Thursday, July 26, 2012

ရေငန်တွင်းတူးသူတစ်ယောက်ရဲ့ ဆင့်ပွားအတွေးများ


by Khinnan Lon on Thursday, July 26, 2012 at 3:05pm 

 by Su Su Lin on Thursday, July 26, 2012 at 10:06am


ပြီးခဲ့တဲ့စနေနေ့က ဆရာဒေါက်တာအောင်ကြီးရဲ့ “အဆွေးလူ၊ အတွေးလူ၊ သိမ်မွေ့လူ” စာအုပ်ဖတ်ပြီး ကျေနပ်အားရမိသလို စဉ်းစားစရာတွေအမျှင်မပြတ်နဲ့မို့ မနေနိုင်မထိုင်နိုင် သည်စာကို ထရေးမိပါတယ်။ 
ဆရာ့လိုပဲ ရှော့ခ်အရဆုံးရတော့ “ရေငန်တွင်းတူးသူများ” ဖတ်ပြီးတဲ့အချိန်ပါ။ ဆရာ့စာမှာတော့ ဆရာမ ခင်ခင်ထူးရဲ့ ရေငန်တွင်းဆိုတဲ့ ၀တ္ထုဇာတ်ကြောင်းနဲ့စထားပါတယ်။ အညာမြို့ကလေး တစ်မြို့၊ သောက်ရေ
အတွက် ရေတွင်းကိုပဲအားကိုးရတာ၊ ရေတွင်းကလည်း ရေစေးရေငန်တွေက ခပ်များများ။ ရှားရှားပါးပါး မြူနီစပယ်ရေစက်ကြီးတစ်ခုရှိပြီး ရေချိုထွက်တယ်။ ဇာတ်လမ်းက ရေတစ်ထမ်းတစ်မတ်နဲ့ ရေထမ်းရောင်း တဲ့ ဘကြီးစံဆိုတဲ့ အသက် ၆၀ ကျော်အဘိုးနဲ့ သူ့ရဲ့အိမ်သူ အပျော်တမ်းအနှိပ်သည် ဒေါ်သင်တို့ အကြောင်း။ အမေသင်က သဒ္ဓါကြေးယူရင်လည်း “အမေသင်တို့ကိုပေးတာ ကုသိုလ်ရသဟဲ့။ အမေတို့က လှူမှာ။ အလှူထဲထည့်ရပြီ သဘောထားကြ” လို့ဆိုတတ်သတဲ့။
ဘကြီးစံကလည်း ရေထမ်းပို့ရာမှာ စည်းကမ်းရှိတယ်။ စေတနာလည်းကောင်းတယ်။ စဥ့်အိုးတစ်လုံး ရေဖြည့်ခိုင်းလို့ ရေထမ်းနှစ်ထမ်း နဲ့ မပြည့်သေးရင် သုံးထမ်းဖြည့်တယ်။ တကယ်က ရေပြည့်ဖို့တစ်ပုံးစာလောက်ပဲလိုတာ။ ပြီးတော့ ရေနှစ်ထမ်းဖိုးပဲ ပိုက်ဆံ ယူပြီး ပိုတဲ့ရေတစ်ပုံးစာကို ရှိတဲ့ခွက်ထဲ၊ ပုံးထဲထည့်ပေးတာပဲ။ ကလေးတွေကို လည်းချစ်တယ်။ ယောက်ျားလေး လောက်လောက်လားလားမြင်ရင် ရှင်မပြုသေးဘူးလား လို့ မေးတတ်ပြီး မလှူသေးပါဘူး ဘကြီးရယ်ဆိုရင် ကိုင်း…ငါလှူတော့ ထည့်ကြစမ်းဟာ။ ငါလှူရင် ရှင်တောင်းပါ့မယ် လို့ ပြောတတ်သတဲ့။ ဒါကိုလည်း အမေသင်ပြောတာကို လူတွေဂရုမထားသလို ဘကြီးစံပြောတာကိုလည်း ဘယ်သူမှ အမှုမထားကြဘူးတဲ့။

