နှုတ်နဲ့ ပြောဆိုတာချင်း တူပေမယ့် လူမှုဆက်ဆံရေး နယ်ပယ်မှာ ပြောဆိုတာနဲ့ အလုပ်ထဲမှာ ပြောဆိုတာ
လိုအပ်ချက်ချင်း အများကြီး ကွာခြားပါတယ်။ လုပ်ငန်းခွင်မှာ နှုတ်နဲ့ ဆက်သွယ်ပြောဆိုမယ်ဆိုရင် ၀န်ထမ်းများအနေနဲ့ မိမိတို့ရဲ့ အဓိက ဆက်သွယ်ပြောဆိုပုံဟန်ကို သိရှိထားရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုပုံဟန် ဘယ်လို ပေါ်လွင်ထင်ရှားလာတယ်ဆိုတာကိုလည်း သိရပါမယ်။ ၀န်ထမ်းများဟာ ကိုယ့်ရဲ့ ဆက်သွယ်ပြောဆိုမှု ဟန်နဲ့ မတူညီတဲ့ အခြားသော ဆက်သွယ်ပြောဆိုမှု ချဉ်းကပ်ပုံများကိုလည်း နားလည်သဘောပေါက်ပြီး တန်ဖိုးထားတတ်ရပါမယ်။ ဆက်သွယ်ပြောဆိုမှု ဟန် မတူညီသူနဲ့ ပြောတဲ့ဆိုတဲ့အခါ အဆင်ပြေအောင် ညှိနှိုင်းမှုတွေလည်း ပြုလုပ်တတ်ရပါမယ်။ ကိုယ့်ရဲ့ ဟန်နဲ့ တစ်ဖက်သားရဲ့ ဟန်တို့ကို သိရှိနားလည်ခြင်းဖြင့် နောင်အခါ ဆက်သွယ်ပြောဆိုရာမှာ အောင်မြင်မှု ပိုမိုရရှိစေနိုင်တဲ့ ဆက်သွယ်ပြောဆိုမှု မဟာဗျူဟာတွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
တစ်ဖက်သားက ကိုယ်ပြောတာ ဆိုတာကို နားထောင်လာအောင် အားပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်ပြောချင်တာထက် သူတို့ ကြားချင်တာကို ပြောဖို့ဘဲ ဖြစ်ပါတယ်။
ဥပမာ ရာထူးနေရာတစ်ခုအတွက် အင်တာဗျူးသွားဖြေတယ်ဆိုပါတော့။ အောက်ဖော်ပြပါ စကားတွေထဲက ဘယ်စကားကို အင်တာဗျူးမေးတဲ့ အလုပ်ရှင်က ကြားချင်မလဲ။
(က) “Mr Chua, I want this job because it sounds interesting.”
မစ္စတာချွာ၊ ဒီအလုပ်က စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တဲ့အတွက် လုပ်ချင်တာပါ။
(ခ) “Mr Chua, I have considerable knowledge in this area which would be of great use to your company.”
မစ္စတာချွာ၊ ဒီလုပ်ငန်းနယ်ပယ်မှာ အသိပညာအများကြီး ရှိထားပါတယ်။ ကုမ္ပဏီအတွက် အများကြီး အသုံးကျမှာ ဖြစ်ပါတယ်။
(ခ) နံပါတ် စကားကို ကြားချင်မယ်ဆိုတာ သိသာထင်ရှားပါတယ်။
ကိုယ်ပြောတာကို တစ်ဖက်သားက နားထောင်ပြီး နားလည်သဘောပေါက်ဖို့ ဆိုရင် သူတို့ဘက်က စကား အသုံးအနှုန်းတွေနဲ့ ပြောဆိုမှ ဖြစ်လိမ့်မယ်။ တစ်နည်းအားဖြင့် ဆိုရလျှင် တစ်ဖက်သားရဲ့ အကျိုးစီးပွားတွေ၊ တန်ဖိုးတွေ၊ သဘောထားတွေနဲ့ အသိပညာတွေနဲ့ ဆက်စပ်ပြီး ပြောရမယ်။
ဆက်သွယ်ပြောဆိုသူတွေအနေနဲ့ အုပ်စု ၄စု ခွဲလို့ရတယ်။
လက်တွေ့ လုပ်ဆောင်ချက်ကို အဓိကထားသော ဆက်သွယ်ပြောဆိုသူများ (Action-oriented communicators)
* အလုပ်ဖြစ်အောင် လုပ်ဖို့အကြောင်း၊ “ထပ်လျှော့ပေးလို့ မရတော့တဲ့ အရင်းခံ အခြေအနေ”အကြောင်း၊ တိုးတက်လုပ်ဆောင်ခြင်းအကြောင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ အောင်မြင်ခြင်းအကြောင်းများကို ပြောတတ်ကြတယ်။
* တိုက်ရိုက်ပြောတတ်ကြတယ်၊ စိတ်မရှည်တတ်ဘူး၊ ပြတ်သားတယ်၊ မြန်တယ်၊ စွမ်းအားအပြည့်ရှိတယ်။
* အချိန်အကြာကြီး အာရုံမစူးစိုက်နိုင်ဘူး၊ အခြားသူစကားမဆုံးခင် ဖြတ်ပြောတတ်တယ်။ အလ္လာပသလ္လာပ ပြောတာကို မနှစ်သက်ဘူး။
