Saturday, August 25, 2012

ဘုရားသခင်နဲ့ အချင်းများခြင်း . ကဗျာနှင့် သူ၏နောက်ဆက်တွဲ ဆွေးနွေးချက်များ


ဘုရားသခင်နဲ့ အချင်းများခြင်း . . .

ဘုရားသခင်ကို လူမျိုးလောက်မချစ်ဘူး
ဘုရားသခင်ကို နိုင်ငံလောက်မချစ်ဘူး
ဘုရားသခင်ကို ကိုယ့်ကိုကိုယ်လောက်မချစ်ဘူး
ဘုရားသခင်ကို လွတ်လပ်ခွင့်လောက်မချစ်ဘူး
ဘုရားသခင် ဘုရားသခင်အကြောင်းတခါမှ ကဗျာမရေးဖူးဘူး
ဘုရားသခင်သာ တကယ်ရှိရင် တခါလောက်ကဗျာရေးခွင့်ပြုပါ . . .


ဘုရားလို့ ဘာကြောင့်ခေါ်လဲ မသိပါ 
ဘုရားသခင်ဟာ တကယ်ရှိသလား 
ဘုရားသခင်ဟာ တကယ်မရှိဘူးလား
ဘုရားသခင်တကယ်ရှိရင် ညနေအိမ်ကိုအလည်လာပါ
ဘုရားသခင်ဖန်ဆင်းတဲ့ သာမန်လူသားတစ်ဦးနဲ့ စကားပြောခွင့်ပြုပါ 
ဘုရားသခင်က စကားမပြောရအောင် ကျနော်က ဆင်းရဲလို့လား
ကျနော်က ယုတ်မာနေလို့လား
ကျနော်က ပညာနည်းလို့လား
ဒါမှမဟုတ်မပြောချင်လို့ မပြောတာလား
ဒါမှ မဟုတ် တကယ်မရှိလို့မပြောတာလား
ဘုရားသခင်ဟာ ယုဒ်ပြတခုလား
ဘုရားသခင် ဘုရားသခင် ဘုရားသခင် 
ဒီလောက်စော်ကားနေတဲ့ ကျနော့်ကဗျာမတောက်တခေါက်ရေးတတ်တဲ့ 
အတတ်ပညာ ပိစိညှောက်တောင့်ကို စာတွေမှာပါတဲ့တန်ခိုးနဲ့ ရပ်ပလိုက်ပါ . . .

ဘာသာမဲ့နဲ့ ဘာသာရှိတဲ့လူဟာ ဘာကွာလဲ 
ကွာခြားချက်တွေကြောင့် ဘယ်လိုအကျိုးသက်ရောက်မူ့ရှိလဲ
ဘုရားသခင် ကျနော်ဟွာဝေး တလုံးလောက်လိုချင်တယ်
ဘုရားသခင် ကျနော် နောက်ဆုံးပေါ် အိုင်ပက်တလုံးလိုချင်တယ်
ဘုရားသခင် ကျနော့်စာတွေကို လုံးဝဥသုဉ် ( ကျနော်ကိုယ်တိုင်မဟုတ်ပဲ )
နားလည်နိုင်မဲ့လူတစ်ယောက်လိုချင်တယ် 
ဘုရားသခင်ကိုမယုံရင် ဘုရားသခင် ဒဏ်ခတ်မှာလား
ဘုရားသခင်ကို လက်မခံရင် လာရောက်တရားပြမှာလား
ဘုရားသခင်ဟာ စင်္ကြာဝဌာတခုကိုပိုင်တာလား
ဘုရားသခင်ဟာ အလုံးစုံကိုပိုင်တာလား
ဘုရားသခင်ဟာ ဖန်ဆင်းသူဖြစ်ကြောင်းဘယ်လို သက်သေပြမလဲ
ဗုဒ္ဒမြတ်စွာဘုရားနဲ့ဘုရားသခင်ဘယ်သူ မှန်သလဲ
ဗြမ္မာကြီးနဲ့ဘုရားသခင်က ဘယ်သူပိုတန်ခိုးကြီးသလဲ 
ချားဒါဝင်နဲ့ ဘုရားသခင် ဘယ်သူပိုတန်ခိုးကြီးသလဲ
ဖန်ဆင်းရှင် ၀ါဒဟာ ဘုရားသခင်အမည်နာမတခုနဲ့ အသက်ဝင်တယ် . . .

ဘုရားသခင်ရှိတယ်ဆိုတာနဲ့ ယုံလိုက်ရမလား
ဘုရားသခင်ကို ယုံကြည်ရင် မြင်ရမယ်ဆိုတာနဲ့ ယုံလိုက်ရမလား
ကျနော်ယုံပြီးမှ ဘာမှဖြစ်မလာရင် ဘယ်လိုအလျှော်ပေးမလဲ 
မြန်မာစကားမှာ ဟုတ်သည် ရှိ မဟုတ်သည် ရှိ ဆိုတဲ့ အပြောရှိတယ်ဘုရားသခင်
ဒါကြောင့် ပြောခဲ့သမျှ အတွက် မဟာဂရုဏာနဲ့ခွင့်လွတ်ပါ
ခွင့်မလွတ်နိုင်ရင် လဲ ရပါတယ် ဘုရားသခင်
ဘုရားသခင် ခွင့်မလွတ်ဘူးဆိုရင် သာမန်စိတ်ကောက်တတ်တဲ့လုနဲ့ဘာထူးလဲ
နောက်တာပါ ဘုရားသခင်
ဒီကဗျာဟာ ကျနော်ဘုရားသခင်အပေါ်အမြင်ဖြစ်တယ် 
ကဗျာတစ်ပုဒ်လိုပဲ ဖတ်ပါဘုရားသခင်
ဘုရားသခင်ကိုနာမည်မတတ်ထားတဲ့အတွက်
ဘယ်ဘာသာက ဘယ်အစွန်းရောက် မှ ဆဲမယ်မထင်ဘူး
ဆဲရင်လည်းခံပါ့မယ် ဘုရားသခင် 
ကျမ်းစာအုပ်အရပ်ရပ်က အလိုအတိုင်းဆို
ဒါဟာ ဘုရားသခင်ဖန်ဆင်းတဲ့ ကဗျာတပုဒ်မို့လို့ပဲ
ဒါဟာ ကဗျာတစ်ပုဒ်မျှသာ . . .


