by Zay Ya on Thursday, August 30, 2012 at 8:03am
အတိတ် ရဲ့ မြူတွေ ဖယ်လာခဲ့ပါ။ အညစ်အကြေး တွေ ရှင်းခါ ထုတ်ပစ် လာခဲ့ပါ။ ကြည်လင် နေ တဲ့ သန္တာန် ဖြစ်ရှိနေ သူ မိမိ ဟာ အဲ့ ကလေးငယ် နဲ့ တူနေမှာပဲ။ အသိစိတ် ကို ကြေးမုံနဲ့ တင်စား ပြီး ဘယ်မြူမှ မကပ်ညိအောင် - သုတ်သင် တိုက်ချွတ်နေသူ ဟာ ဘာဝနာ ပြုသူ ဖြစ် ပါတယ်။ စက္ကန့် တိုင်းမှာ အတိအကျ သေဆုံး တယ်။ ခဏတိုင်း မှာပဲ အသစ် အသစ် ပြန် မွေးဖွား နေတယ်။
ဒီလိုမှ မဟုတ်ဘဲ၊ နှစ်ပရိစ္ဆေဒ ကြာမြင့်အောင် ဖုန်အလိမ်းလိမ်း ကပ်တွယ် နေပြီး၊ တစ်လွှာပြီး တစ်လွှာ ထပ်ဆင့် လာတဲ့ အခါ - ကြည်လင်နေ တဲ့ ငယ်စဉ်အခါက ကြေးမုံပြင် ဟာ စုန်းစ မြုပ်စ ပျောက် သွား ခဲ့တယ်။ အဲ့ဒီ နောက်ပိုင်း - ဒီလူ ဘာလုပ် နေမလဲ။ ချမ်းမြေ့မှု ၊ ကြည်လင်မှု အတွက် ဟိုမှာ ဒီမှာ လက်ဝါးဖြန့် ယူဖို့ ကြိုးစား နေတော့တယ်။ ငွေတွင်း ပေါ် ထိုင်နေပါလျက်နဲ့ အခြား ကို မျှော်ပြီး တောင်းရမ်း နေတဲ့ သူတောင်းစား တွေလို၊ မိမိ ချမ်းမြေ့မှု အတွက် အခြားသူ ဆီမှာသာ ရှာဖွေ နေတာ ဖြစ်ပါတယ်။
ဘာဝနာ ဟာ ပျောက်ကွယ်နေတဲ့ ကြေးမုံကို ပြန်ရှာဖွေ တူးဖော်တဲ့ အလုပ် ဖြစ်တယ်။ အတိတ်ရဲ့ ဝန်ကို စေ့စေ့ ရှုကြည့်ရင်း ထိုးခွဲ လာခဲ့တာ ဖြစ်တယ်။ အနာဂတ် မျှော်လင့်ချက် တွေ အတင်းကာရော ဖယ်စရာ မလိုအပ်ဘူး။ အတိတ် မြူ - ကင်းနေရင် - အနာဂတ် လည်း ရှင်းနေတာ တွေ့ရမယ်။
အတိတ် မြူတွေ ကို ဖယ်ရှားမယ် ဆိုတာဟာ - "ကိုယ့် နာမည်ကို ကိုယ် မေ့သွားမယ်။ ကိုယ့် ဖုန်းနံပါတ်၊ ကိုယ်ချစ်သူ၊ ကိုယ့် အဖေ၊ မိဘ၊ ကိုယ့် နေရပ် လိပ်စာ မေ့သွားမယ်၊ ကိုယ့်မွေးရပ် ကို မေ့သွားမယ်" လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မှတ်ဉာဏ်မှာ သိမ်းဆည်း သိုမှီး ထားတဲ့ အချက်အလက် ဒီ Factual Memories တွေဟာ ကြေးမုံကို ဝေဝါး အောင် ဘာမှ မလုပ်ပစ်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူး။
တကယ်တမ်း ကြေးမုံပြင် ဖုံအလိမ်းလိမ်း တက်ရခြင်း၊ ပျောက်ကွယ် သွားရခြင်း ဟာ ဒီ အချက်အလက် တွေ နဲ့ မဆိုင် ပါဘူး။ မိမိ ခံစားမှု၊ စွဲလမ်းမှု၊ နှစ်ခြိုက်မှု၊ ကြေကွဲ ဝမ်းနည်းမှု Psychological Memory တွေ နဲ့ သာ ဆိုင်တယ်။ မလိုအပ်ဘဲ တက်နေတဲ့ ဝန်ထုပ်တွေကလည်း အဲ့ဒါတွေပဲ ဖြစ်တယ်။ ဘာဝနာ ဟာ အဲ့ဝန်ထုပ် တွေကို ဆွဲခွဲ ပစ်ရုံ သက်သက်ပဲ။
ဒီ အတိတ် ဝန်ထုပ် တွေ စွန့်ပယ် ပစ်နိုင်ပြီး၊ ခဏတိုင်း သစ်လွင် နေတဲ့ အခါ ဘဝ ဟာ ပကတိ ချမ်းမြေ့ စရာ ဖြစ်ပါတယ်။ ခဏတိုင်း ဟာ မိမိ အတွက် အံ့အားသင့် စရာ၊ ကြည်လင် ပြီးသား ဖြစ်နေ ပါလိမ့်မယ်။ ဒါကို မြင်နိုင်ဖို့ ကြေးမုံပြင် ဟာ မိမိ ရင်တွင်းမှာ အတီတေ ကတည်းက စောင့်ဆိုင်း လျက် ရှိနေခဲ့ကြောင်း အဲ့အချိန်မှာ မိမိဘာသာ သိလိုက်ရ တော့တယ်။
.....................
August 30th 2012 at 9:20 PM
.....................
Photo name: Stream of consciousness ~ by Gicle
.....................
No comments:
Post a Comment