(၁)
ကျနော့်ကို
ဗမာမိဘများမှ ဗမာပြည်မှာ မွေးသည်။ ကျနော်သည် ဗမာပြည်သား ဖြစ်သည်။
ကျနော့်အသက် ၄၀ ထဲ ရောက်လာပြီ ဖြစ်သော်လည်း ယခုထိတိုင် ပုဆိုး ကောင်းကောင်း
မ၀တ်တက်။
(၂)
ရှစ်လေးလုံးအရေးတော်ပုံကို
ရှစ်တန်းကျောင်းသားဘ၀နှင့် ကြုံတွေ့ခဲ့ရသည်။ တွက်ကြည့်တော့ ကျနော့်အသက် ၁၄
နှစ်။ ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် နိုင်ငံရေးဆိုသည်က ကျနော့် အသွေး
အသားထဲသို့ ဒုတ်ဒုတ်ထိ တိုးဝင်သွားသည်။ သမဂ္ဂစိတ်ဓာတ်က တဖြန်းဖြန်း။
တိုက်ပွဲလမ်းကို တိုးဝင်ခဲ့သည်။ ဤသို့ဖြင့် အချိန်သိပ်မကြာ။
မိမိကိုယ်ကိုပြန်ကြည့်သော အခါ မဲနယ်တောင်တန်းပေါ်က သူပုန်ကျောင်းသား။
ကျနော်ဟာ
ကလေးစစ်သားများလား။ ကျနော်တို့ရဲ့ ရဲဘော်ကြီး ဗိုလ်ဆန်နီပြောသည့်စကားကို
သတိရမိသည်။ “ပုံမှန်မဟုတ်တဲ့အခြေအနေမိုလို့ တော်လှန်ရေးဆိုတာပေါ်လာတာ။
ဘယ်သူကမှ ကလေးစစ်သားမစုဆောင်ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံမှာ ကလေးတွေလည်း
“မဆလ” ကို အလိုမရှိခဲ့ တာပဲ။” ဖြစ်ပုံက ဘောင်းဘီတိုလေးနှင့်
ကျောင်းသွားနေတုန်း “မဆလ” က ကျနော့်ကို တောထဲမောင်းပို့ ခဲ့သည်ဟု
မှတ်တမ်းတင်ရမည်ဖြစ်သည်။ ပုဆိုးအစမ်းဝတ်စမှာပင် တောခိုခဲ့ရသော
သူပုန်ကျောင်းသား ကျနော်သည် တောထဲ ရောက်သည့်အခါ “ကျောင်းသားတပ်မတော်” ရဲ့
စစ်ယူနီဖောင်းကိုဝတ်ရသည်။ ခုံခုံမင်မင်။ မြတ်မြတ်နိုးနိုး။ သေနတ် -
အီကွေ့မန့် - ခြုံစောင် - မိုးကာ - ကျောပိုးအိပ်စာကြည့်တိုက်။ ကျနော့်တွင်
ဝတ်စရာ ပုဆိုးမရှိ။ ထိုသို့ဖြစ့် ဆယ်စုနှစ် တခု ထိတိုင်။
ပြီးနောက်
…။ တိုက်ခိုက်ရေးရဲဘော်တာဝန်မှသည် ဗဟိုရုံးတာဝန်များကို
ရွှေ့ပြောင်းထမ်းဆောင်ရသည်။ ပြန်ကြားရေး - စည်းရုံးရေး - သုတေသန။
ပုဆိုးအစမ်းဝတ်ခါစမှာ တောခိုလာပြီး တိုက်ခိုက်ရေးရဲဘော်အဖြစ် တောထဲတွင်
နှစ်အတော်ကြာ နေထိုင်လာခဲ့သည့် ကျနော့်အနေဖြင့် ဗဟိုရုံးတာဝန်များကို
ထမ်းဆောင်သည့်အချိန်တွင်လည်း ပုဆိုး မ၀တ်ဖြစ်။ ပုဆိုး မ၀တ်တက်တော့။ စစ်
ယူနီဖောင်း ဘောင်ဘီမှသည် အရပ်ဝတ်ဘောင်းဘီသို့ ပြောင်းလဲဝတ်ဆင်ခဲ့သည်။
အရပ်ဝတ် ဘောင်းဘီကိုဝတ်ရသည့်အခါ ကျနော်အကြိုက်ဆုံးနှင့် ယနေ့ထိတိုင်
ခုံခုံမင်မင် စွဲစွဲမြဲမြဲဝတ်သည့် ဘောင်းဘီက “ဂျင်း” ဘောင်းဘီ။ “ဂျင်း”
ဘောင်းဘီကိုကျနော့်အကြိုက်ဆုံး။ အဲဒီ “ဂျင်း” ဘောင်းဘီမှာမှ
အကြိုက်ဆုံးအရောင်က “အပြာ”။
(၃)
“ဂျင်း” ဘောင်းဘီ ဆို၍
သတိရစရာတခု ရှိသည်။ သုံ့ပန်း တပ်မတော်သားလေးတဦးနှင့် ကျနော်တို့