 မာဃလုလင်
       
 သုရှင် 

ဘုရားသခင် တကယ် ရှိမရှိကို များစွာသော.. ပညာရှင်တွေနည်းပေါင်းများစွာနဲ့
သက်သေ ပြခဲ့ကြတယ်။ ဖီလော် သမားကလည်း ဖီလော အရ ( ဒေးကား ) ဟာဘုရားသခင်ရှိကြောင်းသက်သေပြတဲ့နေရာမှာ တော်တော် ထိရောက်ခဲ့ပါတယ်။
သူ့ဥပမာက ဖရောင်းတိုင်မီး လင်းနေတာကို ဘယ်သူမှ မရှိတဲ့အခန်းထဲမှာ ထားပြီး အဲဒီ ဖရောင်းတိုင်ဟာ အကြောင်းမဲ့ ( ဘယ်သူမှ မသိဘဲ) လင်းနေတာ မဟုတ်ပဲ တစ်စုံတစ်ယောက် ( ဘုရားသခင် ) ရဲ့စောင့်ကြည့်ခြင်းအောက်မှာသာ လင်းနေတာဖြစ်တဲ့အကြောင်း..။ သူ့သက်သေက ဆိုတယ်။
သက်သေတွေအားလုံးဟာ ...ဖြစ်နိုင်ချေ နဲ့ ယုတ္တိ တန်မှုကို ရောနှောပြီး ဆင်ခြင်သုံးသပ် ထားတာကို တွေ့နိုင်ပါတယ။် ဒါပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်က မှ ဘုရားသခင်ရှိတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခြင်းမရှိသေးပါဘူး။


Thantsin Phyoe thantsinphyo@gmail.com

ဖန်ဆင်းရှင်တကယ်ရှိမရှိဆိုတာနဲ့ပတ်သက်လို့ကတော့ ဖန်ဆင်းရှင်လက်မခံတဲ့ဘာသာဝင်နဲ့ ဖန်ဆင်းရှင်လက်ခံတဲ့ဘာသာဝင်တွေကြားမှာ အငြင်းပွါးလို့ ဆုံးမည်မထင်... အဲ့ဒါကြီးကိုယူယူလာပြီး ဖန်ဆင်းရှင်ရှိမရှိ ဒိုင်ယာလက်တစ်တိုက်ပွဲတွေ စိန်ခေါ်တဲ့အသုံးအနှုံးတွေနဲ့ရေးနေလို့ အကျိုးတစ်စုံတစ်ရာမရှိလို့ပဲပြောချင်တယ်... ဖန်ဆင်းရှင်လက်မခံနိုင်သူတွေလည်း လူဖြစ်သလို ဖန်ဆင်းရှင်လက်ခံတဲ့လူတွေလည်း လူဖြစ်နေတယ်... ဖန်ဆင်းရှင်ကိုလက်ခံကြသူတွေဘက်က ဒဿနပိုင်းဆိုင်ရာအရရော သိပ္ပံဆိုင်ရာတွေ့ရှိချက်တွေအရပါ အထောက်အထားပြလေ့ရှိသလို ဖန်ဆင်းရှင်လက်မခံသူတွေကလည်း ဒဿနပိုင်းဆိုင်ရာအရရော သိပ္ပံတွေ့ရှိချက်တွေကိုပဲ အထောက်အထားပြလေ့ရှိကြပြန်တယ်... ယေဘုယျအားဖြင့် ဒီပြဿနာကို Unsolved အနေနဲ့ ငြိမ်းချမ်းစွာသဘောထားကွဲလွဲခွင့်အဖြစ် သဘောထားကြလေ့ရှိတယ်... ဒါဆိုရင် ဘုရားသခင်ရှိခြင်း ဝါ ထာဝရဘုရားသခင်ရှိခြင်း ဝါ ဖန်ဆင်းရှင်ရှိခြင်း ဆိုတာလူတွေကြားမှာ ချပြဆွေးနွေးလို့မရနိုင်ဘူးလားဆိုရင်တော့ ရပါတယ်... သို့သော် ငြိမ်းချမ်းစွာသဘောထားကွဲလွဲကြဖို့လိုသလို ဖန်ဆင်းရှင်မယုံသူတွေက ဖန်ဆင်းရှင်ယုံသူတွေကို respect မရှိတဲ့စိန်ခေါ်သလိုမျိုး ပြောဆိုသုံးစွဲရန်မသင့်သလို ဖန်ဆင်းရှင်ယုံသူတွေကလည်း ဖန်ဆင်းရှင်မယုံသူတွေကို respect မရှိတဲ့ စိန်ခေါ်သလိုမျိုးပြောဆိုသုံးစွဲခြင်းမပြုမိဖို့လိုတယ်...