ဘကြီးစံတို့မောင်နှံ ခြစ်ခြစ်ခြုတ်ခြုတ် သဒ္ဓါကြည်ဖြူစုဆောင်းခဲ့ကြတာ ငွေသား ခုနစ်ထောင်ပြည့်သွား သတဲ့။ သည်ချွေးနှဲစာလေး
အလှူအတန်းပြုပြီးရင် ဘကြီးစံက သင်္ကန်းဝတ်၊ အမေသင်က သီလရှင် ၀တ်မယ်ပေါ့။ ဒါပေမယ့်ဘကြီးစံက သည်လောက်နဲ့ အလှူမလုပ်ချင်ဘူး။ တစ်သောင်းတန်အလှူကြီး ပေးချင်တာ။ သည်လိုနဲ့ ဘကြီးစံတစ်ယောက် တစ်သောင်းတန်အလှူ အိပ်မက်မက်ရင်း ပြာသိုလ ချမ်းချမ်းစီးစီးထဲမှာ ရေစက်ဝင်းကြီးထဲက တမာပင် အမြစ်ကြီးပေါ် ခေါင်းပေါင်းကလေး ခုအိပ်ရင်း ဆုံးရှာ တယ်။ အမေသင်ခမျာ ၀မ်းနည်းပက်လက်။ ဒါနဲ့အိမ်ကလေးကိုရောင်းတော့ အမေသင်လက်ထဲ ငွေတစ်သောင်းပြည့်သွားတယ်။ ရပ်ကွက်အတွက် ရေတွင်းတစ်တွင်းတူး၊ စာတန်းထိုး လှူပေးပါပြောပြီး လူကြီးတွေလက်ထဲ အပ်လိုက်တယ်။ ဘကြီးစံ ဘ၀အဆက်ဆက် ရေကုသိုလ်အားဖြင့် ပါရမီပြည့်အောင် တဲ့။ အမေသင်က ရေတွင်းစတူးကတည်းက မေတ္တာပို့ အမျှဝေတယ်။ အံသြစရာကောင်းတာက တူးလိုက် တဲ့ရေတွင်းက ရေချိုတွင်းစစ်စစ်တဲ့။ ရေတွင်းနဲ့ခပ်လှမ်းလှမ်းမှာ အုတ်ရေကန်လေးတည်တယ်။ တစ်သောင်းတန်အလှူလို့ ရိုးရိုးလေးပဲ ရေးထွင်းထားသတဲ့။

နှစ်တွေကြာတော့ မြူနီစပယ်ရေစက်မရှိတော့ဘူး။ ဘကြီးစံတို့ရဲ့ရေတွင်းကတော့ ရှိသေးတယ်။ နှစ်ပေါင်း များစွာကြာတဲ့ အထိ ရေကစိမ့်ထွက်တုန်း။ အေးလို့မြလို့။ ချိုလို့ကြည်လို့တဲ့။ ရေတွင်းဘောင်ကလည်း ပြိုပျက်နေ၊ အမိုးကမရှိတော့။
သည်ဘက်နှစ်တွေမှာ ရေတွင်းအိုကလေးကို ပြုပြင်မယ့် ဒကာတစ်ဦးပေါ်လာတယ်။ ရေတွင်းက သပ်သပ် ရပ်ရပ်ဖြစ်သွားပေါ့။  ထူးဆန်းတာက ခါတိုင်း အေးလို့မြလို့ ချိုလို့ကြည်လို့ ဆိုတဲ့ ရေတွင်းကလေး ဆားများဆုပ်ခပ်လိုက်သလို ရေတွေငန်ကုန်သတဲ့။
ဆရာက သည်ဝတ္ထုဖတ်အပြီး ရှော့(ခ)ရတယ်တဲ့။ ဆရာ့ မိတ်ဆွေစာနယ်ဇင်းဆရာရဲ့အမြင်ကသည်လိုပါတဲ့။ “ချွေးနှဲစာ ဖြူဖြူစင်စင်နဲ့ လှူထားတာတွေ၊ သဒ္ဓါတရား ပြည့်ပြည့်၀၀နဲ့ လှူထားတာတွေ မြန်မာပြည်အနှံ့ ရှိတာပေါ့ဗျာ။ လူမှုရေးအဆောက်အအုံတွေရော၊ သာသနိက အဆောက်အအုံတွေပါ အစုံပါပဲ။ နောင်တစ်ချိန်မှာ သောင်သာတဲ့ သြဇာတိက္ကမ ရှိတဲ့သူတွေက အလှူအဆောက်အအုံရဲ့ ဗျုပ္ပတ်ရော သမိုင်းကြောင်းရော ဘာမှမသိဘဲ ငွေကြေးသြဇာ အရှိန်အ၀ါသုံးပြီး ကောက်ပြင်လိုက်၊ စာတန်းထိုးလိုက် လုပ်တာကို ဆရာမက သရော်ချင်ဟန်တူတယ်” တဲ့။

