by Naing Htoo Aung on Saturday, May 26, 2012 at 8:55am
ပျင်းတယ်ဆိုတဲ့ စကားဟာ ကျွန်တော့အတွက်တော့ မစိမ်းလှပါဘူး။ မနက်ထရမှာ ပျင်းတယ်၊ အလုပ်လုပ်ရမှာ ပျင်းတယ်၊ သွာရမှာ ပျင်းတယ် ဆိုပြီးတော့ လုပ်ရမယ့် လုပ်သင့်တဲ့ ကိစ္စတွေကို မလုပ်ချင်ပဲ ရှောင်နေတယ် အချိန်ဆွဲတယ် စသဖြင့်ပေါ့ ပြောစရာတွေ အများကြီးပါပဲ။ ငယ်ငယ်က သင်ရတဲ့ ပျင်းရိခြင်းခြောက်ပါးဆိုတာက တကယ်တမ်း ပြန်ဆန်းစစ်ကြည့်ရင် ပျင်းတာကို အကြောင်းပြချက် ပေးတဲ့ ဆင်ခြေဆင်လက်တွေလို့ နားလည်ပါတယ်။
စောလို့ လုပ်ရမယ့်အလုပ်မလုပ်ချင်တာ၊ မထချင်တာ၊ အဲလိုပဲ ဆာလို့ နောက်ကျလို့ ဗိုက်ပြည့်အင့်လို့၊ အေးတယ် ပူတယ် စသဖြင့်ပါပဲ။
ငယ်ငယ်ကတော့ ပျင်းတယ်ဆိုတာ စာကျက်ရမှာ ပျင်းတယ်၊ အိမ်အလုပ် ကူပေးရမှာ ပျင်းတယ် စတာတွေပေါ့။ ပျင်းရိတာကြောင့်မို့လို့ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ချင်တာ။ စားစရာ ရှိနေသေးရင် ထိုင်စားနေတာ စားစရာမရှိမှာ မဖြစ်မနေ ထရှာစားတာမျိုးပေါ့ဗျာ။ ဒါကိုပဲ ပျင်းတယ်လို့ ခေါ်ကြတာပဲမဟုတ်လား။ တကယ်တမ်း ပြန်ဆန်းစစ်ကြည့်ရရင် ပျင်းတယ်ဆိုတာ သက်သက်သာသာနေချင်တာ၊ ရသလောက်ကို ခန္ဒာကိုယ်ကို သက်သာအောင် နေရဖို့ ကြံဆောင်နေတာလို့ ပြောရင် မမှားလောက်ဘူးထင်ပါတယ်။
ငယ်တုန်းအချိန်မှာ စာမကျက်ချင်၊ စာမကြိုးစားချင်တဲ့ သူတွေ၊ သန်တုန်း မြန်တုန်းမှာ ပျင်းရိပြီး အလုပ်ကို လက်ကြောတင်းအောင် မလုပ်တဲ့သူတွေဟာ နောင်တစ်ချိန်မှာ ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ကြရတယ်၊ အသက်ကြီးလာချိန်မှာ မသန်စွမ်းတဲ့အချိန်မှာ ပင်းပန်းစွာ အလုပ်လုပ်ကိုင်ကြရတာ လူတိုင်းသိကြတဲ့သဘောတရားပါ။ အဲဒိတော့ ပြောချင်တာက သူတို့တွေက တကယ်ပျင်းတဲ့သူတွေ ဟုတ်ရောဟုတ်ရဲ့လားဆိုတာ မစဉ်းစာတက်အောင်ပါပဲ။ တကယ်က ပျင်းတယ်ဆိုတာ လူသက်သာချင်တာမလား။ ကျွန်တော်တော့ အဲဒီလိုပဲ နားလည်သဘောပေါက်ပါတယ်။
ဒီတော့ ငယ်တုန်းမှာ ပညာကို ကြီုးစားသင်ကြမယ်၊ ကာယစွမ်းအားနဲ့ လုပ်ကိုင်စာသောက်ကြမယ့်အစား ရုံခန်းမှာ ထိုင်နေပြီး စီမံခန့်ခွဲရတဲ့ အဆင့်ရောက်အောင် ပညာတွေကြိုးစားသင်မယ်ဆိုရင် တကယ်ပျင်းတတ်တာ မဟုတ်ပါလား။ လူသက်သာတယ်လေ ပျင်းတယ်ဆိုတာ လူသက်သာအောင်ဆို။ ပြီးတော့ အသက်အရွယ် ငယ်ရွယ်ပြီး သန်တုန်းမြန်တုန်းမှာ ဥစ္စာပစ္စည်းတွေကို ကြိုးစားရှာထားရင် အသက်ကလေးရလာရင် အချိုလိုရင် အချို၊ အချဉ်လိုရင် အချဉ်ရနိုင်အောင် စွမ်းဆောင်နိုင်သလို ဇိမ်လေးနဲ့ နှပ်နေနိုင်တာပေါ့။ လုပ်ချင်ရာတွေကို လုပ်နိုင်တဲ့ အင်အားလဲ ရှိလာမှာပေါ့။ ဒါမျိုးတွေမှသာ တကယ်ပျင်းတတ်တယ်လို့ မြင်မိပါတယ်။
