Sunday, August 12, 2012

“မောင်မောင်မငိုနဲ့ ပြောလိုက်ဦး”


by Soe Min on Sunday, August 12, 2012 at 7:49pm

          ငယ်ငယ်တုန်းကတော့ ဘုန်းကြီးပျံတွေမှာ ဧယျာဉ်ကျူးသလိုမျိုး အရပ်ထဲက မသာအသုဘများ မှာလည်း စည်စည်ကားကား အန်တာတိန်းမန့်လေးပါသွားအောင် ဖွဲ့ကာနွဲ့ကာ အော်ဟစ်ပစ်ခတ် ငိုယိုတတ်သူတို့ကို မုန့်ဖိုးပဲဖိုးလေးများပေးလို့ အငိုခိုင်းပါသတဲ့။ ငိုချင်းသည်လို့ပြောရင် လူတိုင်းသိကြပါ တယ်။ ကိုယ့်အိမ်ကလူတစ်ယောက်လုံး သေသွားတာတောင် ငိုမယ့်ယိုမယ့်သူမရှိရင် ခြောက်ကပ်ကပ်နဲ့  သူတို့ ဘယ်တုန်းကတည်းက သေစေချင်နေမှန်းမသိပေါင် လို့ သူများတွေထင်ကုန်ရင် ရှက်စရာကြီးလေ။ သိပ်မကြာသေးခင်တုန်းကတော့ “အလို… အဲဒါမျိုးတွေက တို့ဆီမှာမှ မဟုတ်ဘူး။ အားပုဂျိတို့ မြောက်ဘက် ရွာမှာလည်း ရှိပေသကိုး” လို့ အံဖွယ်သုတ သိလိုက်ရသေးသဗျ။ ကျုပ်တို့ရွာမှာတော့ ငိုချင်းသည်မ မရွှေလှ ဆိုတဲ့ ပြောစမှတ်ပုံပြင်တစ်ပုဒ် ရှိသေးတယ်။ ထန်းတောရှင်ကြီး ထန်းလျှောလို့သေရှာတော့ ငိုမယ့်သူမရှိလို့ နီးစပ်ရာမေးမြန်းပြီး မရွှေလှကြီးကို ငိုချင်းငှားသတဲ့။
ဘယ်သူလဲဟဲ့။ အသက်ဘယ်လောက် ရှိပတုန်းဟဲ့။ ဘာဖြစ်လို့သေတာတုန်းဟဲ့ နဲ့ ဒေတာတွေ အန်းတားလုပ်ပြီးမှ တဘက်ကလေးခေါင်းပေါ်တင် ပူပုံပန်းကလေးနဲ့ သုဿန်ထဲဝင်သွားသတဲ့။ ဖြစ်ချင်တော့ ကလေးမမွေးနိုင်လို့ မီးတွင်းထဲ အသက်ကုန်သွားတဲ့ မိန်းမတစ်ယောက်ကလည်း မသာပြိုင်ဖြစ်နေပြီး သရဏဂုံတင်နေလေရဲ့။ မစူးမစမ်းနဲ့ မရွှေလှကြီးက အဲသည်အခေါင်းကြီးပြေးဖက်ပြီး “အောင်မယ်လေး သွားလေသူကြီးရဲ့။ အဖြစ်ဆိုးလှချည့်လား။ ဘယ့်လောက်တောင်များ ကွဲပြဲသွားရှာလေမလဲ။ သွေးသံတရဲရဲ နဲ့ ကျုပ်ဖြင့် မမြင်ဝံ့ပေါင်တော်။” လို့ အော်ကာဟစ်ကာ ငိုလေပါသတဲ့။ စိတ်ဆိုးရလည်းအခက်၊ လွှတ်ထားပြန်ရင်လည်း ဘာတွေလျှောက်ပြောဦးမယ်မသိ။ အကြောင်းသိတဲ့သူတွေအဖို့တော့ ငိုအားထက်ရယ်အားသန် ပတ်တုပ်မရဖြစ်ကုန်တာပေါ့။
