by ရင် နင့် အောင် on Monday, August 27, 2012 at 8:33pm ·
ခြေရာကောက်ကြည့်လိုက်တော့ မတိုမရှည် သံသယကြားထဲမှာ လှည်းဝင်ရိုးသံဟာ တခြွင်ခြွင် မြည်လာခဲ့တယ်။ ပျောက်ဆုံးနှင့်နေပြီးတဲ့ ရှာဖွေမှုအပေါင်းတို့ရေ … ။ ငရဲကို အကြောင်းမျှော်လို့ တိတ်ဆိတ်နေလိုက်ကြပါ။ ဖြစ်တည်မှုများဟာ ဆီပူထဲက ဘယာကြော်များလို အနံအရသာ ရှိနေကြမလား။ ကျွန်တော်မသိဘူး။ သူမသိဘူး။
အနံ့ကို စားသုံးနေတဲ့ နှင်းဆီတစ်ကောင်ဟာ မြေလူးပြီး သားပျောက်ရှာဖို့ ထွက်ခဲ့ပြီ။ ချိုသော အဆိပ်နဲ့ ခါးသော အဆိပ် ဘယ်အရာနဲ့ သင်သေချင်ပါသလဲ။ (မေးခွန်း မဟုတ်ပါ။) အလံထဲက လဲကျမှုများဟာ အလေအလွင့်သရုပ်ရဲ့ လူဖြစ်မှု သမိုင်းပါပဲ။
ရှုမျှော်ခင်းများဟာ သွေးစက်များနဲ့ ဖလင်မှားခဲ့ကြပြီ။ ငါ့ကို ဆွတ်သွားတဲ့လူတွေက အနံ့ကို သေချာ မခံစားဘဲ ငါ့ကို နာမည်ပျက်စေခဲ့ပြန်တယ်။ ခက်တယ်ကွယ်။ အငွေ့တထောင်းထောင်း ငါ့ခန္ဓာကိုယ်ရဲ့ ရာသီဥတုက အစိုင်အခဲ ဆန်လွန်းတယ်။
တိတ်တိတ်ဆိတ်ဆိတ်တွေးနေတဲ့ အတိတ်ကာလတစ်ခုက ကာလာမပါတဲ့ ဘာသာမဲ့ ဇာတ်ပျက်တစ်ခုပဲ။ ပုထိုးတော်တစ်ခုကို ငါမော့ကြည့်လိုက်တယ်။ ငှက်ယုတ်တစ်ကောင်ဟာ နားဖို့ အခွင့်အခါကို မိုက်မဲစွာ စောင့်လို့နေပေါ့။ ဘ၀ဟာ ဘယ်အချိန်အခါထိ ဖွာရှိုက်လို့ ကုန်ဆုံးနိုင်မလဲ။ မသိခြင်းတရားများစွာနဲ့သာ ငါ ဒီစာကို ရေးရတော့မယ်။
ကြံကြံဖန်ဖန် တွေးဖြစ်မိပါသေးတယ် ဖြူ။ တကယ်လို့သာ သေဆုံးမှုများဟာ လှပခဲ့ရင် ငါတို့ သံသရာတွေ ပိုများ တိုသွားမလားလို့။ မဖြစ်သင့်ပေမယ့် ရည်ရွယ်ရာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြတဲ့ လူတွေရဲ့ ပထ၀ီဝင်ဟာ ၀င်ရိုးစွန်းတွေ မှားရင်း ပျက်ပြယ်ခဲ့ကြပြန်တယ်။ မနက်ဖြန်ခါတိုင်းမှာ မသိတသိ အိပ်မက်မိုးတွေနဲ့ ထီးတွေ ပျောက်လို့ လာခဲ့ကြမယ်။ အဲဒီအခါ နင်ပြောနေကျ ဒီလိုပါပဲ ဆိုတဲ့ စကားဟာလည်း ခေတ်ရဲ့ ရှေးအကျဆုံး ပြဇာတ်ထဲက ဇာတ်ဝင်ခန်းလည်း ဖြစ်လာနိုင်ကောင်းရဲ့။
ခုတော့ ခွန်းဆက်ခေါ်ဆောင်ထားတဲ့ လေပြေဆိုတဲ့ ကဗျာတစ်စကို ငါပြန်ပြန်လွမ်းရင်း ဒီတစ်မိုးဟာ မထစ်ချုန်းပါဘဲ အလွမ်းပကာသနကို ပါဒတဖြိုက်လောက်နဲ့ မှောင်မိုက်ခဲ့စေပေါ့။ အနားနားက လေသံတွေကလည်း တိမ်တွေရဲ့ ဖြစ်တည်မှုကို သရော်ပြုလို့။ အနားနားက မြင်ကွင်းတွေကလည်း ရင်ဘတ်တွေရဲ့ ပျောက်ဆုံးမှုကို ပျက်ရယ်ပြုလို့။ ဘယ်လို မဟာဘုတ်နဲ့ ဟောဟော ငါဟာ မရဏဖွားချည်းဖြစ်ခဲ့ရတဲ့ ပျော်ရွှင်မှုမျိုးနဲ့ ဒုတိယအကြိမ်မြောက် နင် .. ငါ့ကို သတ်ဖို့ ကြိုးစားပါ့မလားလို့။ တွေးရင်း။ ငါကြောက်တယ် ဖြူ။