ကျွန်တော်တို့တစ်တွေလဲ ပြဿနာတစ်ခုကြုံတိုင်း သကြားခဲ ပုရွက်ဆိတ်အုံသလို ဟေးကနဲ လုပ်လိုက်ကြ၊ နောက်တစ်ခုဖြစ်လာရင် လုပ်ကြပါဦးဟဲ့နဲ့ ခေါင်မိုးစုတ်မှာ မိုးရွာတိုင်း ပေါက်တဲ့အပေါက် ယိုတဲ့အပေါက် လိုက်ဖာနေသလို မြင်မိပါတယ်။ ဖြစ်ဆုံဆည်ကြီး ဆောက်တော့ ဝိုင်းပြီးတော့ တားလိုက်ကြတာဗျာ အုံးအုံးကျွတ်ကျွတ်ပါပဲ။ ဆည်ကိုတားတာလား သဘာဝပတ်ဝန်းကျင်အတွက်လား ပြန်မေးကြည့်မိပါတယ် ကိုယ့်ကိုယ်ကိုပါ။ ထားဝယ်က ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ ဆောက်ဖို့ပါတယ်ဆိုတော့ ကန့်ကွတ်ကြပါတယ်။ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွတ်တာလား သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို တွေးဆပြီး ကန့်ကွတ်တာလား။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေထွက်လာတော့ ဘယ်သူမှ အဖက်လုပ်ကြတာ မတွေ့ရပါဘူး။
တရုတ်ပစ္စည်းတွေမကောင်းဘူး အရည်အသွေးမမီဘူး စားသောက်ကုန်တွေ အဆင့်မမီဘူး ကျန်းမာရေးထိခိုက်နိုင်တယ် ပြောကြတယ် ကန့်ကွတ်ကြတယ်။ ယိုးဒယားတွေက ထုတ်ကုန်တွေဆိုလဲ အရည်အသွေးမပြည့်တာတွေ ကျန်းမာရေး ထိခိုက်နိုင်တာတွေ သွင်းတယ်။ ကန့်ကွတ်ကြတယ် မသုံးဖို့ လှုံဆော်ကြတယ်။ အရည်အသွေး ထိန်းသိမ်မယ့် စံချိန်စံညွှန်းကို ဖြစ်လာအောင် ဘယ်သူတွေများက လှုံဆော်ကြလဲ မတွေ့မိသလိုပါပဲ။
ကျွန်တော်တို့မှာ လုပ်ရမှာတွေ အများကြီးပါပဲ။ ရှိသမျှကို ပေါ်ပင်လုပ်ပြီး ငါးပွက်ရာ ငါးစာချနေလို့ အဆင်ပြေကြမယ် ထင်ကြမလားမသိပါဘူး။ ဒီလိုပြောလို့ ဒါတွေက ပေါ်လစီမိတ်ကာတွေက လုပ်ရမှာ ငါတို့က ဘာမှမတတ်နိုင်ဘူးဆိုပြီး ပြောကြမှာတွေလဲ မြင်မိပါတယ်။ ဆန္ဒတွေပြကြတယ် တောင်းဆိုကြတယ် ဖိအားပေးကြတာတွေကို ဒီလိုနေရာတွေမှာ သုံးစေချင်တာပါ။ ဆေးမြှီးတိုနဲ့ လိုက်ကုနေတဲ့နေရာတွေမှာ ရောဂါရင်းမြစ်စစ်ပြီး သေချာအောင်ကုကြဖို့ ဖိအားပေးတောင်းဆိုကြရင် ဘယ်လောက်ကောင်းမလဲဗျာ။
ဒါမှမဟုတ် ကျွန်တော်တို့တတွေက မပျင်းမရိ သိပ်ကို ဝိရိယ ကောင်းနေကြလား ကျွန်တော် မပြောတတ်ပါခင်ဗျာ။
Luminox
26.5.2012
No comments:
Post a Comment