Thursday, August 30, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၁၇/နောက်ဆုံးအပိုင်း)


by ငြိမ်းအေးအိမ် on Thursday, August 30, 2012 at 1:38pm ·

ဖေါ်ပြပါ အချက်အလက်များကို စုခြုံကြည့်လိုက်လျှင် ကျွန်တော်တို့နိုင်ငံသည် နိုင်ငံလုံခြုံရေးကို ထိပါးနေသော အချက်အလက်များကတစ်ဘက်၊ ၂၁ရာစု ကမ္ဘာ့အ၀န်းအ၀ိုင်းက တောင်းဆိုနေသော (အချို့တောင်းဆိုမှုများသည် အကျိုးစီးပွားအတွက် မျက်နှာဖုံးစွပ်ထားလေ့ရှိကြောင်းကိုလည်း သတိမူမိကြဖို့လိုပါမည်။) လူသားအခွင့်အရေးဆိုသည်က တစ်ဖက်ကြားတွင် ညှပ်မိနေသော အခြေအနေဖြစ်ကြောင်းသုံးသပ်ရပါလိမ့်မည်။

(၈)
ဤစာတမ်းကို 2012ခု ဂျူလိုင်လာ ပထမပတ်အကုန်တွင် (လိုအပ်လာသည်ဟုထင်မြင်ယူဆ၍) စတင်ရေးသား ပါသည်။
ရိုဟင်ဂျာများကို ထောက်ခံ သော ကမ္ဘာ့မွတ်ဆလင်အသိုင်းအ၀ိုင်း( အစ္စလာမ်နိုင်ငံများအဖွဲ့ဝင် (IOC) ၅၇နိုင်ငံ အပါအ၀င်) က သတင်းလိမ် သတင်းမှား၊ ဓါတ်ပုံ အထောက်အထား အလိမ်အညာများဖြင့် မြန်မာနိုင်ငံအား တိုက်ခိုက် နေချိန်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ သူတို့သည် နှစ်ပေါင်းရာထောင်ချီသော ရခိုင်သမိုင်းကို ၊ ရခိုင်ပြည်သူတို့၏ ခါးစည်းခံခဲ့ရသော ဒုက္ခများကိုမသိပါဘဲ (သို့မဟုတ်) သိလျှက်နှင့် ထိုသမိုင်းအချက်အလက်များ၊ အခြေအနေများကို မျက်ကွယ်ပြုကာ သမိုင်းလိမ်ညာများဖြင့် ရခိုင်ပြည်သူများ အပေါ်၊ မြန်မာပြည်သူများအပေါ်၊ မြန်မာ့ အချုပ်အခြာအာဏာ အပေါ် တိုက်ခိုက်စော်ကားခဲ့ကြသည်ဟု ယူဆပါသည်။ လူမျိုးအုပ်စု နှစ်စုအကြားဖြစ်ပွားခဲ့သော ပဋိပက္ခကို ဘာသာကြီး နှစ်ခုအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးသဖွယ်ပုံသွင်းပြီး “ဂျီဟတ်” စစ်ပွဲ ဆင်နွှဲမည်၊ ဗုံးခွဲတိုက်ခိုက် ခြေမှုန်းမည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။ အင်အားနည်းသော မူဆလင် လူနည်းစုကို အင်အားကြီးသော ဗုဒ္ဓဘာသာဝင်များက လူမျိုးတုန်း သတ်ဖြတ်နေကြပါသည်ဟု ကမ္ဘာတုန်အောင် အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။ ဒီမိုကရေစီ နိုင်ငံအချို့ကလည်း လူ့အခွင့်အရေး အလံကိုထူကာ အရပ်ကူပါ လူဝိုင်းပါ လုပ်ခဲ့ကြပြန်သည်။ ကျွန်တော်တို့ နိုင်ငံအနေဖြင့် နာလည်းနာ နံလည်းနံသော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရခြင်း သာဖြစ်ပါသည်။
ထိရောက်မှန်ကန်သော ဖြေရှင်းနည်းတစ်ခုရရေး၊ အဖြေမှန်တစ်ခုဆီရောက်ရေးအတွက် ဘက်ပေါင်းစုံက အချက်အလက်များကို စေ့ငုကြည့်မိနိုင်ရန်အရေးကြီးပါသည်။ ဤွှစာတမ်းဖြင့် ပြသနာဖြေရှင်းရေးတွင် ထည့်သွင်းစဉ်းစား သင့်သော အချက်အလက်တစ်ချို့ကို ထည့်ဝင်သယ်ပိုးခြင်းမျှသာဖြစ်ပါသည်။ ရေးသားခြင်း၏ရည်ရွယ်ချက်သည်လည်း ဤစာတမ်းတစ်စောင်တည်းဖြင့် ရခိုင်ပြည်နယ်အရေးကို ပြေလည်အောင် ဖြေရှင်းရန်/အဖြေထုတ်ကြည့်ရန်မဟုတ်ပါ။ ရခိုင်ဒေသ၏ သမိုင်းနောက်ခံနှင့် လက်ရှိအခြေအနေအချို့ကို သိရှိစေရန်တင်ပြခြင်းသက်သက်သာ ဖြစ်ပါသည်။