ကျောင်းသားရဲဘော် များ ကြားမှ “ဂျင်း” ဘောင်းဘီအကြောင်း။
ကျနော်
“ကျောင်းသားတပ်မတော်” မှာ ရဲဘော်အဖြစ်တာဝန်ယူစဉ်
ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ရပြီး သမိုင်းကြောင်းနှင့် စပ်ဆက်နေသည့် စခန်းနေရာ
၂ နေရာရှိသည်။ ၁၉၉၁ ခုနှစ်များလောက်ဆီက ဖာပွန်မြို့နယ် သံလွင်မြစ်တနေရာရှိ
“ဒါးဂွင်” ဆိုသည့်နေရာကို ကျနော်တို့ကျောင်းသားများက
ဗဟိုဌာနချုပ်တည်ထောင်ပြီးနေခဲ့သည်။ ထိုနေရာကိုလည်း ”ဒါးဂွင်” မှသည်
“ဒေါင်းဂွင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ဒေါင်းဂွင်” ဌာနချုပ်တွင်
ကျနော့်ရဲ့မိခင်တပ်ရင်းဖြစ်သည့် အမှတ် ၆၀၁ တပ်ရင်းအတွက်
တပ်တည်နေရာပေးထားသည့် နေရာရှိသည်။ ထိုပေးထားသည့် တပ်တည်နေရာသည်
ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တွင် စစ်ပညာသင်ပြီး ယိုးဒယားတွင် တပ်မတော်ဖွဲ့ကာ
ဗမာပြည်ကိုဝင်ခဲ့စဉ်က စခန်းချခဲ့သည့် တောင်ကုန်းဖြစ်သည်။
နောက်တနေရာက
“လေးဝါး” စခန်း။ ရဲဘော်သုံးကျိပ်ကို စုဆောင်းစဉ်က ဗကသ များအဖွဲ့ချုပ်မှ
အလုပ်အမှုဆောင် ကော်မတီများလည်း ပါဝင်ခဲ့သည်။
ထိုအလုပ်အမှုဆောင်ကော်မတီဝင်များထဲတွင် ထိုအချိန်က (ဗကသ)များ အဖွဲ့ချုပ်
အတွင်းရေးမှူးဖြစ်သည့် “ဗိုလ်ရန်နိုင်” လည်း အပါအ၀င်ဖြစ်သည်။
ကျနော့်မိခင်တပ်ရင်း တပ်တည်နေရာသည် ဗိုလ်ချုပ်အောင်ဆန်း
စခန်းတည်ခဲ့သည့်နေရာဖြစ်သလို “လေးဝါး စခန်း” သည်လည်း ထိုအချိန်က
ရဲဘော်သုံးကျိပ်ဝင် (ဗကသ) များအဖွဲ့ချုပ် အတွင်းရေးမှူး ဗိုလ်ရန်နိုင်
စခန်းတည်၍ ဖက်ဆစ်ဂျပန်များကို တိုက်ခဲ့သည့် နေရာဖြစ်သည်။
ထို
“လေးဝါးစခန်း”ကို စတင်ဖွဲ့တည်ခဲ့သည့်သူက ယခု “ကျောင်းသားတပ်မတော်” တွင်
“ဗဟိုစစ်ကော်မရှင်” အတွင်းရေးမှူးတာဝန်ယူထားသည့် “ဗိုလ်ခင်ကျော်” ဖြစ်သည်။
ဗိုလ်ခင်ကျော်သည် လေးဝါးစခန်းကို အလကားရခဲ့သည် မဟုတ်။ တိုက်ပွဲများဖြင့်
လေးဝါးစခန်းကို ရယူခဲ့ရခြင်းဖြစ်သည်။ လေးဝါးစခန်းတွင် ကျောင်းသားတွေ
တပ်စခန်း မချနိုင်ရေးအတွက် ရန်သူစစ်အုပ်စုမှ အပြင်းအထန်
ထိုးစစ်ဆင်ခဲ့ကြသည်။ ထိုထိုးစစ်များကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး
လေးဝါးစခန်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
လေးဝါးစခန်းကို
တည်ထောင်ခါစ။ တိုက်ပွဲများပြင်းထန်နေစဉ် တခုသောတိုက်ပွဲတွင်
တပ်မတော်သားတဥိးကို လက်ရ ဖမ်းဆီးရမိသည်။ သူတို့ဘက်က ထိုးစစ်ဆင်၍
တိုက်ပွဲများဖြင့် အခြေအနေ ရှုပ်ထွေးနေသော်လည်း လက်ရ ဖမ်းမိသည့်