ဒီနေရာမှာ အွန်လိုင်းဆိုတာကိုနည်းနည်းတော့ရှင်းပြဖို့လိုလိမ့်မယ်... အပျော်အပျက်ဆိုတာ မိတ်ဆွေရင်းနှီးသူအချင်းချင်း ထိုင်ပြီးစကားပြောရာမှာ ပြောလို့ဆိုလို့ကောင်းပေမဲ့ public မှာတင်ပြဆွေးနွေးတဲ့အခါမှာ သရော်သလိုလို ထေ့သလိုလိုပြောလိုက်တာတွေက sensitive ဖြစ်သွားတာမျိုးကြုံဖူးကြလိမ့်မယ်ထင်တယ်... ဒါ့ကြောင့် အားလုံးပဲဆွေးနွေးကြမယ်ဆိုရင် ကိုယ့်ကိုယ်ကိုဂရုတော့စိုက်ပေးကြစေလိုတယ်... ကျနော့ဘက်က အားလုံးကိုကြိုပြီးတောင်းဆိုထားတာဖြစ်ပါတယ်... :]


Lynn Htet Swe myatchitshin@gmail.com

ဘုရားသခင် ရှိ မရှိ လူသားတွေ အငြင်းပွားခဲ့ တာ ထောင်စုနှစ်ပေါင်း များစွာ ပါ။
ရှိ တယ်လို့ ယုံ ကြည် သူတွေ က လဲ ကိုယ့် အကြောင်းနဲ့ ကိုယ် ကိုယ့် ဆင်ခြေနဲ့ ကိုယ်။ မယုံကြည်သူတွေ က လဲ ကိုယ့် အကြောင်းနဲ့ ကိုယ် ကိုယ့် ဆင်ခြေနဲ့ ကိုယ်။ မယုံကြည်သူ တွေ ထဲ မှာ ကို Atheist, Non-theist, Pantheist, Panentheist, Naturalist, Humanist, Vitalist, Materialist, Skeptic, Agnostic စ သဖြင့် အုပ်စု တွေ များစွာ ရှိကြမယ်။ ကိုယ် သန်ရာ ကိုယ် ပြော ကြတာ ပါပဲ။ လူဦးရေ နဲ့ အချိုးချ ရင် တော့ ဖန်ဆင်းရှင်ဘုရားသခင် ပုံစံ တစ်မျိုးမျိုး ကို ယုံကြည်သက်ဝင် သူတွေ က အများစု လို့ ဆို ရ မယ်။ ဘာသာမဲ့ သန်း ၁၂၀၀ လောက်ရယ် ဗုဒ္ဓဘာသာဝင် သန်း ၃၀၀ လောက် ရယ် ဂျိန်းဘာသာဝင် နည်းနည်းရယ် သန်း ၇၀၀၀ ထဲ က နုတ်လိုက်ရင် ကျန်တဲ့ လူသားတွေ အားလုံး က ဘုရားသခင် ယုံကြည်သူ တွေ လို့ ပြော နိုင်တယ်။

တစ်ချို့ လဲ မိရိုးဖလာ ဘုရားသခင် ကို ယုံကြည်နေရာ က နေ အကြောင်းတစုံတရာကြောင့် အတွေ့အကြုံတစ်ခုခု ကြောင့် မယုံကြည် သူ ဖြစ်သွား တာ တွေ ရှိ သလို တစ်ချို့ လဲ မယုံကြည်သူ အဖြစ် က နေ အကြောင်းတစုံတရာကြောင့် အတွေ့အကြုံတစ်ခုခု ကြောင့် ယုံကြည် သူ ဖြစ်သွား ရတာ တွေ လဲ တွေ့ နေ ရ တော့ ဒါလဲ ကိုယ့် ဆင်ခြေနဲ့ ကိုယ် ပဲ လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီတော့ ဒီ ပြဿနာ က ဒီဘိတ် လုပ် လို့ အဆုံးမသတ်နိုင်တဲ့ ပြဿနာ ပဲ ဖြစ်တယ်။ မယုံကြည်သူ တွေ က concept of God ရဲ့ အတွင်းဝိရောဓိ တွေ ကို ဖေါ်ပြကြ သလို ယုံကြည်သူတွေ က လဲ ယုံကြည်နိုင်စေလောက်တဲ့ သက်သေသာဓက တွေ ထုတ်ပြ ကြနဲ့ပေါ့။ လူတိုင်း က ကိုယ့် ဘ၀ အတွက် ကိုယ် ရွေးချယ် ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။

ကျွန်တော် က တော့ concept of God ကို လက်မခံတဲ့ ဓမ္မလမ်း ကို ရွေးချယ် လျှောက်လှမ်း နေသူ ဖြစ်ပါတယ်။


Thantsin Phyoe thantsinphyo@gmail.com

ကျနော်ကတော့ အဲ့ဒီအပိုင်းကို ကျနော့ကိုးကွယ်ရာကိုမထိပါးမခြင်း ဒိုင်ယာလော့တိုက်ပွဲမဆင်နွှဲချင်ဘူး... ဒိုင်ယာလော့တိုက်ပွဲလို့ပြောလို့ နည်းနည်းများပြင်းတယ်လို့ထင်မလားတော့မသိဘူး ဒါပေမဲ့ ကျနော်မြင်ဖူးသလောက်တော့ လက်တွေ့အကျိုးနည်းပါးလှတယ်... သို့သော် အဲ့ဒီအပိုင်းကိုမှ တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးချင်သူတွေ အစဆွဲထုတ်သူတွေကလည်း ရှိလားရှိရဲ့ဗျာ... ဘယ်သူတွေဘယ်လိုပဲ ဆွေးနွေးဆွေးနွေးပါ brain storming လုပ်တာတစ်ပိုင်းဆိုတော့ တားလို့မရစကောင်းကိုး...