တစ်ရှူးဆတွေ မီးလောင်ခဲ့တဲ့ညက မျက်လုံးလိုပါပဲ။ ငါတို့ အမြင်တွေေ၀၀ါး မွန်းကြပ်ခဲ့ကြတယ်။ စကားကို ဆန္ဒနဲ့ ပေါင်းတော့ ဖြစ်တည်လာတဲ့ အတင်းတွေက အတ္တတော့ ဘယ်ကင်းပါ့မလဲ ဖြူ။ ရင်ခုန်သံကို ဆားခပ်ထားတဲ့ ၀မ်းပျက်နေတဲ့ ညတစ်ညပါပဲ။ ဂေါ်မစွန် မြူခိုးတွေ ဝေေ၀၀ါးလို့။ သံသယကို ဆေးခါးကြီးတစ်ခွက်တိုက်ကြည့်တိုင်း ငါ… ပြန်… လေ.. လွင့်…. ပါး…. လို့။
ရူးခဲ့တယ် ဖြူ။ အတိုင်းအတာတစ်ခုတိုင်းမှာ ခေါင်းလောင်းသံရွာခဲ့မှာတော့ မဟုတ်ဘူး။ အနှောင်းသံသရာဟာ ခေတ်ရှေ့ပြေး မိုင်ကုန်နှင်နေတဲ့ သရုပ်ပြ အလင်္ကာမဟုတ်ဘူး။ နွေထနောင်းကို တိတိကျကျ သတ်ပစ်ပြီးမှ နင်ရောင်းစားပစ်တဲ့ ငါ့ဘ၀အတွင်းက အမှတ်တရတွေကို ခိုစာ ကျွေးချင် ကျွေးလိုက်ပါဖြူ။ ခံစားမှုမှန်သမျှဟာ မနက်ဖြန်တိုင်းမှာ ပျောက်ဆုံးစေသတည်း။
တစ်မနက်သော နေ၀န်းကြီးဟာ သံသယကင်းစွာနဲ့ ပြတင်းပေါက်က ၀င်လာဖူးတယ်။ အဲလိုပါပဲ။ တဆစ်ဆစ်ကိုက်ခဲနေတဲ့ မနက်ခင်းများကို အရက်ပုလင်းတွေက မွေးဖွားသန့်စင်ခဲ့ကြတယ်။ ခန္ဓာကိုယ်ဟာလည်း အင်္ကျီထဲမှာ တော်တော်ကြာကြာကြီး ပိတ်မိခဲ့ပေါ့။ အလင်းကို မရှူတတ်တဲ့ လူသားများက အဲဒီတစ်နေထွက်တိုင်း အပိုင်းပိုင်းပြတ်ကာ ပုံလဲသေဆုံးကြ။ သံသယခေတ်၊ မတရားမှုခေတ်၊ ဗျာပါဒခေတ်ပါပဲ။ အဲဒီတစ်ခေတ်တစ်ခါရဲ့ ဝေဒနာအသိုင်းအ၀ိုင်းကြားမှာ ငါကိုယ်တိုင် ရိုင်းခဲ့ဖူးတယ် ဖြူ။
ခုတော့ တစ်ရေးတစ်မောကို ခဏတိုင်း ပြုစုပြီး အိပ်မက်တွေကို အခန်းဆက်နဲ့ ငါမက်ကြည့်တယ်။ ဖဲကြိုးဝါကို မျှော်နေတဲ့ လူတစ်ဦးလိုပါပဲ။ တစ်ယောက်တည်း ကြိတ်ပြီး ရူးရတာလည်း ပျော်ဖို့ကောင်းပါတယ်။ လမ်းတွေကို ထမ်းပြီး ဘယ်လမ်းပေါ်လျှောက်ရမှန်း ငါမသိ။ လမ်းထမ်းရင် လမ်းပျောက်ရတာလည်း လူတွေအတွက် ဟာသတစ်ကွက်ဖြစ်ခဲ့ဖူးတယ်။ မထီမဲ့မြင်တဲ့ အပြုံးမျိုးတွေနဲ့ လေးလေးစားစား ရှုံ့ချတတ်ကြတဲ့ ဒေသတစ်ခုပါပဲ ဖြူ။ နင်ငါ့ကို တိမ်တွေကင်းတဲ့ တစ်နေ့မှာ မိုးရေကြားထဲ အသေသတ်ပေးပါ။