ဆရာဆက်ပြီးစဉ်းစားတာက “သည်ရေတွင်းကို ငါပြင်ရင်ရော ရေက ချိုမြဲကြည်မြဲနေမလား။ ငန်သွားလေ မလား။ ဆားအိတ်တွေ အိတ်လိုက်ပစ်ချလိုက်သလို ဖြစ်သွားမလား” တဲ့။ အနီးစခန်းနားက မိတ်ဆွေ ပန်းချီဆရာကြီးဆီ ၀င်လည်ဖြစ်တဲ့နေ့။ ဆရာ့ရဲ့ လိပ်ခဲတည်းလည်းပြဿနာကို ဆက်တင်ကြည့်လိုက်တော့ မိတ်ဆွေပန်းချီဆရာကြီးက “ခင်ဗျားပြင်ရင်လည်း ရေကငန်သွားမှာပဲ။ ဘယ်သူပြင်ပြင် ရေကငန်မှာပဲ” လို့ တရားသူကြီးတစ်ဦးလို ယတိပြတ်စီရင်ချက်ချလိုက်သတဲ့။

(ဆရာ့စာပိုဒ်အတိုင်းပြန်ရေးပြရရင်)
“ဆရာရယ်...ဘကြီးစံ ဇနီးမောင်နှံရဲ့အလှူက ပါရမီမြောက်နေပြီဗျ။ ချွေးနှဲစာက အလွန့်အလွန် သန့်ရှင်း စင်ကြယ်တဲ့ ကြားထဲ နေစရာတစ်လုံးတည်းသော အိမ်ကိုပါ ကျွတ်ကျွတ်လွတ်လွတ်ကြီး ရောင်းလှူတာ ကိုးဗျ။ ဆရာတို့ကျွန်တော်တို့က ကိုယ့်အိမ်ကိုယ့်ရာ ရောင်းပြီးလှူရဲရဲ့လား” တဲ့။ အလှူရဲလိုက်ပါတဲ့ ဘကြီးစံနဲ့ အမေသင်တို့ရေ။ အိမ်တိုင်ချွတ်ရောင်းပြီးတောင် လှူရက်ပါပေ့ဗျာ။ ကျွန်တော်တို့က လှူမယ် ဆိုရင် ဟိုအတွက်သည်အတွက်ချန်ထားရ။ ဟိုအရေးသည်အရေးငဲ့ရ။ တွက်ရ ချက်ရ။ ကျန်တဲ့ခွဲတမ်းလေး ကိုမှ ပြေးလှူကြတာ။ ဘကြီးစံတို့လို လွတ်လွတ်ကြီးလှူတာ မဟုတ်လေတော့။
ဆရာ့ရဲ့နောက်ဆုံးစာစုလေးက  ညနေခင်းတိုင်း ရေငန်တွင်း အပြိုင်တူးနေကြသည့် “ဦးရှင်ကြီး”လောင်း မိတ်ဆွေသူငယ်ချင်း တပည့်သားချင်း၊ ဘော- အိုအချင်း ဆရာဝန် တစ်သင်းကို မြင်ယောင်လိုက်နှင့် မိမိမှာ တစ်ကိုယ်တည်း ကျိတ်ပြုံးမိသည် တဲ့။

နောက်ဆက်တွဲအတွေးများ

ဆရာ့စာကိုဖတ်ပြီး ဘကြီးစံနဲ့ အမေသင်တို့ကို ကြည်ညိုမိပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ်တိုင် ရေချိုတွင်းတူးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် (ပါရမီထိုက်တဲ့အလှူမျိုးလှူမိအောင်) ရည်သန်မိပါတယ်။