ကျနော်ကတော့ ဖန်ဆင်းရှင်/ထာဝရဖန်ဆင်ရှင်/အရာရာကိုထိန်းချုပ်နိုင်သောဘုရားသခင် ကိုကိုးကွယ်သူပါ :]


soe naing snsoenaing4@gmail.com

ကြားဖူးတာကတော့  ``ဘုရားသခင်က လူကိုဖန်တီးတာ မဟုတ်ဘူး။   လူက ဘုရားသခင်ကို ဖန်တီးတာ ``  ဆိုပဲ---``။   ပျားအုံတော့ တုတ်နဲ့ထိုးလိုက်ပြီ   အတုတ်မခံချင်ရင်   ပြေးကြဗျို့--------  (  :-)

Lynn Htet Swe myatchitshin@gmail.com

ဘုရား-ဖုရား ဆို တာ ပုသျှား က လာ တာ ဖြစ်တယ်။ ပုဂံခေတ် ကျောက်စာတွေ မှာ လဲ ပုသျှ လို့ ပဲ ရေး တယ်။
ပုသျှား ဆို တာ ပုရိသ ပါပဲ။ အလိုခပ်သိမ်းပြည့်စုံစေသူ ဆို တဲ့ အနက် ရှိတယ်။
ဒီတော့ ဘာသာတရားတွေ မှာ အမြင့်ဆုံးပုဂ္ဂိုလ် ကို ပုရိသ=ပုသျှား=ပုရား-ဖုရား=ဘုရား လို့ ခေါ်ဝေါ် သုံးနှုန်း တာ သင့်မြတ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓ ဖြစ်ဖြစ် ယေဟောဝါ ဖြစ်ဖြစ် အလ္လာဟ် ဖြစ်ဖြစ် ဘုရား ( အလိုခပ်သိမ်းပြည့်စုံစေသူ ) ဆို တဲ့ အနက် နဲ့ သုံးထိုက် ပါတယ်။


salie gideon saliegideon@gmail.com

ရေနစ်သူကိုရေကူးသင်ပေးတာထက် ကယ်တင်လိုက်ခြင်းကပိုအကျိုးရှိတယ် လျှပ်စစ်ဓါတ်တစ်ကယ်ရှိမရှိ ဓါတ်လိုက်ဖူးတဲ့သူပိုသိတယ် သရက်သီးဘယ်လောက် အရသာရှိကြောင်း စားဖူးတဲ့သူ ပိုသိတယ် မိတ်ဆွေ ဘုရားသခင် ဖန်ဆင်းရှင် တစ်ကယ်ရှိမရှိ သိချင်လျှင် ကိုယ်တိုင် နှတ်ဖြင့်ဖိတ်ခေါ် မြည်းစမ်းကြည့်ပါ သူများပြောတိုင်းမယုံပါနှင့်


dr.sithu1981 dr.sithu1981@gmail.com

တကယ်တော့ဖန်ဆင်းရှင်ကိုယုံကြည်သူများ၏သက်ဝင်မှုမှာထာဝရဘုရားသခင် စေလွှတ်တဲ့ သတင်းပေး လမ်းပြမဟာလူသား တမန်တော်များမှဆင်းသက်ပါသည်။
ထာဝရဘုရားသခင် စေလွှတ်သော ထိုလူသားတမန်တော်တို့သည် ဘုရားသခင်တည်ရှိကြောင်း တစ်ဆူတည်းဖြစ်ကြောင်း မည်သည့်ဖန်ဆင်းခံ အပေါ်တွင်မှ မှီတည်ခြင်းမရှိကြောင်း သတင်းပေး လမ်းပြသွားခဲ့ကြသည်။ ဖန်ဆင်းရှင်ကိုယုံကြည်ခြင်း မယုံကြည်ခြင်းသည် ဖန်ဆင်းခံ၏အသိဥာဏ် အလင်းပြခံရခြင်း နှင့်သာဆိုင်သည်။


Haroon roon.ha@gmail.com

လူတော်ကြီး Mr.Jugger
ကိုယ်ပိုင်အတွေးဖြင့် ဘာသာမဲ့စွာသာနေထိုင်ပါ။

ဘာသာတရားများ အကြောင်းဝင်ရှင်းပြစရာ ပြောစရာမလိုပါ။

အားလုံး ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ကိုးကွယ်နေတာပါ။

ဘာမှစောဒကတက်ဖို့ မလိုပါ။

မကောင်းမှု ဟူသည်ပင် ဖန်ဆင်းရှင်၏ ဖန်ဆင်းချက်တခုသာဖြစ်၍
ဒုက္ခဟူသည် မိမိ၏ ခံယူချက်ပေါ်မူတည်၍ ဖြစ်ပေါ်လာသောတရားဖြစ်သည်။
မီလျံနာဒုက္ခသည်များရှိသလို တံငါသည်လူချမ်းသာများလည်းရှိကြပေသည်။:)