သုံ့ပန်းတပ်မတော်သားရဲဘော်ကို မသတ်။ အစောင့်အရှောက်များဖြင့် ထားသည်။
ကျနော်တို့ ကျောင်းသားတပ်မတော် တွင် လက်ရဖမ်းမိသည့်
သုံ့ပန်းတပ်မတော်သားများကို သတ်ရန် ပေါ်လစီမရှိသော်လည်း အဆင့်ဆင့်သော
တပ်မတော် သားများကြား မှားယွင်းသည့် ၀ါဒဖြန့်မှုများကြောင့်
သုံပန်းတပ်မတော်သားလေးက ကြောက်နေသည်။ သူ့ကို သတ်လိမ့်မည်ဟုပင်ထင်နေသည်။
အစောင့်ရဲဘော်များမှ ထိုသုံ့ပန်းတပ်မတော်သားလေးကို သတ်မည်မဟုတ်ကြောင်း
မည်သို့ပင်ပြောသော်လည်း သူက သတ်လိမ့်မည်ဟုပင် ထင်နေသည်။
သုံ့ပန်းတပ်မတော်သားလေးက တငိုငိုတရီရီ။ ထိုအခြေအနေကို အစောင့်ရဲဘော်များမှ
တပ်မှူးဖြစ်သည့် ဗိုလ်ခင်ကျော်ကို တင်ပြကြသည်။
ဗိုလ်ခင်ကျော်က
သုံ့ပန်းတပ်မတော်သားလေးကို ထိန်းသိမ်းထားရာသို့ သွားရောက်စစ်ဆေးရတော့သည်။
ဖြစ်ပုံက ဗိုလ်ခင်ကျော်က တပ်ပွဲတခုတွင် ဒါဏ်ရာရ၍
မျက်လုံးတဖတ်ထုတ်ထားရသည့်လူ။ ဗမာစစ်စစ်။ အသားမဲမဲ ထောင်ထောင် မောင်းမောင်း။
သုံ့ပန်းတပ်မတော်သားလေးက ဗိုလ်ခင်ကျော်ကိုတွေ့သည်နှင့် ငိုလေတော့၏။
သုံ့ပန်းတပ်မတော်သားလေး ကို အားပေးနှစ်သိမ့်ရန်သွားသည့် ဗိုလ်ခင်ကျော်ခမျာ
ဘာလုပ်ရမည်မသိ။ ထိုသို့ဖြစ်နေစဉ် သုံ့ပန်းလေး၏ အပြောစကားကြောင့်
ကျနော်တို့ရဲဘော်များအားလုံးငြိမ်မိလျက်သား။
“ကျနော့်ကိုသတ်မယ်ဆိုလည်း
သတ်ပါဗျာ။ မသတ်ခင်မှာတခုတော့ တောင်းဆိုချင်ပါတယ်။ ကျနော့်ဘ၀မှာ တခါမှ
“ဂျင်း” ဘောင်းဘီမ၀တ်ဖူးလို့ သတ်မယ်ဆိုလည်း “ဂျင်း” ဘောင်းဘီလေးတော့
ဝတ်ပါရစေ။”
(၄)
ယခုအချိန်မှာ ထိုသုံ့ပန်းလေးက ICRC
အစီအစဉ်ဖြင့် ဥရောပတနေရာမှာ အခြေချနေထိုင်နေပြီဖြစ်သည်။ သူ ၀တ်ချင်နေသည့်
“ဂျင်း” ဘောင်းဘီများကို ၀တ်၍ ပျော်ရွှင်နေပေလိမ့်မည်။
မကြာသေးသောကာလက
သမ္မတကြီး ဦးသိန်းစိန်မှ သူ့၏မိန့်ခွန်းတခုတွင် တောတွင်းရဲဘော်များကို
သေနတ်များအစား လက်ပ်တော့များ ကိုင်စေချင်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
ကောင်း၏။ ကျနော်ကတော့ ကျနော့်အတွေ့အကြုံ ဖြင့် သမ္မတကြီးကို
အကြံတခုပေးချင်နေမိသည်။ သမ္မတကြီးအနေဖြင့် တောတွင်းရဲဘော်များအား
သေနတ်များအစား လက်ပ်တော့များပေးလိုသည့်စေတနာကို ကြိုဆိုသော်လည်း
အမှန်တကယ်အနေဖြင့် သမ္မတကြီးနှင့်အနီးဆုံး တပ်မတော်သား အယောက်စိတိုင်းကို
“ဂျင်း” ဘောင်းဘီတထည်စိ ဝေငှပေးစေချင်သည်။ သမ္မတကြီးအနေဖြင့်
တပ်မတော်သားများကို ပေးစေချင်သည့် “ဂျင်း” ဘောင်းဘီ၏ အရောင်က … …
“အပြာ”
ညိုထက် (လမ်းသစ်ဦး)
၂၄ - ၆ - ၂၀၁၂
No comments:
Post a Comment