တော်တော်များများကတော့ အလှူအဒါန်းလုပ်ရာမှာ စာလုံးကြီးကြီးနဲ့ ကမ္ပည်းတင်ခံချင် ကြပါတယ်။ လိုအပ်တဲ့နေရာမှာမဖြည့်၊ မလိုတဲ့နေရာမှာ စုပုံလှူကြပါတယ်။ ပိုဆိုးတာက အကျိုးလိုလို့ ညောင်ရေ လောင်းတဲ့ ဒါနမျိုးပါ။ ကျွန်မစိတ်ထဲ တွေးမိတာက လူတွေဟာ ဘာဖြစ်လို့ လိုအပ်တဲ့ နေရာမှာ မပေးကမ်းဘဲ အလျှံပယ်ရှိနေသူတွေကိုပဲ ပေးနေကြတာလဲ။ တကယ်တမ်း သည်လို ပေးတာမျိုးဟာ ဒါနလည်းမမြောက်၊ ပါရမီလည်းမထိုက်။ ကိုယ့်အကျိုးစီးပွားသာကြည့်တဲ့ လောဘသက်သက်ပဲ မဟုတ် လား။ (သည်လိုပြောတာကို တချို့ကမကြိုက်ကြပါဘူး)။ ပြီးတော့ သမ္မာအာဇီဝနည်းလမ်းနဲ့ မဟုတ်ဘဲ ရတဲ့ငွေနဲ့ လှူဒါန်းခဲ့ရင် သည်အလှူရဲ့ အကျိုးဆက်ကြောင့် နောက်ဘ၀မှာ ချမ်းသာပေမယ့် အဲသည် ချမ်းသာမှုဟာ ရန်သူမျိုးငါးပါးကြောင့် ပြန်ပျက်စီးရမြဲဆိုတာလည်း ကြားဖူးခဲ့တော့။

ထားလိုက်ပါတော့။ သူများအကြောင်း။ ကိုယ်ကိုယ်တိုင်ကရော။ တစ်ခါတစ်ခါ စိတ်ထဲမှာ တစ်သိန်းလောက် လှူမယ် မှန်းထားတဲ့ကိစ္စမှာ တကယ်လှူတဲ့အခါ အကြောင်းကြောင်းတွေငဲ့ပြီး (ဟိုပစ္စည်းလေးဝယ်ရအုံး မယ်။ လက်ထဲလည်းနည်းနည်းပါးပါးကျန်မှဖြစ်မယ် စသည်ဖြင့်) ငါးသောင်းလောက်ပဲလှူဖြစ်တဲ့အခါမျိုး။ ဆရာ့စာဖတ်အပြီးမှာ ပြန်သုံးသပ်မိတာ ကျွန်မကိုယ်တိုင် ငါကတော့ တတ်အားသမျှပေးလှူနေတာပဲဆိုပြီး ကိုယ်တိုင်ရေငန်တွင်းတူးနေမိတာကိုပါ။ မိဘတွေကို ထောက်ပံ့တဲ့အခါမျိုးမှာတောင် ကိုယ့်အတွက် ပိုပို သာသာလေး ချန်ပြီးမှ ပေးဖြစ်တာမျိုးတွေ။ ကျောင်းဖွင့်ချိန်ဆို ချို့တဲ့ရှာတဲ့ ကလေးမိဘတွေကို ဘယ်ရွေ့ ဘယ်မျှ ပေးအုံးမှဆိုပြီး တကယ်တော့ အဲသလောက်တောင် မပေးဖြစ်တာတွေ။ တစ်ခါတစ်လေ ပုထုဇဉ်ပီပီ စေတနာသုံးတန် မပြတ်တဲ့အခါမျိုးတွေ။သည့်နောက်မှာတော့ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး ဟောတာ ပြန်သတိရပြီး နောင်တဖြစ်မိပါတယ် (ကုက္ကုစ္စ)။ ပုထုဇဉ်တို့ရဲ့ သဒ္ဓါတရားဟာ ဖွဲပုံမှာစိုက်တဲ့ ၀ါးခြမ်းပြားနဲ့တူသတဲ့။ အချိန်မရွေးယိမ်းယိုင်လွယ်သလို အလွယ်တကူ လဲပြိုကျနိုင်ပါ တယ်တဲ့။