          သက်ကြီးစကား သက်ငယ်ကြားလို့ မှတ်သားမိသောစကားဖြစ်သော်ငြားလည်း အခုတလောမှာတော့ ကိုယ်မတွေ့ဖူးလိုက်တဲ့ ငိုချင်းသည်မ မရွှေလှကြီးကို ခနခန မျက်စိထဲ ပြေးပြေးမြင်မိပါသဗျာ။ သူတို့ခမျာ ငိုချင်လျက် လက်တို့တို့ပြီး ပြကာတကာ ငိုစရာ အလောင်းတောင် ရှာမရနိုင်တာနဲ့ သံရုံးရှေ့ ငရုတ်ဆီတွေဖြန်းပြီး ပါဖောမန့်အတ် လုပ်လိုလုပ်၊ နာဂစ်တုန်းက ဓါတ်ပုံအဟောင်းတွေကို ဖိုတိုရှော့နဲ့ မုတ်ဆိပ်ဆင်လိုဆင်၊ ရခိုင်ပြည်နယ်မှာလည်း  ဇီချွမ်ကအလောင်းတွေလာပေါ်သကိုး လို့ တအံ့တသြတွေ့လိုတွေ့ရ၊ ဒလိုင်းလားမားကြီးတောင် ဘယ်တုန်းက မြန်မာဗီဇာရသွားလေတယ် မသိဘူး။ အော်မီတော်ဖော်ပါ ရှီးဖောရယ်။ ကျောင်းလောင်ကြီးရော ယိုရင်ကြာတဲ့အထဲ ပါနေပါသလား။ သင်္ဘောသီးမှည့်ကပ်ပါ့မယ်။ အဲသည် မဟုတ်ကဟုတ်က ပေါက်ပန်းဈေး ကောလာဟလတွေဟာ အခြေအမြစ်မရှိလို့ တူတူတန်တန် အဖက်လုပ်ပြီး ရှင်းလင်းမနေခဲ့တာ ကြာပါပြီ။ ဘာပြောစရာလိုလို့လဲ။ အချိန်တန်တော့ နွားပိန်ကန်လိမ့်မပေါ့။ သို့သော်လည်းပေါ့လေ။ မရွှေလှကြီးက ကိုယ့်မသာလည်း မဟုတ်ပဲနဲ့ မစူးမစမ်း ပြဲသလေး လန်သလေး အသံကုန်ဟစ်တဲ့အခါ လူကြားမကောင်း သူကြားမကောင်းမို့လို့ ကြိမ်လုံးတော့ ပြထားရမလို ဖြစ်နေပါပြီ။ ကာထားလို့ မမြင်ရဘူးထင်ရင်လည်း စိတ်တိုင်းကျသာ လှန်လှောရှုစားလှည့်ပါ။ မဟုတ်မဟတ် သူများဂုံးချောစကားတွေကို အမှန်လို့ယူဆ၊ အဲဒါတွေ အမှန်ယူဆလို့ မြန်မာတွေ ရခိုင်တွေက မွတ်စလင်တွေကို လူမျိုးပြုတ်အောင် သတ်ဖြတ်နေပါတယ်လို့ ထပ်ပြီး ယူဆ၊ အဲသည်အယူအဆကြီးနဲ့ စစ်တွေမြို့ကိုလာ လေယာဉ်ပျံပေါ်ကဆင်း ရော့ အင့် တာ့တာ ပြန်တဲ့အခါ ကဲ ငါမပြောဘူးလား သူတို့တတွေခမျာ အဲသလောက်တောင် ခွဲခြားခံရတယ်လို့ ဘာသက်သေမှ မရှိပဲ စွပ်စွဲ။ ဘယ့်နှာကြီးတုန်းဗျာ။ မရွှေလှကြီးတောင် မှားမယ့်သာ မှားရှာတာ မငိုခင် ဘယ်သူဘယ်ဝါ ဘာဖြစ် မေးမြန်းစူးစမ်းသေးသဗျ။
          ဒီအကြောင်းနဲ့ ပတ်သက်ပြီး စိတ်ထဲရှိသမျှ အရေးကုန်အောင် ပြောခဲ့ဆိုခဲ့ပြီးပြီမို့ နောက်ထပ် ဘာမှ မပြောတော့ဘူး လို့ စိတ်ပိုင်းဖြတ်ထားသော်ငြား နိုင်ငံရပ်ခြား တိုင်းတပါးက မကြာခင်လေးကမှ ပြန်လာသူတွေကတော့ ကိုယ်ပြောတဲ့စကားဟာ သူတို့ဟိုမှာ ဖြစ်နေတဲ့ခိုင်လုံသော