by Linn Yaung on Wednesday, August 1, 2012 at 1:40am
လွှတ်တော်
သမ္မတကြီး ဦးလင်းရောင်လက်ထက် ကြီးမားသော အပြောင်းအလဲများတွင်
ပြည်သူ့လွှတ်တော်ခေါ်ယူခြင်းမှာလဲ ပြောစမှတ်တွင်စရာဖြစ်ခဲ့သည်။
ဦးစွာပထမ ရွေးချယ်ခံပြည်သူ့လွှတ်တော်အမတ်များကို ချက်ချင်းလွှတ်တော်သို့ မ၀င်ခိုင်းဘဲ
(Entrance) ၀င်ခွင့် စာမေးပွဲဖြေခိုင်းသည်။
ပြည်သူက ရွေးချယ်တာ ရွေးချယ်တာပဲ တကယ်အရည်အချင်း ရှိမရှိ စမ်းစစ်သင့်သည်ဟု သမ္မတကြီးမှယုံကြည်သည်။
ထို့ကြောင့် ရွေးချယ်ခံလွှတ်တော်အမတ်များကို ကိုရီးယားဇာတ်လမ်းတွဲများ သုံးညပေါက် မိုးအလင်း ထိုင်ကြည့်ခိုင်းသည်။
နောက်တစ်နေ့တွင် အဆိုတော် မာမာအေး၏ မောင့်အချစ်မြားဆူး သီချင်းအား အဲယားကွန်းအခန်းထဲတွင် တစ်နေကုန် ဖွင့်လှစ်နားဆင်စေပြီး အိပ်ငိုက်ခြင်း၊ သန်းဝေခြင်း မရှိကုန်သော အမတ်များကိုသာ လွှတ်တော်အတွင်းသို့ ၀င်ခွင့်ပြုလေသည်။
ဤသို့ဖြင့် ယခင်အစိုးရလက်ထက် လွှတ်တော်အတွင်း အိပ်ငိုက်ကုန်သော အမတ်များကြောင့် အရှက်ရစရာ ကိစ္စများကို
ကြိုတင်ကာကွယ်နိုင်ခဲ့သည်။
သမ္မတကြီးသည် သဘောတရားရေးရာများကို ကျွမ်းကျင် နှံ့စပ်သူဖြစ်သည်။
ယခင် ကြံ့ဖွတ်အစိုးရလက်ထက်က ပယ်စရာရှိသည်များကို ပယ်သည်။ ထို့အတူ ယူစရာရှိသည်များကိုလည်း ယူလေသည်။
ယခင်အစိုးရလက်ထက် လွှတ်တော်ရှေ့တွင် ထားရှိသော ကျိုင်းတုတ်ကြီးကိုမူ ဆက်လက်ထားရှိခြင်းဖြင့် အစဉ်အလာကို ထိန်းသိမ်းခဲ့သည်။ သို့သော် အဆိုပါ ကျိုင်းတုပ်ကိုကား အလကားမထား။ လွှတ်တော်အတွင်း အသုံးဝင်အောင် စီမံခဲ့သည်။
ထင်ရာ မြင်ရာ ပေါက်ကရ အဆိုများတင်သွင်းသူ လွှတ်တော်အမတ်များကို အများဆန္ဒကောက်ယူပြီး လွှတ်တော်ရှေ့သို့ ခေါ်ထုတ်ကာ
အဆိုပါ ကျိုင်းတုတ်ဖြင့် ကျောကော့အောင်ရိုက်၍ အပြစ်ပေးသည်။
ထို့ကြောင့် အဆိုပါ သမ္မတကြီး လက်ထက်တွင် ပေါက်လွတ်ပဲစား အဆိုတင်သွင်းမှုများရပ်တန့်သွားသည်။
အကျိုးမဲ့ စကားများ အပြောအဆိုမရှိတော့သဖြင့် လွှတ်တော်သည် တိုင်းကျိုးပြည်ပြုကိစ္စများကို ပိုမိုဆောင်ရွက်လာနိုင်သည်။
သမ္မတကြီးသည် ယခင်အစိုးရလက်ထက်က ဆောင်ပုဒ်ဖြစ်သော
“ပြည်သူ့အသံ- လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်”ဟူသည့် စာသားအား ဆက်လက်ထားရှိသကဲ့သို့ တကယ်လည်း လိုက်နာကျင့်သုံး၏။
၎င်းအပြင် လွှတ်တော်အတွင်း အမှန်တကယ်လိုအပ်နေသော ဆောင်ပုဒ်တစ်ခုကို ထပ်မံဖြည့်စွက်၏။
အဆိုပါ ဆောင်ပုဒ်ကိုမူ ထပ်မံအသစ်ရေးထိုးခြင်း မရှိဘဲ မူလတန်းကျောင်းမှ ဆိုင်းဘုတ်အဟောင်းဟား ဖြုတ်ယူကာ
လွှတ်တော်တွင် အစားထိုး တပ်ဆင်စေခဲ့သည်။
“အမျိုးသား စည်းကမ်းအစ လွှတ်တော်က ” ဟူ၏။
ယခင် “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသော ဆိုင်းဘုတ်အား စာသင်ကျောင်းနေရာတွင် ဆေးအနီဖြင့် ကြက်ခြေခက်ကာ