ကျွန်မဖတ်ဖူးတဲ့ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အသေမဦးခင်လှူနည်းသင်၊ အရှင်ဇ၀န (မေတ္ထာရှင်-ရွှေပြည်သာ) ရဲ့ ပါရမီထိုက်တဲ့ဒါနနဲ့ပါရမီမထိုက်တဲ့ဒါန။ သည်စာတွေက ကျွန်မကို အများကြီး အဆုံးအမပေးပါတယ်။ ခန္ဓာရတဲ့သူတိုင်းဟာ မရဏမီး၊ ကိလေသာမီး၊ ရန်သူမျိုးငါးပါးမီး စသည်ဖြင့် အလောင်ခံနေရတာ ချည်းပဲတဲ့။ တကယ်တော့ လှူတယ်ဆိုတာ မီးထဲကဆွဲထုတ်နေလို့ ကိုယ်ပိုင်ပစ္စည်း ဖြစ်တယ်လို့ မှတ်ပါတဲ့။ သူများရသွားတယ်လို့ မယူလိုက်ပါနဲ့တဲ့။ မီးထဲကဆွဲထုတ်တဲ့ဥစ္စာ ဆွဲထုတ်တဲ့ ပုဂ္ဂိုလ်ပဲရတယ်၊ ပစ္စည်းတွေတောင်လိုပုံပြီး သေကြေသွားတဲ့ ပုဂ္ဂိုလ်ဟာ ဆွဲမထုတ်တဲ့ ပုဂ္ဂိုလ်ပဲတဲ့။ ကိုယ့်မှာ မီးအလောင်ခံ နေရတာ သိလျက်သားနဲ့ ဆွဲမထုတ်တတ်ပြန်ရင် မီးလောင်ခံရတဲ့ပုဂ္ဂိုလ်၏ မိုက်မှုပဲတဲ့။ မလှူရက်၊ မတန်းရက်၊ မပေးရက်၊ မကမ်းရက်နဲ့ မီးကလည်း လောင်နေတယ်။ အဲသည်လောင်နေတဲ့အထဲ က ဆွဲမထုတ်တတ်ဘူးဆိုရင်ဖြင့် မီးလောင်နေရင်း ထိုင်ကြည့်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူ ဖြစ်ပါတယ်တဲ့။

ကျွန်မတို့ရေချိုတွင်းလည်းတူးရင်း၊ ဖွဲပုံမှာ ၀ါးခြမ်းပြားမစိုက်မိအောင် သတိထားရင်းနဲ့ မီးလောင်ခံရမယ့် ပစ္စည်းတွေ ဆွဲထုတ်လို့ရနိုင်သလောက် ဆွဲထုတ်ကြစို့လား။

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာဏ်တော်အား အစဉ်ဦးခိုက်ပူဇော်လျက်၊ ရေချိုတွင်းဆိုတဲ့ ဉာဏ်ကို ဖျတ်ခနဲပွင့်လင်းစေခဲ့တဲ့ ဆရာမ ခင်ခင်ထူးနဲ့ ဆရာဒေါက်တာအောင်ကြီး တို့အား ကျေးဇူးတင်လျက်)
Unlike · · Unfollow Post · Share
  •  You, Yin Minthan, Aung Ko Ko Min, Khant Soe and 8 others like this.            2 shares
    • Ko Yoe Say white donation may give clear sweet water even under difficult circumstances ! I get this message .
      18 hours ago via mobile · Like · 1

    • Thein Tan
      အစ်မရေ..ဒေါက်တာအောင်ကြီးစာအုပ်တွေဆိုရင် အကုန်ဖတ်ဖူးတယ်.ခုအသစ် တော့မဖတ်ရသေးဘူး..ဒါပေမယ့်အစ်မရေး တာဖတ်ရတာနဲ့တင်..နားလည်သွားပြီ..အတွေးတူတယ်ဗျ..ကျွန်တော်လည်း ဆရာတော်ရှင်ဇ၀န(မေတ္ထာရှင်-ရွှေပြည်သာ) ရဲ့စာအုပ်တွေဖတ်ဖြစ်တယ်..(မေတ္ထာဖြင့်စီးပွားရှာခြင်း...See More
      17 hours ago · Like