သတင်းရပ်ကွက်တွေအဆိုနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခြားနားပါသတဲ့။ ပါးစပ်ကထုတ်ဖော် မပြောသော်ငြား သူတို့ဆိုလိုချင်တဲ့မတ်စိကိုတော့ ဂွပ်ကနဲ ဓါတ်သွားပါတယ်။ “မင်းမသိလို့ ဖြစ်ပါလိမ့်မယ်။” တဲ့။ ဟုတ်ပေမပေါ့လေ။ သူတို့ဆီမတော့ ခရစ်စတယ်ဘော ပြာလဲ့လဲ့ကြီးကို လက်သည်းရှည်ချွန်ချွန်ကြီးတွေကတဆင့် လျှပ်စစ်လှိုင်းတွေထုတ်လွှတ်လို့ရတဲ့ နတ်မျက်စိပုလင်းကွဲတွေလည်း ရှိပေသကိုး။ ဒါပေမယ့်လည်း ဒီတခါမှာတော့ အရင်ဘုန်းကြီးတွေကိစ္စတုန်းကလို သတင်းထောက်ကြီးကို တည့်တည့်ပစ်တဲ့ ဂြိုလ်တုက ဓါတ်ပုံမျိုးတွေလည်း မမြင်မိပါကလားခင်ဗျာ။ တွေ့မိသမျှပုံတွေကတော့ ကလေးတွေကိုတောင် အချဉ်ဖမ်းလို့မရတဲ့ အင်မှန်း သိသိသာသာကြီးတွေပါ။ အဲ့တုန်းကတော့ အအကြီး အပင်းကြီး အကန်းကြီးလို နေစိမ့်သူကြီးက အခု အတုကြီးတွေနဲ့ကျမှ ရင်ဘတ်စည်တီး ငိုကြီးချက်မဖြစ်နေတာ ကျုပ်တို့ဆီက သန်းခြောက်ဆယ်က လူတွေမဟုတ်ပဲ အခုရှစ်သိန်းကမှ လရေးနှစ်ချောင်းငင် လို့ ဖတ်ရမယ်ပေါ့နော်။  လက်စသတ်တော့ သူပြောတဲ့ Systematic Discrimination ဆိုတာ ဒါကိုး။ အသက်လေးဆယ်ကျော်တဲ့အထိ Times နဲ့ Newsweek တောင် တိုရေရှားရေ လေယာဉ်ပျံနဲ့ မှာဖတ်တဲ့အရပ်ကမို့ ဗဟုသုတ မရှိရှာဘူး အထင်ခံရမှာစိုးလို့ သားသားလည်း ကြိုးစားပန်းစား ဘိုလိုရေးထား မြန်မာများအကြောင်းကို ရှာဖွေလေ့လာဖတ်မိပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ စာပေတွေမို့လို့ အမြင်ကျယ်သလား မမေးပါနဲ့။ အကျယ်ကြီးမှ အကျယ်ကြီး။ ဗမာလို မမြင်တာတစ်ခုပဲ ပြောစရာရှိတယ်။ ငါတို့က ဘိုလိုရေးထားတာမို့ သူတို့ဗမာတွေ ဘယ်ဖတ်တတ်လိမ့်မလဲ အထင်နဲ့ မဟုတ်တမ်းတရား ရေးချင်တာတွေ ရေးသားထားလိုက်ကြတာ။ သူတို့စိတ်ထဲ မြန်မာမှန်ရင် စာမတတ်ပေမတတ်နဲ့ အသက်မပြည့်သေးပဲ လက်နက်ကိုင်၊ အထက်ကခိုင်းသမျှ မစဉ်းမစား မဆိုင်းမတွ ဒိုင်းညှောင့် ဒက်ဒက်ဒက် လုပ်တတ်တဲ့သူတွေချည့်ပဲ မှတ်နေပုံရသဗျ။ (ရှိကောင်းရှိပါလိမ့်မယ်။ အကုန်တော့ မဟုတ်ဘူး အရပ်ကတို့ရဲ့။) ဘယ်သူကမှ ဟုတ်လည်းမဟုတ်ပဲနဲ့လို့ ငြင်းတဲ့သူလည်း မတွေ့ရ။ အဲလောက်ကြီးတော့ ဟုတ်မထင်ပေါင်လို့ ဖျန်ဖြေနှစ်သိမ့်ပေးမယ့်သူလည်း မရှိ။ လောကကြီး လူလိမ်မာတွေ တယ်ပေါသကိုးဗျာ။ ကိုယ့်အိမ်က ဘဘကြီးများလည်း “နို့ သိမှ သိပဲနဲ့” မဖြစ်ရလေအောင် အငှားစာတော်ဖတ်ကလေးများ လက်သပ်မွေးထားဖို့ ကောင်းပြီထင်ပါရဲ့။ “မိုက်ဒြဲ့ နားရှည် မြည်းနားရှည်” အော်သံတွေက အင်တာနက်ပေါ်မှာ ပွစိတက်လို့။ နောက်တော့မှ “မသိလို့ပြောမိတာပဲ ဟာကို ဟာကို” လို့ ဘွာတေးခတ်လို့ မရဘူးလေ။
          သူများတွေပြောသမျှ ကောလာဟလတွေ ပြန့်နေရခြင်းအကြောင်းရင်းဟာ ကိုယ့်ပြောစကားကို နိုင်ငံတကာက အရေးတယူ ယုံယုံကြည်ကြည် လက်ခံနိုင်မှု နည်းပါးတဲ့အတွက် လို့ ပြောရင် ပိန္နဲပင်ဆွဲထည့်ပြန်ပြီ ဆိုကြဦးမှာပဲ။ အရင်တုန်းကလည်း ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မဟုတ်ရပါကြောင်း မုန်လာဥမီဒီယာတွေမှာ ရှင်းခဲ့လင်းခဲ့တာတွေ ရှေ့ကဖုံး နောက်ကပေါ်ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိသကိုးဗျ။ အခု “တကယ်ကြီး မှ တကယ်ကြီး၊ ဘုရားစူး မိုးကြိုးပစ် မဟုတ်ရပါဘူး” ကျတော့မှ ဘယ်သူက လွယ်လွယ်ယုံတော့မှာလဲ။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြရုံပဲ ကျန်တော့တယ်။ ဘယ်လိုသက်သေပြရမလဲဆိုတာကတော့ လွယ်ပါတယ်။ မီဒီယာတွေကို သည့်ထက်နည်းနည်းလေးပို လွတ်လပ်ခွင့်ပေးလိုက်။ လွတ်လပ်ခွင့်တိုင်းရဲ့ နောက်မှာ တာဝန်ယူမှုတွေရှိတယ်။ ကိုယ်ရေးတဲ့သတင်းကိုယ် တာဝန်ယူကြ။ “ဤသို့ပြောကြလေသတတ်။” တို့။ “အတည်မပြုရသေးသော သတင်းများအရ” တို့ ဆိုတာ သတင်းသမားတွေ သုံးတဲ့စကား ဟုတ်မဟုတ် ကိုယ့်ဘာသာ စဉ်းစားကြည့်လေ။ “ငါမကောင်းရင် ငါ့ကိုရေး။ ငါ့မိဖုရား မကောင်းရင် မိဖုရားကိုရေး။ နင်တို့ဟာနင်တို့ ရေးချင်တာရေး။ စာပေစိစစ်ရေးကြမှ အကုန်ဖြုတ်ပစ်မယ်။” လို့တော့ မနောက်နဲ့ပေါ့။ မေးတဲ့မြန်းတဲ့အခါလည်း “အင်တာနက်ပေါ်မှာ ကလေးဖျက်ချလိုက်တယ် လို့ ပြောကြတယ်နော်။” ဆိုတာမျိုး သွားမေးပြီး ပါးရိုက်ခံရလို့ကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ။ ထောင်တန်တဲ့စကားဗျား။ အခုကိစ္စကြီးမှာ ငပိသည်အိပ်ပျော်နေတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့သူကြီးတွေကို