Wednesday, August 29, 2012

နှလုံးသား ဒိုင်ယာရီ (၁)


by Win Ko on Wednesday, August 29, 2012 at 6:52pm 

၂၀၀၂-ခုနှစ်နိုဝင်ဘာလ-တော်လှန်ရေးနယ်မြေတခုရဲ့အချုပ်ခန်းကျဉ်လေးထဲက လွတ်မြောက်လာတဲ့ကျနော်…သဘာဝရဲ့လေပြေအေးအေးလေးကို အငမ်းမရ တရှိုက်မက်မက် 
ရှုသွင်းရင်း ခေါင်းအထက်က ပျံသွားတဲ့ငှက်ကလေးကို ငေးမောရင်း ငါလည်မင်းလိုလွတ်လပ်ပြီကွလို့ စိတ်ထဲကကြုံးဝါးလိုက်မိ…………။
စိုးရိမ်စိတ်အပြည့်နဲ့စောင့်မျော်နေမယ့် မိသားစုရှိရာအသိုက်အမြုံကို သုတ်ခြေတင်ပြီးပြန်လာခဲ့တယ် ဆိုပါတော့...
အိမ်အဝင် လှမ်းမြင်လိုက်ရတဲ့မြင်ကွင်းက ရင်ကိုနင့်ကနဲဖြစ်သွားစေပြန်တယ်.. ဇနီးသည်ရဲ့မျက်ခွံကမို့လို့အစ်လို့ ငိုရလွန်းလို့ ထင်ပါရဲ့….။
သူရဲ့နံဘေးမှာငိုင်ငိုင်လေးတွေ ထိုင်ပြီးခေါင်းစိုက်နေတဲ့(၈)နှစ်အရွယ် သမီးကြီး ၊ (၅)နှစ်အရွယ် သမီးလတ်၊ (၃)နှစ်မပြည့်တပြည့်ုသားလေး၊ ဇနီးရင်ခွင်တဲမှာ အာဟာရမပြည့်ဝလို့ ငိုကြွေးပူဆာနေတဲ့ လေးလအရွယ် သမီငယ်လေး မြင်ကွင်းက ရင်ကွဲလုမတတ်…။
နှုတ်တို့ကတဆတ်ဆတ်တုန်ခါပြီး နှုတ်ဆက်ဖို့ရာဖွင့်ဟမရ….အားစီမိနေပြီ…..။ခြေသံကြောင့်တင်ပါရဲ့သမီးကြီးနဲ့ သမီးလတ် တို့ဝမ်းသာအားရနဲ့ အသော့နှင်ပြီး ကျနော့်ရင်ခွင်ထဲ တိုးဝှေ့ဝင်လိုက်ကြတယ်။
သူတို့နှစ်ယောက်ရဲ့ဦးခေါင်းလေးတွေကို ပွတ်သတ်နှစ်သိမ့်ရင်း တလိပ်လိပ်မြင့်တက်လာတဲ့ နှလုံးသားရဲ့ ရိုက်ချက်ကြောင့် မျက်ရည်တွေစီးဆင်းလာခဲ့ရပြီ…။
အပြစ်မဲ့တဲ့သူတို့လေးတွေ စိတ်ထိခိုက်နေတာ ဘယ်မိဘက ကြည့်ရက်မှာလဲဗျာ…။
ဇနီးသည်က ခေါင်းလေးမော့ပြီး ဂရုဏာအပြည့်နဲ့ ကျနော်ကိုကြည့်ပြီး သူ့ရင်တွင်းစကားတွေကို ပြောလာခဲ့…..။ စီးဆင်းမပြတ်မျက်ရည်ကြားက…
 ”နင်ဒီဒေသကနေအဝေးကိုထွက်သွားလိုက်ပါလားတဲ့…. အန္တရာယ်သိပ်များလွန်းလို့ပါ.. အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ဘဝကိုစာနာထောက်ထားပါဟယ်”
“ငါဘာလို့ထွက်သွားရမှာလဲ ငါဘက်ကမှန်နေတဲ့ကိစ္စ၊ သေရင်လည်းသေသွားစမ်းပါစေ၊ နင်တို့ဝမ်းနည်းမနေကြနဲ့လို့ အတ္တနဲ့ယှဉ်ပြီးပြောလိုက်သောအခါ ဇနီးသည်ထံမှ ပွင့်အန်လာပြန်သည်။ လောကမှာဘယ်လောက်ဘဲ ကိုယ်ဘက်က မှန်နေပါစေ…၊ ဒါတော်လှန်ရေးနယ်မြေ၊ တစ်ယောက်နဲ့အများ… နင့်နောက်မှာကလေးတွေရှိတယ်…၊ သူတို့ဘဝမှာ အဖေဆိုတာ လိုအပ်တယ်…၊ ဖခင်မဲ့တဲ့အဖြစ်မျိုး ငါမမြင်ရက်လို့ပါဆိုပြီး ငိုကြီးချက်မနဲ့ပြောလိုက်တဲ့ စကားသံဟာ မိုးခြိမ်းသံအလား နားထဲမှာ ပဲ့တင်သံတွေလှိုင်လို့…။
‘တော်ပါတော့ဟာ နင်ဆက်မပြောပါနဲ့’ လို့တားလိုက်မိသည်…၊ နင်ဆန္ဒအတိုင်း မိုးလင်းတာနဲ့ ဒီအရပ်ဒေသကနေ အဝေးဆုံးကို ငါထွက်သွားပါမယ်…၊ ဘယ်နေ့ဘယ်အချိန်မှာ တို့မိသားစုတွေပြန်ဆုံဆည်းကြမယ်ဆိုတာ ကံတရားရဲ့ အဆုံးအဖြတ်ပေါ်မှာ မှုတည်မှာပေါ့…၊ နင်သာ ကလေးတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါ…၊ ဘယ်ရောက်ရောက် အဆက်သွယ်လုပ်ကြမယ်နော်…။