    • Su Su Lin
      အစ်မလည်း ဆရာ့စာအုပ်တွေ ဖတ်ဖြစ်တယ်။ အခုစာအုပ်ဖတ်ချင်ရင် ငှားပေးမယ်။ (မေတ္ထာရှင်-ရွှေပြည်သာ) ဆရာတော်စာအုပ်တွေထဲမှာ မေတ္ထာဖြင့်စီးပွားရှာခြင်း ဆိုတဲ့ စာအုပ်ကို ပထမဆုံးဖတ်ဖူးပြီး သဘောကျလွန်းလို့ ဆရာတော့်စာအုပ် အကုန်နီးပါးဝယ်ဖတ်ဖြစ်တယ်။ ကိုယ့်အတွေး...See More
      17 hours ago · Like · 3

    • Thein Tan ပြီးခဲ့တဲ့2 လောက်ကဆရာတော်ကိုဖူးခွင့်ရလို့ အဲဒီစာအုပ်လေးကိုလက်မှတ် ထိုးပေးသွားတယ်..ဒေါက်တာအောင်ကြီးရဲ့စာအုပ်လည်းဖတ်ချင်ပါတယ် အစ်မ..ဆရာ့ ward မှာ HS ဘ၀နဲ့သုံးလလောက်နေခဲ့ရတော့..ဆရာ့စာအုပ် တွေဖတ်ရတာ..ဆရာကြီး ကိုယ်တိုင်အနားမှာလာပြောနေသလို ခံစားရတယ်..
      17 hours ago · Like · 1

    • Khinnan Lon မနှစ်က ခွင့်တစ်လရတုန်း သားစာမေးပွဲစောင့်အပြီး ၇-ရက်ကျန် တာကို ပြန်အပ်ပြီး အလုပ်ပြန်ဝင်ဘို့ ဆုံးဖြတ်လိုက်တယ်။ မိတ်ဆွေတစ်ယောက် နေမကောင်းတာကို ပြန်မဲ့ည (၉)နာရီကျမှ ဖုန်းနဲ့သတင်းမေးဖြစ်တယ်။ လူနာက နောက်နေ့ညနေ စမဲ့ တရားစခန်းကို ရောက်နေပြီ ။ ကျမလဲ ကျန်တဲ့ ၇-ရက်ကို တရားစခန်း ၀င်ဖြစ်သွားတယ်။
      8 minutes ago · Like

    • Khinnan Lon နွေရာသီပူတော့ နေ့လည်ဆိုရင် တရားထိုင်အပြီး ပူပူလောင်လောင် ရေဆာဆာမှာ အအေးတစ်ခွက်က အတော်ထိ ရောက်တာ။ လက်ထဲမှာ ငွေကရှစ်သောင်းဘဲ ရှိတယ်။ ပထမနေ့ နေ့ခင်းဘက်အတွက် အအေးလှုတာ လေးသောင်း ကျတယ်။ ဆရာတော်က နောက်ဆုံးနေ့မနက် အာရုံဆွမ်းအတွက် (၂)သိန်း လှူမဲ့သူမရှိလို့ လှူစေချင်တယ်။ ဖျာပုံဆေးရုံမှာ တာဝန်ကျခဲ့တုန်း ကလို အဆင် ပြေနေတယ် ထင်ရှာပါတယ်။ --
      7 minutes ago · Like

    • Khinnan Lon
      နောက်ဆုံးနေ့ မနက်ဆိုရင် တရားပြဆရာတော်ကလဲ ၆-ရက်မြောက် ညနေကတည်းက ပြန်ကြွသွားတော့ တစ်ချို့ယောဂီ တွေလည်း ညကတည်းက ပြန်ကြတော့ အဲ့ဒီနေ့မနက်အတွက် အလှူကို လှူချင်သူနည်းတယ်တဲ့။ သြော် - ကျန်နေလိုနေတဲ့ ကွက်လပ်ကို ဖြည့်ခွင်ရမဲ့ အလှူဘဲ။ ငါ့အတွက်လှူဘို့...See More
      7 minutes ago · Like