Mr. Jugger juggernaut.mm@gmail.com

လူလိမ်မာလေး ကို Haroon
ကျွန်ုပ်လည်းကျွန်ုပ်အတွေးနဲ့ ကျွန်ုပ်လွတ်လပ်သောလူသားဝါဒအရ
စောဒကတက်ခွင့်မရှိဘူးလား
ဆင်ခြင်ဥာဏ်ရှိသော သူများသည် ဆင်ခြင်ဥာဏ်ရှိသလို တွေးလိမ့်မည်။
လက်သင့်ခံသူသည် လက်ခံလိမ့်မည်။
မှန်တယ်ထင်ရင် မှန်တယ်လို့မှတ်၏
မှားတယ်ထင်ရင် မှားတယ်လို့မှတ်၏
ဘာသာတရားသည်တလောကလုံး သင်တစ်ယောက်တည်းကိုးကွယ်နေတာမဟုတ်ပါ
ပတ်ဝန်းကျင်နဲ့ နိုင်ငံနဲ့ တကမ္ဘာလုံးကိုးကွယ်ခြင်းဖြစ်၏
ဘာသာမဲ့ပေမဲ့ လူမယဉ်ကျေးမဖြစ်ရင်တော်ပြီဟုမှတ်ယူ၏
လူသားလွတ်လပ်ခွင့်အရ ပြောပိုင်ခွင့်ရှိ၏
လူပတ်ဝန်းကျင်မှာရှိနေတဲ့ အကြောင်းတရားများ၊
အရာကိစ္စများကိုစူးစမ်းပိုင်ခွင့်ရှိ၏ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
မစော်ကား၊ မနစ်နာရင်ပြီးရော ပြောပိုင်ခွင့်ရှိ၏...
ကျွန်ုပ်နေထိုင်ရာသည် မြန်မာနိုင်ငံဖြစ်၏ အရှေ့အလယ်ပိုင်းမဟုတ်
အစိုးရသည် လွတ်လပ်စွာတွေးပိုင်ခွင့်ပေး၏
လက်ခံသည်လက်မခံသည်ဟူသည် နားထောင်သူ၏ဖွင့်ထားသောရင်ဘတ်ပေါ်တွင်သာ တည်မှီ၏
သင်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျွန်တော်အပိုင်းမဟုတ် သင့်အပိုင်းသာဖြစ်၏
ကျွန်တော့လွတ်လပ်ခွင့်ကို ပိတ်ပင်ရအောင် သင်သည် ကျွန်ုပ်ဖခင်မဟုတ် အုပ်ထိန်းသူမဟုတ်
အုပ်ထိန်းသူသည်ပင် ကျွန်ုပ်ဆန္ဒကိုမပိတ်ပင် သင်ကျွန်ုပ်လွတ်လပ်ခွင့်ကို မတားပါနှင့် .....


Thantsin Phyoe thantsinphyo@gmail.com 
ဒဿနစကားလုံးတစ်ခုပြောပြမယ်ခင်ဗျ... ပန်းသီးသည် အနီရောင်ဖြစ်သည်လို့ ရေးလိုက်တာဟာ အနီရောင်တိုင်းပန်းသီးလို့အဓိပ္ပာယ်မထွက်ဘူးဗျ... ဒါပေမဲ့ ဝဇီဆိုတာ ပြောတတ်ရင်ပြောတတ်သလို သူများကိုထိခိုက်စေတယ်ဆိုတာလေး သိစေချင်လို့ That is correct brother, no animal can't think there is one creator exist. :] လို့ရေးလိုက်တာပါ... ပြောရရင် အင်္ဂလိပ်သဒ္ဒါတောင်မမှန်ဘူး... ဖြစ်သင့်တာက That is correct brother, animal can't think there is one creator exist. :] ဖြစ်ရမှာ... လောလော လောလောနဲ့ရေးလိုက်တာ တလွဲကြီး :]

အခုတော့ပြန်ပြင်ပေးလိုက်မယ်ဗျာ... အမုန်းပွါးတယ်ဆိုတာမကောင်းဘူး... ဘာသာတရားတွေရဲ့ အပြင်ဘက်ကိုခဏလေးထွက်ထိုင်လိုက်ရင် အောက်ကစာလုံးလေးတွေပိုပြီး အဓိပ္ပာယ်ရှိလာတယ်
ဘယ်ကြွက်မှ ကြွက်ထောင်ခြောက်ကိုမတီထွင်ဘူး သို့သော်လူသားတွေကတော့ လူသန်းပေါင်းများစွာကို သတ်ဖြတ်နိုင်တဲ့ စွမ်းအားမြင့်လက်နက်တွေတီထွင်နိုင်တယ်...
ဖန်ဆင်းရှင်ရှိကြောင်း တွေးတောပြီးအဖြေထုတ်တာလည်းလူပဲ ဖန်ဆင်းရှင်မရှိဘူးဆိုပြီး တွေးတောပြီးငြင်းဆန်တာလဲလူပဲ reverse အနေနဲ့ပြောရရင်
ဖန်ဆင်းရှင်မရှိဘူးဆိုပြီး တွေးတောပြီး အဖြေထုတ်တာလည်းလူပဲ ဖန်ဆင်းရှင်ရှိတယ်ဆိုပြီး တွေးတောပြီးငြင်းဆန်တာလဲလူပဲ
ပြောရရင်တော့ ဘာသာတရား လူမျိုး ကိုးကွယ်ရာ အသားအရောင် စတာတွေကနေဖယ်ခွါပြီး လူကိုလူလို့မြင်နိုင်ရင် အကောင်းဆုံးပဲ... လူသားတန်ဖိုးတွေကို အသီးသီးအပြန်အလှန် လေးစားအသိအမှတ်ပြုရင် လုံလောက်ပြီထင်တယ်... 