ဆင်အိပ်ရာ ဆိတ်နှိုးပေးလိုက်ပါတယ်။ ဟိုမှာ ယင်တလောင်းလောင်းက လောက်တဖွားဖွားဖြစ်ကုန်ပြီ။ မာမူကြီးက အာပွားပေးလိုက်မှ ပြန်နိုးလာမှာလား။ အတွေ့ထဲက သီသီကြီးပြောတဲ့စကားနဲ့ပြောရရင် “ဟင်္သာမယ်လေးတွေအတွက်ချည့်ပဲ နောက်ဆံတငင်ငင်ဖြစ်မနေပါနဲ့လေ။ ဟောသည်က ငှက်ကြီးဒုံးစပ်မအတွက်လည်း တစ်ပင်လောက် တင်းတော်မူပါဦး။” လို့။
          တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး အတွေးအမြင်နဲ့ ကြည့်ရမယ်ဆိုရင် ကျုပ်တို့တတွေက “ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး စစ်အာဏာရှင်အစိုးရလက်အောက်မှာ အနှစ်ခြောက်ဆယ်ကျော်ကြာအောင် အသားကျလာခဲ့တာဆိုတော့ … ” (အဲဒါ သားသားကြောတာဟုတ်ဘူးနော်။ မြန်မာဘာသာနဲ့ တရားဝင်ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ကြီးထဲက ကိုးကားထားတာ။ စာပေစိစစ်ရေးကတောင် ခွင့်ပြုလို့ ဒုတိယအကြိမ်ဖြန့်ချိထားပြီ) မကြာသေးခင်ကမှ ဗြုန်းစားကြီး Clean သွား Good သွားတဲ့ ဘဘကြီးတွေကို နိုင်ငံတကာကတောင် စောင့်ကြည့်အကဲခတ်နေကြတုန်းပဲ ရှိပါသေးသတဲ့။ အများသိတော်မူကြတဲ့အတိုင်း သူတို့ခမျာမလည်း ကျုပ်တို့ မြန်မာတွေအရေးနဲ့  မကြာခနဆိုသလို စိုးရိမ်မကင်းဖြစ်နေရတာကြောင့် စိတ်ဖြောင့်လက်ဖြောင့်မှ စက်တော်ခေါ်နိုင်ကြပါ့မလား မသိ။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် ၀င်ကာထွက်ကာ လေ့လာကာနဲ့ ပြန်လည်းသွားရော ဘန်ကောက်လောက်ရောက်ရင် စာလေးကျော်တွေက ဆီထမင်းဖြစ်ကုန်ရော။ ဒီလိုအခြေအနေမျိုးမှာ ခင်ဗျားတို့ စလောင်းဖျား ယင်နားတဲ့သူတွေထက် ကျုပ်တို့လို ဖိုခွင်ပေါ်က စစ်ကိုင်းအိုး၊ မန္တလေးအိုး၊ တွံတေးအိုးတွေက ပိုပူတတ်ပါသော်ကောဗျာ။ မတော်လို့ “ငါ တယ်။ ပြန်ကောက်သိမ်းပလိုက်ရ။” ဆိုရင် တကောင်းအဘိရာဇာ အာဒမ် နဲ့ ဧ၀ က ပြန်စနေရပါဦးမယ်။ အဲဒါကြောင့်မို့လို့ ကိုကြီးကျော်ကိုလည်း ချော့ပါတယ်။ မမနှဲကိုလည်း မော့ပါတယ်။ မင်းညီနောင်ကိုလည်း မဆော့ပါဘူး။ clean လက်စနဲ့ ပျော်ပျော်ကြီး ဆက် clean ကြ good ကြပါ။ ကိုယ်တော်များ သနားမှ စားရမယ့်ဘ၀။ နောင်တော်များ ကြည်ဖြူမှ လူဖြစ်မယ့်ဘ၀ပါခင်ဗျ။ နောက်ကြောင်းပြန်မလှည့်ရင်ပြီးရော ချိုမိုင်မိုင်ပဲကက စိတ်ကြိုက်သာကြဲတော့ဖျာ့။ တနေ့တလံ ပန်းကန် ဘယ်သူမှ မဆေးဘူး။ သိပြီးသား။
