတယ်လို့ သိတယ်ခင်ဗျ။ Louisville မှာ ရောက်ရှိနေတဲ့ အချိန်မှာတော့ ကျနော်တို့ ဒီညနေကစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့အနေနဲ့ ကျနော်တို့ ဘုရားကျောင်းမှာ နေရာကျယ်တဲ့အတွက် အဲဒီမှာပဲ ကျနော်တို့ စပြီး ကျင်းပဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ စီစဉ်ထားတာ ကတော့ မြန်မာပြည် အတွက် မျှော်လင့်ချက်ပေါ့နော်၊ Hope for the Future of Burma Democracy ဆိုပြီး အဲဒီခေါင်းစည်းလေးနဲ့ ဟောပြောပွဲလေး တခုပါ။ ဒီက community လူကြီးတွေရော၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေရော၊ တယောက် လေးငါး မိနစ်လောက် ပြောခွင့် ကျနော်တို့ ပေးထားပါတယ်။ နောက် ကျနော်တို့ ပရိသတ်တွေ အားလုံးပေါ့။ သုံး လေးရာလောက်တော့ တက်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ ကျနော်တို့ မြို့ခံတွေရော၊ အခြား ဒေသအလိုက် လူတွေရော။ ပြီးရင် ကျနော်တို့ ရှေ့ထွက်ပြီးတော့ ည ၇ နာရီခွဲမှာ ဖယောင်းတိုင်မီး ထွန်းပြီးတော့ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေနဲ့အတူ ကျနော်တို့ ဆုတောင်းပွဲ ကျင်းပမှာပါ။”

ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့လည်း ကိုတေဇ က အခုလို ပြောပြပါတယ်။

“ကျနော်တို့ မြန်မာ community က ၂၅၀ စာ သီးခြား လက်မှတ်တခု ရထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ lecture တက်ဖို့တက်ဖို့ပေါ့။ အဲဒီမှာ ကျနော်တို့ University of Louisville က ကျောင်းသူကျောင်းသားတွေရယ်၊ အာဏာပိုင် အဖွဲ့အစည်းက လူတွေရယ်၊ ဆီးနိတ်က ဧည့်သည်တွေနဲ့ ဒီမြို့က တခြား အဖွဲ့အစည်းတွေက လူကြီးတွေနဲ့ရော၊ နောက် ဒီက နိုင်ငံရေး အဖွဲ့အစည်းက လူတွေရော၊ မြို့ခံတွေလည်း တက်မှာပါ။”

Louisville မြို့ကို ဒေါ်အောင်ဆန်းစုကြည် မရောက်လာခင် စက်တင်ဘာလ ၂၂ ရက် စနေနေ့က နယူးယောက်မြို့မှာ Queens College တက္ကသိုလ် ကျောင်းသားတွေ၊ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံပညာ သင်ယူနေသူ အမေရိကန် ကျောင်းသားတဦး က ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်တည်းမှာ အစိုးရနဲ့ သဘောထား ကွဲလွဲသူ၊ တချိန်တည်းမှာပဲ လွှတ်တော်အမတ် တဦး အနေနဲ့ အတွေးအမြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါသလား လို့ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က -

“ပြောရမယ်ဆိုရင် ရှင်ထင်သလိုမျိုး ဖြစ်တာပေါ့ ရှင်။ ဒါကတော့ ဒီနှစ်ခုကြားမှာ အပီအပြင်ကို သဘာဝကျကျ အပြောင်းအလဲ ပေါ့။ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဆိုတာ တသက်လုံးတော့ အစိုးရနဲ့ သဘောထားကွဲ မနေကြပါဘူး။ ကျမတို့က အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေ ဖြစ်နေကြတဲ့ အကြောင်းရင်းက အစိုးရနဲ့ သဘောထား မကွဲချင်ကြလို့ပါ။ ဒါဟာ တကယ်ပါ။ ကျမဟာ လွှတ်တော်အမတ် တယောက်အဖြစ်နဲ့ အချိန်တွေကို အသုံးချနေရတာကို ကျမ ထင်ထားတာထက် ပိုပြီး ပျော်ရွှင်ကျေနပ် မိပါတယ်။ လွှတ်တော်အမတ် တယောက်ရဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို သိလာလေလေ၊ ဒီအလုပ် အပေါ်မှာ ပျော်ရွှင် နှစ်သက်စရာတွေ တပုံတခေါင်းကို ဖြစ်လာလေလေပါပဲ။ ကျမတို့မှာ ဒီလမ်းကြောင်းအတိုင်းပဲ သွားသင့်ပါတယ်။ ဒီတော့ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဆိုတာ ပီပီပြင်ပြင် သဘောထား ကွဲလွဲတဲ့ professional အတိုက်အခံ အမြဲဖြစ်နေရမယ်လို့ ကျမကတော့ မယုံကြည်ပါဘူး။”

ဒါ့အပြင် မြန်မာမိသားစု အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ တိုင်းရင်းသား အရေးတွေမှာ အဆင်မပြေတာကို မြင်လိုသူတွေ ရှိနေတာကြောင့် သတိထားကြဖို့နဲ့ ပြုပြင် ပြောင်းလဲကြဖို့ အခုလို သတိပေး သွားခဲ့ပါတယ်။
“အဆင်ပြေသွားနိုင်အောင်လို့ ခြေလှမ်းတွေကို မလှမ်းနိုင်အောင်လို့၊ အခက်အခဲ ဖြစ်အောင်လို့ လုပ်တဲ့ကိစ္စတွေ ဆိုရင်လည်း ကျမတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ ကျမတို့ရဲ့ ပြည်သူပြည်သားများဟာ ကိုယ့်နိုင်ငံကို ပြန်ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင် ဘယ်လို ပိုပြီးတော့ အဆင်ပြေအောင်၊ ဘယ်လို ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲ ဆိုတာကို အဓိက စဉ်းစားကြပါ။ ဘယ်လို တို့မီးရှို့မီးတွေ လုပ်မလဲ ဆိုတာ မစဉ်းစားကြပါနဲ့လို့ ကျမ မေတ္တာရပ်ခံပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စုကို စက်တင်ဘာလ ၁၇ ရက်နေ့က ရောက်ရှိလာခဲ့ပြီးတော့ အခုအခါ တတိယ ခရီးတထောက် အဖြစ် Kentucky ပြည်နယ်က Louisville မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

 ဦးရော်နီညိမ်း (ဗွီအိုအေ မြန်မာဌာန)

Posted: 23 Sep 2012 07:56 PM PDT
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ စနေနေ့က နယူးယောက်မြို့က Queens College မှာ နယူးယောက်မြို့နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ မိန့် ခွန်း နှင့် မေးခွန်းများ  ဖြေကြားချက် -----

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 




Posted: 23 Sep 2012 07:34 PM PDT
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ စနေနေ့က နယူးယောက်မြို့က Queens College မှာ နယူးယောက်မြို့နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ မိန့် ခွန်း နှင့် မေးခွန်းများ  ဖြေကြားချက် -----

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 


No comments:

Post a Comment