Thantsin Phyoe

ဘာ့ကြောင့်များ အကြီးအကျယ်အငြင်းပွါးနေကြမှန်းမသိဘူး... ဖန်ဆင်းရှင်မယုံတာ သူ့ကဏ္ဍနဲ့သူဗျာ... သူ့အနေနဲ့ သူမယုံတာချရေးတဲ့အပေါ် ပေါက်ကွဲဖို့တော်တော်ခက်တယ်... ဖန်ဆင်းရှင်ယုံတဲ့လူတွေရဲ့ ခံစားချက်ကိုမသိလို့မဟုတ်ဘူး... ဒီနေရာမှာ public ဖြန့်တာဆိုတော့ ဖန်ဆင်းရှင်မယုံတဲ့လူတစ်ယောက်က ဖန်ဆင်းရှင်မယုံရခြင်းအကြောင်းအရင်း ဝါ သူ့ရဲ့ ဖန်ဆင်းရှင်အပေါ်မှာမြင်တဲ့ပုံစံကို ချရေးတာကို ဝါဒဖြန့်တာလို့ ယေဘုယျကောက်ချက်ချသွားကြတယ်... ဒီလိုအခြေအနေမှာ နောက်ထပ် အနေအထားတစ်ခုက Factor တစ်ခုအနေနဲ့ဝင်လာတယ်... ဒီမေး/ဒီ Thread စကတည်းက ဖန်ဆင်းရှင်ရှိမရှိအပေါ် စာစရေးတာ ဘုရားသခင်လို့နာမည်တပ်ပေမဲ့ ဖန်ဆင်းရှင်ကိုဆိုလိုချင်မှန်းသိသာရေးထားရာကစတာ... ဒီတော့ ဖန်ဆင်းရှင်မယုံသူ ဝါ ဖန်ဆင်းရှင်ရှိမှုအပေါ်မေးခွန်းထုတ်လိုသူက သူ့စိတ်ထဲရှိရာကို ဘာနဲ့မှမညိပဲချရေးတာဆိုတဲ့ အနေအထားကိုနားလည်ဖို့လိုတယ်... ကျနော်ပြောချင်တာက အဲ့ဒါ Human value ပဲ... Human Right ပဲ... ဖန်ဆင်းရှင်မယုံသူ ဝါ ဖန်ဆင်းရှင်အပေါ်ကိုမေးခွန်းထုတ်လိုသူအနေနဲ့ လွတ်လပ်စွာထုတ်ဖော်တာကို နားလည်သဘောပေါက်ပြီး ခံစားပေးနိုင်ဖို့လိုတယ်... အဲ့ဒီအပိုင်းကို နားမလည်ပေးနိုင်ရင် ကိုယ့်ရဲ့ Human value ကျတာပဲ... လူတစ်ဖက်သားရဲ့ Human Right ကိုမလေးစားတာပဲ... 

အိုင်းစတိုင်းက သူဟာ စပင်နိုဇာရဲ့ ဘုရားသခင်ဝါဒကိုပဲ လက်ခံနိုင်မယ်လို့ ပြောဖူးတယ်... စတီဖင်ဟော့ကင်းက ဖန်ဆင်းရှင်မရှိဘူးလို့ လူသိထင်ရှားကြွေးကြော်ဖူးတယ်... ဒီလူ၂ယောက်က သိပ္ပံပညာမှာ ခေါင်တွေပဲ... အဲ့ဒီကြွေးကျော်မှုကိုလည်းကြားရော တစ်ကမ္ဘာလုံးက ဖန်ဆင်းရှင်ငြင်းပယ်သူတွေ လက်ခမောင်းခတ်ကြတယ်... တကယ်ဆို စတီဖင်ဟော့ကင်းလို အိုင်းစတိုင်းလိုလူတွေဒီလောက်ပြောတာ ဘာ့ကြောင့် ဖန်ဆင်းရှင်လက်ခံတဲ့လူတွေ ယုတ်လျော့မသွားလဲ??? စတီဖင်ဟော့ကင်းရဲ့ ဖန်ဆင်းရှင်မရှိဘူးဆိုတဲ့ကြေငြာချက်ကို တုံ့ပြန်တဲ့ သိပ္ပံပညာရှင်တစ်ဦးရဲ့ပြောစကားဆို ကျနော်တော့သဘောကျတယ်... 

လူတစ်ယောက်က ကားတစ်စီးကိုမောင်းတတ်တယ်... ကားရဲ့အရှိန်ကိုတင်ဖို့ အမြန်နှုန်းမြှင့်ဖို့ လီဗာကိုနင်းရမယ်မှန်းသိတယ် စတီယာရင်းကို ဘယ်ဘက်ကိုလှည့်ရင်ကားဘယ်ဘက်ကိုကွေ့မယ် ညာဘက်ကိုလှည့်ရင် ညာဘက်ကိုကွေ့မယ်ဆိုတာသိတယ် နောက်ပြီး ဘရိတ်ကိုနင်းရင် ကားရပ်မယ်ဆိုတာသိတယ်... ဒါနဲ့ပဲ သူဟာ ကားတစ်စီးလုံးရဲ့ ရွေ့ရှားသွားလာပုံကို အလုံးစုံသိသွားလို့ အဲ့ဒီကားက သူ့ဟာသူ ဖြစ်လာတယ် တပ်ဆင်ပေးသူမရှိဘူးလို့ပြောလို့မရဘူး... တဲ့ဗျ... ကျနော်ပြောတာပြည့်စုံလှမယ်တော့မထင်ပါဘူး... ဘာ့ကြောင့်လဲဆိုတော့ လောလောဆယ်ခေါင်းထဲပေါ်လာတာကို နားလည်သလိုမျိုးရေးပြတာ... သဘောတရားက အဲ့ဒီလိုပါပဲ... 

