by မင်းခက်ရဲ (Min Khet Ye) on Saturday, August 25, 2012 at 7:02pm ·
ပေါ်ပြူလာယဉ်ကျေးမှုအတွက် အရိုးရှင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကတော့ လူအများစု အတောင်းဆို ဆုံးသော ယဉ်ကျေးမှုတစ်ရပ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ။ ဒါပေမယ့် ပေါ်ပြူလာယဉ်ကျေးမှု အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အမြောက် အမြားရှိတယ်။ တစ်ခါတစ်ရံမှာ ယဉ်ကျေးမှုပုံစံတစ်ရပ်ကို ဆန့်ကျင်နေတဲ့ နောက်ထပ်ယဉ်ကျေးမှုပုံစံတစ်ရပ် အဖြစ်လည်း ဖွင့်ဆိုကြတယ် ။ ပေါ်ပြူလာယဉ်ကျေးမှုမှာပါတဲ့ ပေါ်ပြူလာဆိုတဲ့ စကာလုံးကြောင့် မှားတတ်တာက လူပိန်းကြိုက်ရယ်လို့ မြင်တဲ့ အမြင်ပဲ ။ ယဉ်ကျေးမှုဆိုင်ရာပညာရပ်နယ်မှာ ပေါ်ပြူလာဆိုတာ လူထုကအမှန်တကယ် လိုလားနှစ်သက်သော အရာလို့ အဓိပ္ပာယ်ဖွင့်တယ် ။ အပေါစား ၊ လူပိန်းကြိုက်ဆိုတဲ့ အဓိပ္ပာယ်မျိုးမရှိဘူး ။ ပေါ်ပြူလာယဉ်ကျေးမှုအကြောင်းပြော ရင် သူနဲ့ ဆက်စပ်နေတဲ့ ကျေးလက်ယဉ်ကျေးမှု ၊ လူထုယဉ်ကျေးမှု ဒါမှမဟုတ် အထက်စီးယဉ်ကျေးမှုတွေ အကြောင်းကို ပါတွဲပြီးပြောရတဲ့သဘောရှိတယ် ။
လူထုယဉ်ကျေးမှု (mass culture) ဆိုတာကို ပေါ်ပြူလာယဉ်ကျေးမှုနဲ့ မှာယွင်းတတ်ကြတယ် ။ အကြောင်းက လူထုယဉ်ကျေးမှုကလည်း ပေါ်ပြူလာယဉ်ကျေးမှုလိုပဲ အထက်စီးယဉ်ကျေးမှု(high culture)ကို ဆန့်ကျင် သွေဖယ်ရင်း ထွက်လာလို့ပဲ ။ တစ်ချို့စာအုပ်တွေဖတ်ရင် လူထုယဉ်ကျေးမှုကို ပေါ်ပြူလာယဉ်ကျေးမှုအနေနဲ့ရေးထားတာကိုတွေ့ရမယ် ။ အထူးသဖြင့် ၁၉၅၀ တစ်ဝိုက်က စာအုပ်တွေမှာ ဖြစ်တတ်တယ်။ ၁၉၃၀နဲ့၄၀တစ်ဝိုက်မှာ အထက်စီးယဉ်ကျေးမှုကို ဆန့်ကျင်တဲ့ ယဉ်ကျေးမှုပုံစံတစ်ရပ်ရှိနေတယ်လို့ လေ့လာကြတဲ့ ပညာရပ်လေ့လာမှုပေါ်လာတယ် ။ လူထုယဉ်ကျေးမှု သီအိုရီ ပညာရှင်တွေလို့ သူတို့ကို တံဆိပ်ကပ်ကြတယ် ။ ပညာရပ်နယ်ပယ်က လူမှုရေးဗေဒကနေထွက်ပေါ်လာတာ။ လူထုယဉ်ကျေးမှုဆိုတာ အထက်စီးယဉ်ကျေးမှုနဲ့ ကျေးလက်ယဉ်ကျေးမှုနှစ်ခုစလုံးနဲ့ ဆန့်ကျင်နေတဲ့ ယဉ်ကျေးမှုပဲ ။ ဒါပေမယ့် ပေါ်ပြူလာယဉ်ကျေးမှုလို လူအမျာစု ဒါမှမဟုတ် လူထု ကြိုက်နှစ်သက်လက်ခံပြီးဖြစ်လာတာမဟုတ်ဘဲ အရင်းရှင်ကုန်ထုတ်လုပ်မှုကြောင့်ဖြစ်လာတဲ့ ယဉ်ကျေးမှုပဲ ။ လူထုယဉ်ကျေးမှုပညာရှင်တွေထဲမှာ ထင်ရှားတဲ့သူတွေဆိုရင် ဖရင့်ဖုဂိုဏ်းကိုတွေ့ရမယ် ။ ဖရင့်ဖုဂိုဏ်းက ပညာရှင်တွေက အရင်းရှင်ကုန်ထုတ်လုပ်မှုကြောင့်ဖြစ်လာတဲ့ ယဉ်ကျေးမှုတွေကိုလေ့လာတယ် ။ ဥပမာ အရင်းရှင်ထုတ်လုပ်မှုကြောင့် တယ်လီဗွီရှင်းရုပ်သံလိုင်းယဉ်ကျေးမှုထွက်လာတယ် ။ ဒါကို ပေါ်ပြူလာယဉ်ကျေးမှုလို့ မခေါ်ဘူး ။ လူထုယဉ်ကျေးမှု ၊ လူထုမီဒီယာ လို့ ဖရင့်ဖုဂိုဏ်းက သတ်မှတ်လေ့လာတယ် ။ လူထု ကြိုက်နှစ်သက်တဲ့ သဘောထက် အရင်းရှင်းကုန်ထုတ်လုပ်မှုကြောင့် ဖြစ်လာတဲ့ ယဉ်ကျေးမှုတစ်ရပ်ပဲ ။ ပေါ်ပြူလာယဉ်ကျေးမှုကတော့ အဲဒီလို အရင်ရှင်ကုန်ထုတ်လုပ်မှုကြောင့်ဖြစ်လာတဲ့ လူထုယဉ်ကျေးမှုထဲကမှ သူတို့ကြိုက်နှစ်သက်ရာကို ရွေးချယ်စား သုံးမှုကနေမှ ထွက်ပေါ်လာတာဖြစ်တယ် ။ ပေါ်ပြူလာဆိုတာ လူတွေအမှန်တကယ်နှစ်သက်လက်ခံလုပ်ဆောင်ရင်းထွက်လာတဲ့ ယဉ်ကျေးမှု ဆိုတော့ ပေါ်ပြူလာယဉ်ကျေးမှုမှာ ပြည်သူတွေက တော်တော်အရေးပါတဲ့ နေရာမှာ ရှိတယ် ။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဈေးကွက်စီးပွားရေးနဲ့ အရင်းရှင်စနစ်အခြေခံတဲ့ ယဉ်ကျေးမှုလို့ ဆိုရမယ် လူထုယဉ်ကျေးမှုဆိုတာ အရင်ပေါ်ပေါက်ပြီးမှ ပေါ်ပြူလာယဉ်ကျေးမှုလေ့လာချက်ပေါ်ပေါက်လာတယ် ။ လူထုအမှန်တကယ်ကြိုက်နှစ်သက်တဲ့ ယဉ်ကျေးမှုလို့ ဆိုတဲ့ အတွက် လူထုမှာ ရွေးချယ်ခွင့် အခွင့်လမ်းများများမရှိပဲနဲ့ ပေါ်ပြူလာယဉ်ကျေးမှုဆိုတာ ပေါ်ပေါက်လာဖို့ခဲယဉ်းတယ် ။ အထက်စီးယဉ်ကျေးမှုထဲကနေ တစ်ခုခုကို လူထုကြိုက်နှစ်သက်ရုံနဲ့ ပေါ်ပြူလာယဉ်ကျေးမှုဖြစ်နိုင်ပါ့မလား။ ပေါ်ပြူလာယဉ်ကျေးမှုအတွက်နောက်ထပ်အရေးပါတာတစ်ခုက ပြည်သူလူထုရဲ့ တတ်ကြွစွာပါဝင်အားထုတ်မှုပဲ။ ပြည်သူလူထုတတ်ကြွစွာ ပါဝင်အားထုတ်မှုကနေမှသာလျင် ပြည်သူလူထုအမှန်တကယ်လိုလားလက်ခံတဲ့ ယဉ်ကျေးမှုတစ်ရပ် ၀ါ ပေါ်ပြူလာယဉ်ကျေးမှု ပေါ်ပေါက်လာမှာဖြစ်တယ် ။ ပြည်သူလူထုရဲ့ တတ်ကြွလှုပ်ရှားမှု ဆိုတဲ့အပိုင်းမှာ အဆင့်နှစ်ဆင့်ခွဲတယ် ။ ပထမအဆင့်က ပေါ်ပြူလာယဉ်ကျေးမှု ပေါ်ပေါက်လာခြင်းမှာ ပြည်သူလူထုက အဓိက ထုတ်လုပ်သူတွေဖြစ်ရမယ် ။ ဒုတိယအဆင့်က ပြည်သူလူထုက သူတို့ထုပ်လုပ်လိုက်တဲ့ ယဉ်ကျေးမှုကို အနက်ပြန်သူတွေဖြစ်တယ် ဆိုတာပဲ ။ ပထမအချက်ကို ကြည့်ရင် ပေါ်ပြူလာယဉ်ကျေးမှုတစ်ရပ်ဟာ အာဏာရှင်လူ့အဖွဲ့အစည်းမှာ လွမ်းမိုးကြီးစိုးသူတွေထုတ်လုပ်တဲ့ အထက်စီးယဉ်ကျေးမှုကို ဆန့်ကျင်တဲ့သဘောရှိတယ်။ ပေါ်ပြူလာယဉ်ကျေးမှုတွေရှိနေခြင်းဟာ ဒီမိုကရေစီပြောင်းလဲရေးအတွက်အရေးပါတဲ့ ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံရေး တစ်ရပ်ဆိုတာသိသာမြင်သာတယ် ။ ဒုတိယအဆင့်က ပညာသဘောလွန်ကဲတယ် ။ ယဉ်ကျေးမှုကို ထုတ်လုပ်သူတွေ ဖြစ်တဲ့ ပြည်သူတွေမှာ လုံလောက်တဲ့အသိပညာရှိရမယ်ဆိုတဲ့သဘောလည်း သက်ဝင်တယ် ။ ဒုတိယအဆင့် ဖြစ်တဲ့ ပြည်သူတွေက သူတို့ရဲ့ ထုတ်လုပ်မှုအပေါ် ပြန်ဆင်ခြင်တာ ၊ အနက်ပြန်ဖွင့်ဆိုပြတာတွေမရှိဘူးဆိုရင် အပေါစား ၊ လူပြိန်ကြိုက်ဆိုတဲ့အဆင့်ကို လျော့ကျသွားနိုင်တယ် ။ အနက်ပြန်ဖွင့်ဆိုခြင်းဆိုတာ ပြည်သူလူထုက သူတို့နဲ့ ထိတွေ့နေရတဲ့ယဉ်ကျေးမှုပစ္စည်းတွေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုမယ် ။ စေ့စပ်ညှိနှိုင်းမယ် ။ အသုံးပြုမယ် ။ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်၊ တွေ့ကြုံခံစားမှုတွေအတွက် အဆင်ပြေလာအောင်ဖန်တီးတည်ဆောက်ယူမယ်ဆိုတဲ့သဘောတွေ ပါဝင်တယ် ။
လူငယ်ယဉ်ကျေးမှု(Youth Culture)
လူငယ်ယဉ်ကျေးမှုနဲ့ ပတ်သတ်တဲ့အတွေးအခေါ်ဟာ လူမှုရေးဗေဒနယ်ပယ်မှာ ၁၉၅၀နဲ့ ၆၀ခုနှစ်များမှာပေါ် ပေါက်လာတယ်။ အသက်နှစ်ဆယ်ဝန်းကျင်ကလူငယ်တွေရဲ့ ယဉ်ကျေးမှုကိုလေ့လာတာဖြစ်တယ် ။ လူငယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ဘ၀နေထိုင်မှုပုံစံတစ်ခုလုံး ၀ါ ယဉ်ကျေးမှုဟာ လွမ်းမိုးကြီးစိုးဆဲယဉ်ကျေးမှုနဲ့ ကွဲပြားခြားနားစွာ ရပ်တည်နေတဲ့အစိတ်အပိုင်းတွေရှိတယ် ။ အဲဒီလိုကွဲပြားခြားနားတဲ့ လူငယ်တွေရဲ့ တန်ဖိုးစံတွေ၊ စိတ်သဘောထားတွေ ၊ သူတို့ရဲ့ အပြုအမူပုံစံတွေရဲ့ သဘောကို လူငယ်ယဉ်ကျေးမှုအဖြစ်မှတ်ယူနိုင်တယ် ။ လူငယ်ယဉ်ကျေးမှုဟာ တစ်ဦးချင်းထက် တူညီတဲ့ အစုအဝေးပုံစံအဖြစ် တစ်ချို့သော အခြေအနေတွေကို မှီတည်ပြီး ဖြစ်ပေါ်လာတယ် ။ ပထမ ကြီးမားကျယ်ပြန့်ပြီး တူညီတဲ့ လက္ခဏာနဲ့ အပြုအမူပုံသဏ္ဌာန်လုံလုံလောက်လောက် ရှိရမယ် ။ ဒုတိယ လူငယ်တွေအပေါ်သက်ရောက်တဲ့ လူမှုရေးဆိုင်ရာ ပေါက်ကွဲမှုရှိရမယ် ။ တတိယအချက်ကတော့ ပိုပြီးအရေးအကြီးဆုံးလို့ ဆိုရမယ် ။ လူ့အဖွဲ့အစည်းအတွင်း ဗဟုဝါဒသဘောပိုပြီး တိုးပွားလာရမယ် ဆိုတဲ့ အချက်ပဲ ။ ဗဟု ၀ါဒ တိုးပွားလာရင် လူ့အဖွဲ့အစည်းမှာ အတွေးအခေါ်အသစ်တွေ ၊ ဘ၀နေထိုင်မှုပုံစံအသစ်တွေ အတွက်လှုံ့ဆော်ပေးမယ် ဆိုတဲ့ သဘောပဲ ။ လူငယ်ယဉ်ကျေးမှုနဲ့ အထက်ပါအမြင်တွေကို ဆန့်ကျင်တဲ့ အမြင်ရှိတယ် ။ အထက်ပါလူငယ်ယဉ်ကျေး မှုသဘောမှာ လူငယ်မှန်သမျှတသားတည်း ယူလိုက်ပြီး အတူတူပဲ သဘောထားတဲ့ အပိုင်းရှိနေတယ်လို့ ဝေဖန်ကြတယ် ။ ဒါကြောင့် လူငယ်ယဉ်ကျေးမှု ခွဲ(Youth subculture)တွေကိုလည်း ထည့်တွက်ရမယ်ဆိုတဲ့ အပိုင်းပါလာတယ် ။
ယဉ်ကျေးမှုခွဲ(Subculture)
ယဉ်ကျေးမှုခွဲမှာသုံးထားတဲ့ sub “ခွဲ” ဆိုတာ လွမ်းမိုးကြီးစိုးဆဲယဉ်ကျေးမှုနဲ့ ကွဲပြားပြီးအထင်အရှားဖြစ်တည်နေ တဲ့ အရာဆိုတဲ့ အဓိပ္ပာယ်ထွက်တယ် ။ ယဉ်ကျေးမှုခွဲဆိုတာ လူနည်းစုအုပ်စုတွေရဲ့ တန်ဖိုးစံတွေ၊ ခံယူချက်တွေ၊ ဘ၀ နေထိုင်မှုပုံစံတွေကို ရည်ညွန်းတယ် ။ လွမ်းမိုးကြီးစိုးဆဲလူအုပ်စုတွေနဲ့ မတူကွဲပြားခြားတဲ့ အုပ်စုတွေရဲ့ ယဉ်ကျေးမှုကိုလည်း ယဉ်ကျေးမှုခွဲ အဖြစ်ရည်ညွန်းတယ် ။ ယနေ့ ခေတ်ပြိုင်ကာမှာ ယဉ်ကျေးမှုခွဲကို လူငယ်ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်ပြီးအသုံးများတယ် ။ ဒါပေမယ့် လူမျိုးစုတွေ၊ လူမှုလိင်နဲ့ တခြားသော လိင်ပိုင်း ဆိုင်ရာ အုပ်စုတွေကိုလည်း ရည်ညွန်းပြီး သုံးတတ်တယ် ။ ကျွန်တော်တို့ဆီမှာ ယဉ်ကျေးမှုခွဲတွေရဲ့ အကြောင်းကိုလေ့လာပြီးရေးသားဖော်ပြတာနည်းပါးတယ် ။ အထူး သဖြင့် လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ယဉ်ကျေးမှုခွဲတွေအကြောင်းကိုဖော်ပြတာ မရှိသလောက်ပဲ ။ ယဉ်ကျေး မှုခွဲ တွေကိုလေ့လာပြခြင်းဟာ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အရေးတကြီးလိုအပ်တဲ့ အချင်းအရာတစ်ရပ်ပဲ ။ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှိနေတဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြုရာရောက်တဲ့ အတွက် ယဉ်ကျေးမှု ဆိုင်ရာနိုင်ငံရေးအခြင်းအရာတစ်ခုပဲ ။ လူငယ်ယဉ်ကျေးမှုက လူငယ်တွေရဲ့ ကွဲပြားခြားနားမှုကို လစ်လျူရှုပြီး တသားတည်း သဘောလေ့လာပြတယ် ။ လူငယ်ယဉ်ကျေးမှုခွဲကိုလေ့လာမှုဟာ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားခြားနားမှုတွေ ကို ထုတ်ဖော်ပြရာရောက်တယ်။ ယဉ်ကျေးမှုခွဲတွေဟာ လွမ်းမိုးကြီးစိုးဆဲ ယဉ်ကျေးမှုတွေကို ခုခံနေရတဲ့အတွက် တန်ပြန်ယဉ်ကျေးမှု(counter culture) သဘောရှိတယ်လို့ မြင်နိုင်တယ် ။
မင်းခက်ရဲ
No comments:
Post a Comment