ရွေးချယ်မှုတွေပါပဲ။ ပုခက်လွဲသော လက်နဲ့ လူသတ်မှု မဖြစ်စေရ။ ခေတ်ဆိုးငှက်ရဲ့ မပဋာမြေလူး သရုပ်ပြကွက်တွေထဲ အလဲအကွဲ ဆန္ဒတွေက လူးကာ လိမ့်ကာ။ မရေမရာ။ မသေမချာ။ အဖြေရှာ။ ရင်ဘတ်ချင်း ညှိခဲ့ကြပေမယ့် ခြောက်ကြိုးလုံး ပြတ်ခဲ့ဖူးတဲ့ လူသေဂီတပါပဲ ဖြူ။
နိမ့်ရာက မြင့်ရာကို စီးနေတဲ့ မြစ်တစ်စင်းလို။ တောင်တန်းတွေကလည်း ဆံပင်တွေ ပါးလျလာခဲ့ကြ။ သမုဒ္ဒရာကို မျက်ရည်တစ်စက်ချလို့ ပြန်လည် ပြည့်လျှံလာမလား။ မေးခွန်းတွေဟာ သုဿန်ဆန်လွန်းခဲ့တယ်။ အခေါင်းထဲက ငါခိုးကြည့်လိုက်တော့ လူတွေ ငါ့ကို ၀တ်ကျေတန်းကျေ မြေဖို့နေခဲ့ကြတယ်။ နှစ်ထောင့်တစ်ဆယ်၊ စက်တင်ဘာရဲ့ လှည့်ကွက်အတုနဲ့ ရက်စွဲတွေလိုပါပဲ။ ခုချိန်ထိ ငါ့ဒဏ်ရာက မကျွတ်မလွတ်သေးဘူး။
ငယ်တုန်းက အိပ်မက်က ငယ်အိပ်မက်ပါ ဖြူ။ အလေအလွင့်တွေဟာ လေလွင့်ရင်းသာ စိတ္တဇနာမ်လို သေဆုံးကြလိမ့်မယ်။ ခေတ်တစ်ခေတ်ရဲ့ သားရိုင်းတို့ဟာလည်း ထင်ရာစိုင်းပြီး လောဘတ၀ုန်းဝုန်းနဲ့ တောမီးလောင်ကြလိမ့်မယ်။ တစ်ပင်ကို တစ်ပင်မဆင့်နိုင်တဲ့ တောနဲ့ သမိုင်းအပျက်ကြီးထဲ အစုလိုက် အစည်းလိုက် အထီးကျန်ကြလိမ့်မယ်။
အဲဒီအခါ မီးလျှံတွေဟာ တိမ်တွေလိုပဲ မည်းနက်စိုင်ခဲလို့ ကမ္ဘာမြေပေါ် ဒလဟော မီးတွေ ရွာသွန်းကြလိမ့်မယ်။ သံသယမှာ သက်ပြင်းတစ်ချက်ချတိုင်း ငါတို့ ရေရွတ်နေကျ မေတ္တာတရားက တဟားဟားနဲ့ ရယ်မောပြီး ကမ္ဘာကို ပစ်ခွာသွားကြမယ်။ လူဖြစ်ခြင်းမှာ ပဉ္စလက်ဆန်လွန်းတဲ့ စက်ဝိုင်းဟာ တစ်ခြမ်းပဲ့လို့ တစ်ယောက်နဲ့ တစ်ယောက် အမှတ်တရအဖြစ် သတ်ဖြတ် စားသောက်ကြရလိမ့်မယ်။
မနက်ခင်းတိုင်း နေ၀န်းဟာ သွေးတစ်စက်ဆီ စီးကျလို့။ ညဉ့်နက်တိုင်း ငှက်ဆိုးတွေရဲ့ စူးစူးဝါးဝါးအော်သံကြားမှာ လမင်းဟာ အလင်းတွေ တဖြည်းဖြည်းချင်း လျော့ပါးလာခဲ့။ အဲဒီခေတ်ရဲ့ အသွားအလာတွေ ကင်းတဲ့ တစ်နေရာမှာ လမ်းမကြီးကို ထမ်းပြီး လမ်းပျောက်နေတဲ့ လူတစ်ဦး ရှိလိမ့်မယ်။ သူ့ကျောပေါ်မှာ လူတွေရဲ့ ခန္ဓာကိုယ် အပိုင်းပိုင်း အပြတ်ပြတ်တွေဟာ သွေးသံရဲရဲနဲ့ ညစ်ပေနေလိမ့်မယ်။ အရှိတရားကို ဆင်ခြင်မှုမဲ့ ကျောခိုင်းထားတဲ့ နေ့စွဲတွေပါပဲ။
ခဏတာလေး ဖြစ်တည်မှုအတွက်ပါပဲ ဖြူ။
မာနနဲ့ ဒေါသကင်းတဲ့ သတ်ခြင်းမျိုး နင့်ထံက ငါတောင်းခံပါရစေ။
တကယ်ခဏလေးပါပဲ။ Beyond Being …။ တကယ်ခဏလေးပါပဲ။ Beyond Dream…။
ရင်နင့်အောင်
No comments:
Post a Comment