by Lwin Aung Soe on Thursday, May 31, 2012 at 5:03pm
Facebook မိတ်ဆွေတို့ရေ… Myanmar Express ဆိုရင် သိပ်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းတဲ့ အောက်တန်းကျကျ ဝက်ဆိုဒ်မှန်း လူအတော်များများ သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ မမှန်တာတွေကို လုပ်ကြံရေးသားပြီး ပုဂ္ဂိုလ်ရေး သိက္ခာချနေလို့ ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရစရာ မရှိအောင် လုပ်ကြံစွပ်စွဲ အပုပ်ချထားတွေ ရှိပါတယ်။ မြန်မာလူမျိုးမှ ဟုတ်ပါလေစ၊ မြန်မာပီသရဲ့လားလို့တောင် တွေးယူရတဲ့ အထိပါပဲ။ မြန်မာစာ ဖတ်တတ်တဲ့ နိုင်ငံခြားသားတွေ ဖတ်များဖတ်မိရင် မြန်မာလူမျိုးတွေ ဒါမျိုး ရေးတတ်ပါလားလို့ အထင်သေးစရာ ဖြစ်နိုင်လောက်ပါတယ်။
မိတ်ဆွေတို့က ကျနော့်ထက် ပိုသိမှာပါ။
လတ်တလော Facebook မှာ “အရေးမပေးသင့်သော မိန်းမများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တက်လာတာ ရှိပါတယ်။ ပို့စ်ရေးသူက ဆူးနှင်းဆီ ဖြစ်ပြီး Myanmar Express မှာ တင်ထားတာကို Facebook မှာ ဖြန့်ချလိုက်တာ ဖြစ်ပါတယ်။ စာမှာ အမျိုးသမီးတွေရဲ့ မကောင်းတဲ့အကျင့်တွေကို စီကာပတ်ကုံး ရေးသားထားပါတယ်။ အဲဒီပို့စ်မှာ အမျိုးသမီးတွေရဲ့ ဓါတ်ပုံတွေကို တင်ထားပါတယ်။ ဓါတ်ပုံထဲက အမျိုးသမီးတွေကိုပဲ ရည်ညွှန်းသလိုလို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ဒါဟာ လူကြီးလူကောင်း မဆန်တဲ့ အပြုအမူဖြစ်ပြီး မီယာကျင့်ဝတ်ကိုလည်း ချိုးဖောက်ရာရောက်ပါတယ်။
ဓါတ်ပုံတွေ ဖော်ပြထားရာမှာတော့ ကာယကံရှင်တွေရဲ့ ခွင့်ပြချက် မရှိဘဲ ခိုးယူ သုံးစွဲထားတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပို့စ်တင်သူ ဆူးနှင်းဆီနဲ့ ပို့စ်ဖော်ပြသူ Myanmar Express တို့ဟာ အခြားသူတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေအောင် အသရေဖျက်နေတာ သက်သေခံ ဖြစ်သွားပါတယ်။ ဒါဟာ ပြစ်မှုဆိုင်ရာ ရာဇဝတ်မှု ဖြစ်ပြီး အသရေဖျက်မှု ပုဒ်မ တခုခု (သို့) တခုမကနဲ့ မြန်မာနိုင်ငံတရားရုံးမှာ တရားစွဲလို့ ရပါတယ်။
Myanmar Express ဟာ မျိုးချစ်စိတ်ကို ထိန်းသလိုလို၊ ယဉ်ကျေးမှုကို ထိန်းသလိုလိုနဲ့ ပုဂ္ဂိုလ်ရေးရာ သိက္ခာကျသွားအောင် လုပ်ကြံရေးသားရုံတင် မကပါဘူး။ မသမာတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ရှိနေသေးပါတယ်။