    • Khinnan Lon တစ်သိန်းလှူပြီးတော့ ကျန်တဲ့တစ်သိန်းကို ဆက်လှူမဲ့ အလှူရှင် ပေါ်လာမလား ဆိုပြီး ဆွမ်းစားဆောင်ကို သွားတိုင်း အလှူရှင် white board ကို ကြည့်ရတာအမော။ ဒီကြားထဲ တတိယနေ့ နေ့လည်အတွက် အအေးလှူမဲ့ သူမရှိလို့ လေးသောင်း ထပ်လှူဖြစ်တယ်။ နောက်နေ့တွေမှာ နေ့လည်ဘက် အအေး အလှူရှင်မရှိရင် ကျောင်းထိုင်ဆရာတော်ကဘဲ လှူတယ်။
      6 minutes ago · Like

    • Khinnan Lon ပဉ္စမနေ့အထိ အာရုံဆွမ်းအတွက် နောက်ထပ် တစ်သိန်း လှူမဲ့သူပေါ်မလာလို့ သြော် - ငါမလှူရင် ဆရာတော်ဘဲ တာဝန်ကျတော့မယ်။ ဆွဲကြိုးလေး အပြီးရောင်းပြီး လာပေးဘို့ အိမ်ကိုမှာရပြန်တယ်။ မရှိတဲ့အချိန်မှာ လှူချင်ရပါ့မလား ဆိုပြီး အမျိုးသားကငြို ငြင်သွားရင် သူအပြစ်ဖြစ်မှာလဲ စိုးရိမ်တယ်။
      6 minutes ago · Like

    • Khinnan Lon ညနေကျတော့ အမျိုးသားက ပြုံးပြုံးရွှင်ရွှင်နဲ့ ရောက်လာပြီး တစ်သိန်းလာပေးတယ်။ မင်းဆွဲကြိုးလဲ ဘာမှမရောင်းရ မပေါင်ရပါ ဘူး။ ငါစုထားတာလေး လာပေးတာပါတဲ့။ ပြီးတော့ပြောသေးတယ်။ ဒီနေ့ ဂျပန်မှာ ဆူနာမီဖြစ်တာ တော်တော်သေတယ်တဲ့။ သူတို့ အတွက်လဲ ဆုတောင်းအမျှဝေပေး လိုက်ဦးတဲ့။
      6 minutes ago · Like


    • Khinnan Lon ဘုရားအမှူးပြုတဲ့ သံဃာတော်တွေနဲ့ ယောဂီတွေကို အအေးကပ်နေတဲ့ အချိန်တွေမှာရော၊ အာရုံဆွမ်းကပ်နေတဲ့ အချိန်တွေမှာပါ အတိုင်းမသိ ကြည်နူးဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်။
      မရှိတဲ့ကြားက စွန့်လှူရတာလဲ ပါတာပေါ့။ - ကံကောင်းတာက တရားပြဆရာတော်ကလည်း တရားစခန်းကို တစ်ရက်အရောက် နောက်ကျခဲ့လို့ ကျမတို့ကပ်တဲ့ အာရုံဆွမ်းကို ဘုန်းပေးပြီးမှပြန်တယ်။ ယောဂီတွေလည်း တစ်ယောက်မှမပြန်ကြလို့ အားလုံးကို လှူခွင့်ရ လိုက်တယ်။
      5 minutes ago · Like

    • Khinnan Lon တရားစခန်းက ထွက်ထွက်ချင်း နေပြည်တော် အစည်းအဝေးကို တက်ခဲ့ရတယ်။ ညဘက် ဈေးသွားရင်း ထီမထိုးရသေးဘူးလေဆိုပြီး လက်ထဲပါတဲ့ ငွေလေးနဲ့ ထီလေးစောင် ထိုးဖြစ်တယ်။ နောက်နေ့ထီထွက်တော့ တစ်စောင်တစ်သိန်းနဲ့ လေးစောင်လေးသိန်း ပေါက်တယ်။ နေပြည်တော်မှာ ငှက်ဖျားမိတ်ဆွေတွေကို ဒါနပြုတာ ၂-သောင်း၊ ထီထုတ်ပေးတဲ့သူကို ၂-သောင်း၊ တရားစခန်းမှာ လှူခဲ့တာက ၂-သိန်းရှစ်သောင်း။ ကျန်တဲ့ ရှစ်သောင်းက အမေ့အိမ်သွပ်မိုးဖာဘို့ ကန်တော့ဖြစ်ခဲ့ပါတယ် --

No comments:

Post a Comment