လွှတ်တော် ဟု မြားထိုး၍ ရေးသားထားခြင်းဖြစ်၏။
လိုအပ်သော နေရာတွင် .. လိုအပ်သော ဆောင်ပုဒ်ကို ထိထိရောက်ရောက် အသုံးချခြင်းပင် ဖြစ်လေသည်။
စည်းကမ်းကောင်းသော လွှတ်တော်ရှိနေသဖြင့် စည်းကမ်းကောင်းသော ကျောင်း၊ စည်းကမ်းကောင်းသော ကျေးရွာ၊ စည်းကမ်းကောင်းသော ရပ်ကွက်၊ မြို့နယ်၊ တရားရုံး၊ လူထု .. စသဖြင့် တိုင်းပြည်အတွက် လွန်စွာ အကျိုးဖြစ်ထွန်းစေသည်။
လွှတ်တော်ကောင်း ပြည်သူအပေါင်းချမ်းမြေ့ရလေသည်။
ထက်မြတ်သော သမ္မတကြီးပေတကား..။
တိုင်းပြည်စီးပွားရေး
သဘာဝ သယံဇာတကြွယ်ဝသော တိုင်းပြည်တစ်ခုအား ကောင်းမွန်သော အစိုးရအဖွဲ့တစ်ရပ်က ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်သည်မှာ အဆန်းတော့ မဟုတ်ပေ။
အစိုးရ အဆက်ဆက် သယံဇာတအကျိုးသက်ရောက်မှု မခံစားခဲ့ရရှာသော ပြည်သူများအတွက်မူ သမ္မတကြီးဦးလင်းရောင်၏ လက်ထက်မှ ကိုယ့်မြေကိုယ့်ရေထွက် သယံဇာတများ၏ အသီးအပွင့်များ ခံစားရလေတော့သည်။
တိုင်းတပါးနှင့် ချုပ်ဆိုထားသော သယံဇာတအရောင်းအ၀ယ်စာချုပ်များအား အလုံးစုံ ရပ်တန့်၏။
လျှပ်စစ်လည်း မရောင်း။ ဓာတ်ငွေ့လည်း မပို့။ ဆန်လည်းမတင်။ ပဲလည်း မရောင်း။
သမ္မတကြီး၏ ပြတ်သားသော အတွေးအခေါ်မှာ ဘာမှ မရောင်း။ ဘာမှ မ၀ယ်ဟူ၏။
စာချုပ်ဖျက်သိမ်းသဖြင့် မကျေနပ်ကြကုန်သော တိုင်းတစ်ပါး ကုမ္မဏီများက အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံအား တရားစွဲလေသည်။ သို့သော် သမ္မတကြီးက မဖြုံ။
ဖြစ်သမျှ ပြဿနာ ခါးစီးခံကာ ပြည်သူများဘက်မှ ရပ်တည်၏။
ယခင် စာချုပ်များသည် ယခင်အစိုးရလက်ထက် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ကတိမတည်သဖြင့် အရေးယူလိုသော် အဆိုပါ အစိုးရဟောင်းအဖွဲ့အား ထုတ်ပေးမည်။ ကျီးထိုးထိုး၊ လဒစားစား ၊ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ် ဂရုမစိုက်ဟု တုံ့ပြန်၏။
အကျင့်ပျက် အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံသယံဇာတများအား ခေါင်းပုံဖြတ်သည်ဟူသော စွဲချက်ဖြင့် အဆိုပါ နိုင်ငံခြားကုမ္မဏီများကိုပင် ပြန်လှန်တရားစွဲလိုက်သေးသည်။
ဤသို့ဖြင့် ပြည်တွင်းသယံဇာတများကို ပြန်လည်ထိန်းချုပ်သည်။
သမ္မတကြီး၏ အဆုံးအဖြတ်ကြောင့် မြန်မာနိုင်ငံလည်း အခက်အခက်များစွာကို ရင်ဆိုင်ခဲ့ရလေသည်။
မြန်မာနိုင်ငံတွင်းသို့ အဓိက စီးဝင်နေသော ထိုင်း၊ တရုတ်၊ အိန္ဒိယမှ ပစ္စည်းများ၊ စားသောက်ကုန်များ ရပ်တန့်သွားသဖြင့် အခက်တွေ့ရ၏။
အချို့မှုန့်များ၊ ဘီယာများ၊ အချိုရည်များနှင့် ဇိမ်ခံပစ္စည်းအတော်တော်များများ စီးဝင်မှု ရပ်တန့်ခဲ့ရာ ပြည်သူများအတွက်လည်း ကြီးမားသော ဂယက်တစ်ခုဖြစ်ခဲ့သည်။
သို့သော် သမ္မတကြီးကား အင်မတန်ခေါင်းမာသူဖြစ်သည်။