ဒီမိုကရေစီ အသွင်ပြောင်းကာလမှာ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့တွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတွေ၊ တပ်မတော်နဲ့ အခြားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ တည်ငြိမ်တဲ့ နိုင်ငံရေးလမ်းကြောင်းကို ဖြစ်စေဖို့ အစွမ်းကုန် ကြိုးပမ်းနေကြပါတယ်။ ဒီလိုအချိန်မှာ နိုင်ငံရေး မတည်ငြိမ်နိုင်အောင်၊ ရည်မှန်းချက် မရောက်နိုင်အောင် Myanmar Express က လုပ်ကြံသတင်းတွေနဲ့ ဖွပေး၊ ဆွပေး၊ ရန်တိုက်ပေး၊ လမ်းချော်ပေးလျက် ရှိနေပါတယ်။
ဒါဟာ အင်မတန် ယုတ်ညံ့တဲ့ စိတ်ထားနဲ့ တိုင်းပြည်ပျက်အောင် အဖျက်အမှောင့်တွေ ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ Myanmar Express ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်ပါတယ်။ မိတ်ဆွေတို့ အားလုံးလည်း သတိရှိကြပါ။ မိမိတို့လက်လှမ်းမီရာ အသိုင်းအဝိုင်းတွေမှာလည်း ဖြစ်နိုင်သမျှ လက်ဆင့်ကမ်း မှာကြားထားပေးကြပါ။
Facebook ကို ဘယ်သူမဆို လွတ်လပ်စွာ သုံးပိုင်ခွင့် ရှိတဲ့အတိုင်း Myanmar Express ကို ဖန်တီးသူတွေကလည်း Facebook ထဲကို ဝင်ရောက်လာနေပြီ ဆိုတာ သူတို့ရေးတင်လိုက်တဲ့ ပို့စ်တွေအရ အလွယ်တကူ ခန့်မှန်းလို့ ရပါတယ်။
အထူးသဖြင့် အမျိုးသမီးများအနေနဲ့ မိမိတို့ ကိုယ်ပိုင်ဓါတ်ပုံတွေ အလွဲသုံးစားတာ မခံရအောင် အထူးဂရုတစိုက် ရှိဖို့ လိုအပ်ပါတယ်။ Myanmar Express ဟာ မိမိလူမျိုးကို စောင့်ရှောက်ရတဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးမထားဘဲ မိခင်တွေ၊ အဒေါ်တွေ၊ အမ-ညီမနဲ့ သမီးချင်း၊ တူမချင်း မစာနာတတ်အောင် ယုတ်ယုတ်မာမာ ကြံစည်တတ်လို့ ဖြစ်ပါတယ်။
Myanmar Express မှာ အပြောနဲ့အလုပ် မညီတဲ့ ရယ်စရာကောင်းတာတခု ရှိပါတယ်။ အဲဒါကတော့ ပေါ်ပြူလာမှာ ရေးသား ဖော်ပြထားတဲ့ ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) ရဲ့ “စာပေ စာနယ်ဇင်းများနဲ့ အသရေဖျက်မှု” ဆိုတဲ့ ဆောင်းပါးကို Myanmar Express က တဆင့်ပြန်လည် ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ သူကပဲ စာနယ်ဇင်းကျင့်ဝတ်တွေကို လိုက်နာသလိုလိုနဲ့ ဟန်ဆောင်မျက်နှာဖုံး စွပ်ထားတဲ့ Myanmar Express ပါပဲ။
မြန်မာအချင်းချင်း ယိုင်းပင်းကူညီနိုင်ကြပါစေ။
လွင်အောင်စိုး
၁-၆-၂ဝ၁၂
အသရေဖျက်မှုနဲ့ ပတ်သက်ပြီး ဗဟုသုတ တချို့ကိုပါ လက်ဆင့်ကမ်း ရှယ်ပေးလိုက်ပါတယ်။
- ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၅)
- CJ နှင့် အသရေ ဖျက်မှု
- သတင်းသမားတို့ ဆောင်ရန်ရှောင်ရန်
- ဆိုက်ဘာ အသရေဖျက်မှု သတိထားသင့်
- စာပေစာနယ်ဇင်းများနှင့် အသရေဖျက်မှု
ဟုတ်ပါတယ် အရေးယူပေးပါ တော်တော်ကို မိုက်ရိုင်းလွန်းအားကြီးပါတယ်ဗျာ
ReplyDelete