ကျနော်အရင်ရေးတဲ့စာမှာလည်းပါပြီးသား... ဖန်ဆင်းရှင်ယုံခြင်းမယုံခြင်းကို ရေဆုံးမြေဆုံးလိုက်ဖို့ လူတိုင်းမှာဝမ်းစာအပြည့်ရှိကြလိမ့်မယ်... ဒါပေမဲ့ ဖန်ဆင်းရှင်ယုံတဲ့လူကလည်း သူဘာကြောင့်ယုံတယ်ဆိုတာပဲပြောနိုင်မှာဖြစ်ပြီး မယုံတဲ့လူကလည်း ဘာ့ကြောင့်မယုံဘူးလဲဆိုတာပြောနိုင်ရုံပဲ... ၂ဖက်စလုံး ဒဿနတွေ ဖီလော်ဆော်ဖီတွေ သိပ္ပံတွေကိုင်ငြင်း ညှိရသွားတယ်လို့ မကြားဖူးသေးဘူး... အဲ့ဒါဘာလဲဆိုတော့ basic faith ပေါ့... ဘာသာတရားရှိတဲ့လူပဲဖြစ်ဖြစ် ဘာသာတရားမဲ့တဲ့လူပဲဖြစ်ဖြစ် ဖန်ဆင်းရှင်ယုံသူပဲဖြစ်ဖြစ် ဖန်ဆင်းရှင်မယုံသူပဲဖြစ်ဖြစ် အားလုံးကိုယ့်ကိုယ်ကိုမချွင်းမချန်စစ်ဆေးလိုက်ရင် basic faith တစ်ခုအပေါ်မှာ ရပ်နေကြတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိသွားလိမ့်မယ်...  ဘာသာမဲ့တွေမှာ basic faith မရှိဘူးလို့ တစ်ချို့ကထင်ကြတယ်... ကျနော့အမြင်တော့ ဖန်ဆင်းရှင်မရှိဘူး ဘာသာတရားမရှိဘူး နောက်ဘဝမရှိဘူး ငရဲမရှိဘူး အားလုံးဟာတစ်ဘဝစံပဲ စတဲ့ စတဲ့အနေအထားတွေနဲ့ ဘာသာမဲ့တွေဟာ basic faith ဖြစ်နေတယ်လို့ဆိုနိုင်တယ်... လောလောဆယ် World wide အနေနဲ့ ဘာသာမဲ့တွေကို အခန်းကဏ္ဍသတ်မှတ်ပေးလိုက်မယ်ဆိုရင် faith တစ်ခုအဖြစ်ယူဆလိုက်မယ်ဆိုရင် ဘာသာမဲ့ဆိုတာ World wide အနေနဲ့ အလျှင်မြန်ဆုံးပျံ့ပွါးနေတဲ့ faith တစ်ခုဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြနေပြီ... ဒါဟာဘာကိုဖော်ပြတာလဲဆိုရင် ဘာသာတရားတွေအနေနဲ့ တဖြည်းဖြည်းနဲ့ လူမှုဘဝနဲ့အဆင်ပြေပြေနေနိုင်မှုဆိုတဲ့ zone ကနေ ဆုတ်ခွါနေရပြီ... 

ဘာသာတရားဖွင့်ဆိုသူတွေအနေနဲ့ လျှင်မြန်စွာတိုးတက်နေတဲ့ ကမ္ဘာကြီးနဲ့ ပိုမိုပြီးကျယ်ပြန့်စွာလိုက်မှီနိုင်မှုအနေအထားကို လိုက်မှီအောင်ကြိုးစားသင့်တယ်... ကိုယ့်ဟာကိုယ်ဘယ်ဟာကို basic faith အနေနဲ့လက်ခံထားတာလဲ အဲ့ဒီအပေါ်မှာ ကိုယ့်ရဲ့ရပ်တည်မှုနဲ့တုံ့ပြန်တာမျိုးပိုဖြစ်သင့်တယ်လို့ထင်တယ်... စာလည်းတော်တော်ရှည်လျှားနေပြီ... နောက်ဆုံးနိဂုံးအနေနဲ့ Human value နဲ့ human right ကို နားလည်ပေးနိုင်အောင်ကြိုးစားကြဖို့ပဲတိုက်တွန်းရင်း သတင်းတစ်ပုဒ်နဲ့ အဆုံးသတ်ချင်တယ်... 


အမေရိကန်နိုင်ငံမှာ ဘာသာရေးယုံကြည်မှု နည်းပါးလာပြီး ဘာသာမဲ့ဒိဌိများ တဖြည်းဖြည်း တိုးပွါးလာကြောင်း မကြာသေးမီက WIN-Gallup International အဖွဲ့က ကောက်ယူခဲ့တဲ့ The Global Index of Religiosity and Atheism စစ်တမ်းအရ သိရှိရပါတယ်။

နိုင်ငံပေါင်း ၅၇ နိုင်ငံမှ လူဦးရေး ငါးသောင်းကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ယခင် ၂၀၀၅ ခုနှစ်မှာ တစ်ကြိမ် ကောက်ယူခဲ့ရာ ဘာသာရေး လေးစားလိုက်နာသည်ဟု ဖြေကြားသူ ၇၃ ရာခိုင်နှုန်းမှ ယခုအခါ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး “ဘာသာမဲ့ဒိဌိ”ဟု ဖြေဆိုသူမှာ  ၁ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ တိုးပွါးလာပါတယ်။