ထိုည ကျနော်တို့ဇနီးမောင်နှံ အတွေးကိုယ်စီနဲ့ အိပ်လို့မရ၊ လူးကာလှိမ့်ကာနဲ့ လင်းကြက်တွန်သံကို ပင်ကြားနေရပြီ…။
ဇနီးသည်အိပ်ယာထဲက ထသွားပြီးထမင်းချက်ရန်ပြင်ဆင်နေလေပြီ…၊ ဝေရီမှုံဝါးသော အလင်းရောင်ဖျော့ဖျော့အောက်မှာ အိပ်မောကြနေဆဲ အပြစ်ကင်းစင်တဲ့သားသမီးတွေရဲ့ ပါးပြင်ကိုနှုတ်ဆက်အနမ်းတွေ ချွေနေမိရဲ့…။ ကျနော်ပါးပြင်ထက်က စီးကျလာတဲ့ မျက်ရည်ပူတွေကြောင့် သမီးလတ်နေခြည် လန့်နိုးသွားခဲ့တယ်…။ မော်ြ့ကည့်ပြီးသမီးလေးနေခြည်က ”ပါပါ နင်ငိုမေတေး” (အဖေဘာလို့ ငိုနေတာလဲ) တဲ့...သမီးကိုဖြေရှင်းချက်မည်သို့် ပေးရမည်နည်း…။
ဖြေဆိုခွင့်တွေ ရင်မှာပျောက်ကွယ်ကုန်ပြီး သမီးရယ်လို့ ရင်ထဲမှာ အကြိမ်ကြိမ်ပြောလိုက်မိသည်…။ အခုမှ သမီး အသက်က(၅)နှစ်ကျော်(၆)နှစ်အတွင်း… အရာရာကို သူဘယ်သိနိုင်ပါ့မလဲဗျာ…။
ဒီလိုနဲ့သမီးကြီးနဲ့ အငယ်ဆုံးကလေးမနိုးခင် သုတ်ခြေတင်ပြီး ကျနော်ထွက်သွားဖို့ပြင်လိုက်တယ်…။ ဇနီးသည်ကတော့ ကျနော်ကိုနှုတ်ဆက်ဖို့ခွန်အား မရှိဘူးထင်ပါရဲ့….။ လှည့်မကြည့် မီးထိုင်မွှေးနေတယ်…။ မွှေးနေတဲ့မီးက တောက်လောင်ဖို့ အရှိန်မရ။ သူရဲ့မျက်ရည်တွေက မီးဖိုးတခုလုံး စိုနစ်နေတာကို လှမ်းမြင်နေရသည်…။ မငိုပါနဲ့လို့ တားပိုင်ခွင့်မရှိပေမဲ့ မကြည့်ရက်တာကို ကျနော်ရင်တွင်က သိနေတယ်…။ အားပေးနှစ်သိမ့်ဖို့ စွမ်းအားတွေ ကျနော်မှာလည်း ကုန်ဆုံးနေပြီ…။ ဘာတတ်နိုင်မှာလဲဗျာ…။
ဝေဒနာဆိုတာခံစားဖူးတဲ့သူတွေကပိုပြီး အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်ကြမှာလေ…။
အိမ်ကလှည့်အထွက် သမီးလေးနေခြည်က ကျနော့်လက်ကိုလှမ်းဆွဲပြီး သမီးလိုက်ပို့မယ်တဲ့…။ အဲဒါနဲ့ဖြတ်လမ်းကို သမီးလေးနေခြည်နဲ့ကျနော် လက်ချင်းတွဲလို့ ချီတက်ခဲ့ကြတယ်…။ လမ်းခွဲကိုရောက်တော့ ထိုင်ချပြီး သမီးလေးရဲ့ပါးပြင်နဲ့ နဖူးလေးကို နမ်းနေမိသည်…။ 
‘သမီးပြန်တော့နော်…အမိုးစောင့်မျော်နေအုံးမယ်…လိမ္မာကြ၊ စာလည်းကြိုးစား၊ အမိုးစကား ကိုလည်း နားထောင်၊ တနေ့ ပါပါပြန်လာခေါ်မယ်နော်’ လို့ အက်ကွဲသံအပြည့်နဲ့ ပြောနေမိတဲ့ ကျနော်…။ မျက်နာကိုတစ်ဘက်လွှဲလို့ ထွက်ခွာဖို့ဟန်အပြင် သမီးလေးနေခြည်က မျက်ရည်စတွေနဲ့ ငိုရင်း … ”ပါပါဟယ်အေ့ဘဲ့နီး”(အဖေ သမီးတို့ကိုပြန်လာခေါ်) တဲ့ဗျာ…၊ လေးတွဲ့စွာဖြင့် ခေါင်းကလေးကို ညှိမ့်ပြလိုက်မိပြီးတဲ့နောက် နှလုံးသားမဲ့ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရင်း ဘဝခရီးကို ဆက်နှင်ရပေအုံးမည်…။

ဆက်ပါအုံးမည်
အစဉ်လေးစားလျှက်

အုပ်ကြီးဖေ

No comments:

Post a Comment