          တကယ်လို့များ ပြည်ပမီဒီယာတွေပြောစကားက အမှန်ဖြစ်ပြီး သားသားတို့ မြန်မာတွေက အပြစ်မဲ့တဲ့ မွတ်စလင်ညီနောင်များကို လူမျိုးပါပြုတ်အောင် ၀ိုင်းဝန်းသတ်ဖြတ် အနိုင်ကျင့်နေတာ လက်ပူးလက်ကြပ်မိနေပြီ ဆိုပါတော့။ အဲဒီအချက်အလက်ဟာ မြန်မာပြည်ကို စစ်အင်အားနဲ့ ၀င်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ အကြောင်းပြချက်မဟုတ်ဘူးဆိုရင် နောက်တစ်မျိုး အဖြေဘယ်လိုရှာကြမလဲ။ စောလူးမင်းကို ငရမန်ကန်းလက် ထားခဲ့သလို သနားစရာ မွတ်စလင်ညီနောင်တွေကို သူများတကာ မသေမချင်း ဆက်အနိုင်ကျင့်ခံရအောင် ခေါက်ဆွဲခြောက်ကလေး စားထားနှင့်လို့ ချွေးသိပ်ပြီး ပြန်သွားမှာလားဗျ။ ဘေးလွတ်ရာမှာ သူတို့ဘ၀လေးတွေ အေးအေးဆေးဆေး အခြေတကျနေထိုင်သွားနိုင်အောင် ခေါ်မသွားချင်ဘူးလား။ ခေါ်မသွားနိုင်ဘူးလား။ ခင်ဗျားတို့ မေတ္တာရှင်ကြီးတွေ မလုပ်နိုင်တဲ့အလုပ်ကို အကြင်နာတရားကင်းမဲ့တဲ့ မြန်မာတွေက မဖြစ်မနေလုပ်ပေးရလိမ့်မယ် လို့ ဘာဖြစ်လို့ မျှော်လင့်ရတာလဲ။ ကမ္ဘာပေါ်မှာ ဖြစ်ဖြစ်သမျှသော အငြင်းပွားမှု ပဋိပက္ခတွေကို စောင့်ကြည့်စီမံခန့်ခွဲတဲ့အလုပ်ကိုလုပ်ဖို့ ဂုဏ်သရေရှိ နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုကနေ အသက်မွေးဝမ်းကြောင်း လခရိက္ခာစားနေသူတစ်ယောက်ဟာ ရန်မီးငြိမ်းစေတဲ့စကားနဲ့ ရန်မီးတောက်စေတတ်တဲ့စကားနှစ်ခွန်းကို ကွဲပြားနားလည်လိမ့်မယ်လို့ ထင်ထားမိတာ မှားများမှားနေပြီလား လို့ သံသယဖြစ်မိပါတယ်။ သူပြောနေကျအတိုင်းဆိုရင်တော့ ရှေ့ဆက်ဖြစ်ပေါ်လာမယ့် အကျိုးဆက်အတွက် လွန်စွာမှပင် စိုးရိမ်ပူပန်မကင်း ဖြစ်မိပါကြောင်းခင်ဗျာ။ ၀ါသနာပါလို့ ငိုချင်သပဆို ငိုသာငိုပါ မရွှေလှရယ်။ ပိန္နဲပင်တော့ဆွဲမထည့်ပါနဲ့။ အကွဲအပြဲလည်း မပါကြေး။ အလောင်းကလေးတွေ အရင်သေသေချာချာ ကြည့်လိုက်ပါဦး။

No comments:

Post a Comment