ရခိုင့်အရေးငြိမ်းချမ်းသာယာစေအောင် ၀ိုင်းဝန်းအဖြေရှာကြရာတွင် ဤစာတမ်းပေါ်က အချက်အလက် တစ်စုံ တစ်ရာ ရရေး၊ အခြေအနေအချို့ကို ခြုံငုံသုံးသပ်နိုင်ရေးအတွက်သာ ရည်ရွယ်ခဲ့ပါသည်။
ဤစာတမ်းကိုရေးသားရာတွင်
၁။ ဦးမြင့်သိန်း၊ ညွှန်ကြားရေးမှူး(သမိုင်းသုတေသနဦးစီးဌာန)၏ ၂၁မတ်လ၂၀၀၉နေ့စွဲပါ“ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များဝင်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်” စာတမ်း ကို လက်ရင်းထားခဲ့ပါသည်။ ဤစာတမ်းအား မိတ္တူကူးယူဖတ်ရှုခွင့်ပြုခဲ့သော ဆရာစိုးမင်းဦးအား ကျေးဇူးတင်ရှိရပါသည်။ 
၂။ ကြည်း(၉၇၉၁)၊ ဗိုလ်မှူးလှမြိုင်၊ အမှတ်(၉၂)ခြေလျှင်တပ်ရင်း၏ 1-11-83 နေ့စွဲပါ “နိုင်ငံခြားသားများ ၀င်ရောက်မှုနှင့် ရခိုင်ပြည်နယ်အခြေအနေအချို့”စာတမ်း။
၃။ ရခိုင်ပြည်နယ်တရားသူကြီးအဖွဲ့ ဥက္ကဌ၊ ဦးထွန်းမြဦး၏ ၁၉၈၄ခု သြဂုတ်လ(၁၅)ရက် နေ့စွဲပါ ”ရခိုင်ပြည်နယ် အတွင်း၊ နိုင်ငံခြားသား ဘင်္ဂါလီလူမျီုးများ ခိုးဝင်လွှမ်းမိုးမှုအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် တင်ပြချက်” စာတမ်း။
၎။ The Voice ဂျာနယ်တွင်ဖေါ်ပြပါရှိသော၊ ဒေါက်တာမင်းဇော်ဦး၏ ”ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုးသားလုံခြုံရေးနှင့် လက်တွေ့ မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ”
၅။ “ရဲထွန်း၏မှတ်တမ်း” အမည်ရှိ ဘလော့ဂ်စာမျက်နှာပါ စာတမ်းများ။
၆။ 0n line ပေါ်ရှိ သတင်းဌာနအသီးသီး၊ ဘလော့ဂ်အသီးသီးမှ သတင်းရင်းမြစ်များ။
၇။ မိတ်ဆွေ Facebookers များစွာ၏ Facebook စာမျက်နှာများမှ သတင်းအချက်အလက်များ၊ ၀ီကီ စာမျက်နှာများမှ အချက်အလက်များကို အားပြုရေးသားခဲ့ပါသည်။
ကျွန်တော်လိုသမျှ ပူဆာသမျှ အချက်အလက်များ၊ လင့်ခ်များ၊ မြေပုံများကို အချိန်မဆိုင်းရှာဖွေပို့ပေးခဲ့သော ဘလော့ဂ်ဂါ ညီလင်းဆက်၊ ရှည်လျားသော စာတမ်းအားမငြီးမညူထည့်ပေးခဲ့သော ဆရာမြတ်ခိုင်နှင့် သူ၏သတင်းအဖွဲ့သားများအား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းပြုလိုပါသည်။
 စာပေလွတ်လပ်ခွင့်ဆိုင်ရာ အကူးအပြောင်းကာလ မတိုင်မီလေးတွင် ဖေါ်ပြခဲ့ရခြင်းဖြစ်၍ သမိုင်းဆိုင်ရာ အချက်အလက်အချို့ကွက်လပ်ဖြစ်ခဲ့ရခြင်း၊  မြေပုံများ၊ ဓါတ်ပုံများ ပူးတွဲတင်ဆက်ဖေါ်ပြနိုင်ခဲ့ခြင်းမရှိခဲ့ရသည့်အပေါ် စာဖတ်သူများအား အားနာခဲ့ရ ပါကြောင်း။

ငြိမ်းအေးအိမ်
စာပြီးရက်။ 2012ခု သြဂုတ်လ21ရက်၊ (22:32)နာရီ/ရန်ကုန်

No comments:

Post a Comment