အိန္ဒိယနိုင်ငံမှ မဟတ္တမဂန္ဒီအကြောင်းကို နိုင်ငံပိုင် ရုပ်သံများမှ ထုတ်လွှင့်ပြသ၏။
ပြည်တွင်းဖြစ်ကို အားပေးပါ ဟူသော စာတမ်းများကို နေရာအနှံ့တပ်ဆင်၏။
အသေးစားစက်မှုလုပ်ငန်းများကို နိုင်ငံခြားမှ ပြန်လာသူ လူ့စွမ်းအားအရင်းအမြစ်များ၏ အကူအညီဖြင့် တည်ဆောက်၏။
ပြည်တွင်းထွက်အစားအသောက်များဖြင့်သာ တင်းတိမ်ရောင့်ရဲရန် စည်းရုံး၏။
သမ္မတကြီးကို ယုံကြည်သော မီဒီယာပေါင်းစုံမှလည်း ပြည်တွင်းဖြစ်ကိုအားပေးရန်၊ မျိုးချစ်စိတ်ရှိရန်၊ ကိုယ်တိုင်ထုတ်လုပ်စိုက်ပျိုးတီထွင် ရောင်းချနိုင်ရန် လှုံဆော်မှုများပြုကြလေ၏။
အဆိုပါ အခိုက်အတန့်အား မြန်မာ့ဒီမိုကရေစီသမိုင်းတွင် “နိုင်ငံခြားမှီခိုမှု ကင်းရှင်းရေးစီမံချက်” အဖြစ် သမိုင်းမော်ကွန်းတင်နိုင်ခဲ့လေသည်။
ဤသို့ဖြင့်...........
အသီးအပွင့်စားရပြီ
“နိုင်ငံခြားမှီခိုမှု ကင်းရှင်းရေး စီမံချက်” ခြောက်လမျှ ရှိသောအခါ တိုင်းပြည်အတွက် ကြီးမားသော အကျိုးကျေးဇူးများ မျက်ဝါးထင်ထင်ခံစားရလေတော့သည်။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမည်ဟူသော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၏ အသီးအပွင့်များကို ပြည်သူများ မြိန်ရည်ရှက်ရည် ခံစားရချေပြီတကား။
ဦးစွာပထမအားဖြင့် ပြည်ပမှ စံချိန်မမီသော အစားအသောက်၊ ဆေးဝါးများ မသုံးစွဲခဲ့ရသဖြင့် ပြည်သူများ၏ ကျန်းမာရေးများပိုမိုကောင်းမွန်လာခဲ့သည်။
နိုင်ငံခြားထွက်ငွေများ ချွေတာနိုင်ခဲ့သလို ပြည်တွင်းဆန်ရေစပါးများ၊ ကောက်ပဲသီးနှံများ၊ စက်မှုကုန်ပစ္စည်းများ စုဆောင်းထိန်းသိမ်းပေးနိုင်ခဲ့ရာ ပြည်တွင်းကုန်ဈေးနှုန်းများအား အထူးလျှော့ချပေးနိုင်ခဲ့လေသည်။
၂၄ နာရီ မီးအပြည့်ပေးသော်လည်း မကုန်။ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ဆီတစ်ဂါလံ ၂၀၀ ကျပ်လောက်အထိ ထိုးဆင်းသွားလေသည်။
အစိုးရ လခစား သာမန်အောက်တန်းစာရေးလေး တစ်ယောက်၏ ၀င်ငွေသည် စားပြီးသောက်ပြီးလျှင် ရွှေ ၃၀ သားခန့် လစဉ် ၀ယ်ယူစုဆောင်းနိုင်သော အခြေအနေသို့ ရောက်လေပြီ။
ထိုအချိန်တွင်ကား အိမ်နီးချင်း၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှာကား ကမ္ဘာပျက်သကဲ့သို့ ဖြစ်နေလေပြီ။
မဲဆောက်လို ကြယ်ဂေါင် ရွှေလီလိုမြို့များတွင် မြန်မာဘက်မှ မီးဖြတ်ထားသဖြင့် မှောင်မဲနေလေပြီ။
ယိုးဒယားနှင့် မလေးရှားတို့ရှိ စက်ရုံများကား ပိတ်ထားရသည်မှာ ကြာပြီ။
လုပ်သားမရှိ။ စွမ်းအင်မရှိ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်စွမ်းမရှိသော နိုင်ငံများမဟုတ်ပါလော။
ပြတ်သားသော မြန်မာအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး ပေါ်လစီအောက်တွင် ပြားပြားမှောက်အောင် အတိဒုက္ခရောက်ကြရှာလေသည်။
(ဆက်ပါမည်။)
No comments:
Post a Comment