* ကိုယ်ဟန်အမူအရာနဲ့ စကားပြောတဲ့ လေသံကို ကြည့်ပြီး စိတ်ခံစားမှုကို ကောင်းကောင်း သိနိုင်တယ်။
လုပ်ငန်းစဉ်ကို အဓိကထားသော ဆက်သွယ်ပြောဆိုသူများ (Process-oriented communicators)
* အချက်အလက်နဲ့ ကိန်းဂဏန်းတွေ၊ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဆန်းစစ်လေ့လာချက်နဲ့ အစီအစဉ်တွေကို ပြောဆိုတတ်တယ်။
* စနစ်ကျတယ်၊ စိတ်ရှည်တယ်၊ စိတ်ခံစားမှုက မလွှမ်းမိုးဘူး၊ သတိရှိတယ်၊ ကြောင်းကျိုးဆက်စပ်ပြီး စဉ်းစားတယ်။
* အချိန်အကြာကြီး အာရုံစူးစိုက်နိုင်တယ်၊ လက်တမ်း (ရုတ်တရက် စိတ်ထဲပေါ်လာတဲ့အတိုင်း) ပြောတာဆိုတာကို မကြိုက်ဘူး။
* ကိုယ်ဟန်အမူအရာနဲ့ စကားပြောတဲ့ လေသံကို ကြည့်ပြီး စိတ်ခံစားမှုကို သိနိုင်ဖို့ ခက်တယ်။
လူကို အဓိကထားသော ဆက်သွယ်ပြောဆိုသူများ (People-oriented communicators)
* လိုအပ်ချက်တွေ၊ စေ့ဆော်မှုတွေ၊ အစုအဖွဲ့လိုက် လုပ်ဆောင်မှု၊ တန်ဖိုးများ၊ စိတ်ခံစားမှုများနဲ့ ယုံကြည်ချက်များ အကြောင်းကို ပြောဆိုလေ့ ရှိတယ်။
* စိတ်ထဲပေါ်လာတဲ့အတိုင်း ပြောဆိုလုပ်ကိုင်တတ်တယ်၊ တစ်ဘက်သားရဲ့ ခံစားချက်ကို လိုက်ပါ ခံစား သိရှိနိုင်တယ်၊ ပုဂ္ဂလဓိဋ္ဌာန် တွေးတော လုပ်ဆောင်တတ်တယ်။
* လူကိုလူလို သဘောမထားတဲ့ တရားသေ လုပ်ထုံးလုပ်နည်းတွေကို မကြိုက်ဘူး။
* ကိုယ်ဟန်အမူအရာက ပွင့်လင်းမှု ရှိပြီး စကားသံကတော့ အမျိုးမျိုး ရှိတတ်တယ်။
အတွေးအခေါ်အယူအဆကို အဓိကထားသော ဆက်သွယ်ပြောဆိုသူများ (Idea-oriented communicators)
* ဆန်းသစ်တီထွင်ခြင်းနဲ့ အပြောင်းအလဲ အကြောင်း၊ လုပ်ငန်းဆောင်ရွက်ပုံ နည်းလမ်းသစ်များ၊ အယူအဆသစ်များ၊ ဖြစ်နိုင်ခြေများ အကြောင်း ပြောဆိုလေ့ ရှိတယ်။
* စိတ်ကူးစိတ်သန်း အမျိုးမျိုး ရှိကြတယ်၊ တစ်ဖက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် ပြောတတ်တယ်၊ နားလည်ဖို့ ခက်ခဲသူတွေ ဖြစ်တယ်။
* တစ်ဖက်သားကို စိန်ခေါ်လိုတယ်၊ စည်းမျဉ်းစည်းကမ်းတွေကို မကြိုက်ဘူး။
* စကားပြောဆိုပုံ လေယူလေသိမ်း အမျိုးမျိုး ရှိတတ်တယ်။ စိတ်ကူးစိတ်သန်းတွေ စုဆောင်းနေချိန်မှာ တစ်ဦးချင်း လွတ်လပ်လုံခြုံမှုကို အလိုရှိတယ်၊ နှုတ်နည်းတတ်တယ်။ စိတ်ကူးစိတ်သန်းတွေကို အများလက်ခံအောင် တိုက်တွန်းနှိုးဆော်တဲ့အခါမှာတေ့ တက်တက် ကြွကြွ ဖြစ်လာတတ်တယ်။
မိမိကိုယ်တိုင်သာမက တစ်ဖက်သားကိုလည်း ဘယ်လို ဆက်သွယ်ပြောဆိုသူ အမျိုးအစားဖြစ်တယ်ဆိုတာ စဉ်းစားပြီး အဆင်ပြေအောင် ပြောဖို့လိုအပ်ပါတယ်။
British Council မှ Guy Perring ၏ What type of communicator are you? အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။
Read more: သင်သည် ဘယ်လို ဆက်သွယ်ပြောဆိုသူ အမျိုးအစား ဖြစ်ပါသလဲ (What type of communicator are you? by Guy Perring) - Myanmar Network http://www.myanmar-network.net/forum/topics/what-type-of-communicator-are-you#ixzz22GgsxizT

No comments:
Post a Comment