တမ်ပါတက္ကသိုလ် (University of Tampa) မှ ဘာသာရေး လူမှုဗေဒ ပညာရှင် ရိုင်ယန်ကရေဂမ် (Ryan Cragun) က လူများဟာ ဘာသာမဲ့ဒိဌိ အဖြစ်များလာတာထက် ဘာသာမဲ့ဒိဌိလို့ ပြောဆိုလာလေ့ ရှိကြတယ်လို့ သုံးသပ်ပြပါတယ်။ 

ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံ (Vietnam) မှာ ဘာသာရေးလေးစားမှု၊ ယုံကြည်မှု သိသိသာသာ လျော့ကျသွားသော်လည်း ဘာသာမဲ့ဒိဌိလို့ ဝန်ခံဖြေဆိုသူ မရှိပါ။ ကွန်မြူနစ်ပါတီ အဖွဲ့ဝင် ၈ သန်း ရှိတဲ့နိုင်ငံမှာ ဘာသာမဲ့ဒိဌိ မရှိဘူးဆိုတာ မဖြစ်နိုင်ပါ။

နောက်တစ်ခု ဖြစ်နိုင်ခြေရှိတာကတော့ အမေရိကန်နိုင်ငံရှိ ဘာသာမဲ့ဒိဌိ အဖွဲ့အစည်းများက ဘုရားသခင်ကို ယုံကြည်မှု ကင်းမဲ့သူများကို ဘာသာမဲ့ဒိဌိအဖြစ် တရားဝင်အများသိ ထုတ်ဖော်ပြောဆိုဖို့ တိုက်တွန်းနှိုးဆော် ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၂၀၀၅ ခုနှစ်ထုတ် ဆမ်ဟားရစ် (Sam Harris) ဆိုသူရဲ့ “ဘာသာရေး ယုံကြည်မှုရဲ့ နိဂုံး” (The End of Faith) ဆိုတဲ့ စာအုပ်ဟာ နာမည်ကျော်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ခရစ်တိုဖာ ဟစ်ချန် (Christopher Hitchens) ၊ ရစ်ချက် ဒေါ်ကင် (Richard Dawkins) ၊ ဒေနီယယ် ဒန်းနက် (Daniel Dennett) အစရှိသူများရဲ့ ဘာသာမဲ့ဒိဌိ စာအုပ်များ ထွက်ရှိခဲ့ပြီး New Atheists “ဒိဌိသစ်များ” လို့ခေါ်တဲ့ အယူအဆသစ် တစ်မျိုးဟာလည်း ရေပန်းစားလာခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ  ရစ်ချက် ဒေါ်ကင် (Richard Dawkins) က သူ့ရဲ့ Foundation for Reason မှ The Out Campaign လို့ ခေါ်တဲ့ ဒိဌိဝါဒ ပြန့်ပွါးရေး စီမံကိန်းကို စတင်ခဲ့ပြီး အခြား ဘာသာမဲ့ဒိဌိအဖွဲ့များရဲ့ ထောက်ခံအားပေးမှုကိုလည်း သောင်းသောင်းဖျဖျ ရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ် American Religious Identification Survey (ARIS) စစ်တမ်း အစီရင်ခံစာအရ အမေရိကန်နိုင်ငံသားအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းဟာ “ဘာသာမဲ့ဒိဌိ” လို့ဖြေဆိုပြီး ၁၉၉၀ ခုနှစ်က ၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာက နှစ်ဆနီးပါး တိုးပွါးလာခြင်းပါ။

ဒီဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံမှာသာ မဟုတ်ဘဲ အခြားနိုင်ငံတွေမှာလည်း ထပ်တူထပ်မျှ တွေ့ရှိရပါတယ်။

တရားဝင် ဘာသာမဲ့ဒိဌိ အများဆုံးနိုင်ငံများမှာ တရုတ်နိုင်ငံ (China) က ၄၇ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး ဂျပန်နိုင်ငံ (Japan) က ၃၁ ရာခိုင်နှုန်း၊ ချက် (Czech Republic) က ၃၀ ရာခိုင်နှုန်းနဲ့ ပြင်သစ် (France) က ၂၉ ရာခိုင်နှုန်းတို့ အသီးသီး ဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံ (Ireland) မှာ ဘာသာရေးလေးစားမှု ၆၉ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းသို့ လျော့ကျသွားပြီး ပိုလန် (Poland) နဲ့ မော်ဒိုဘာ (Moldova) နိုင်ငံများမှာ ဘာသာမဲ့ဒိဌိ အချိုးအစားဟာ အမေရိကန်နိုင်ငံနဲ့ ထပ်တူရှိတာကို တွေ့ရပါတယ်။

ဘာသာရေး လေးစားမှု အရှိဆုံး၊ အမြင့်ဆုံး နိုင်ငံများကတော့ အာဖရိကတိုက်မှာ ဂါနာ (Ghana) ၊ နိုင်ဂျီးရီးယား (Nigeria) ၊ ကင်ညာ (Kenya) ၊ တောင်အမေရိကတိုက်မှာ ဘရာဇီး (Brazil) ၊ ပီရူး (Peru) နဲ့ အရှေ့ဥရောပမှာ မက်ဆီဒိုးနီးယား (Macedonia) ၊ ရိုမေးနီးယား (Romania) ၊ အာမေးနီးယား (Armenia) တို့ အသီးသီး ဖြစ်ကြပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်)

Source: The Huffington Post


ဦးဦးမှော်ဆရာ ဂျီမေးလ်ဂရုမှ ဗဟုသုတရဖွယ် ဆွေးနွေးချက်တချို့ကို ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment