Monday, May 28, 2012

ငှက်သားအဖသုံးကောင်

သုည

ကြိုတင်ဝန်ခံချက်

ကျွန်တော်အခုတင်ပြမယ့် အကြောင်းအရာလေးဟာ ကန့်လန့်မြင် ကန့်လန့်တွေး
ကန့်လန့်ပြော ကန်လန့်ရေးတာမဟုတ်ပါဘူးဆိုတာကိုကြိုတင် ၀န်ခံလိုပါတယ်။
တစ်ချိန်တုန်းက လူငယ် တွေအတွက် လိမ်မာရေးခြားရှိစေဖို့ရည်ရွယ်ပြီး စာပေဗိမာန်ကအပါတ်စဉ်ထုတ်ဝေရောင်းချပေးခဲ့ဘူးတဲ့အပါတ်စဉ်ထုတ်ဝေတဲ့ ရွှေသွေးဂျာနယ် လေးတစ်ခုရဲ့ မျက်နှာဖုံးမှာဖေါ်ပြထားခဲ့ဘူးတဲ့ ရုပ်ပြဒဿနပုံပြင်လေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ရင်ထဲမှာယနေ့ထိတိုင် နှစ်ပေါင်းများစွာ စွဲထင်ကျန်ရစ်နေဆဲဒဿနလေးတစ်ခုမို့လို့
ဖတ်ရှုသူလူငယ်များအတွက် ဆင်ခြင်တွေးတောစရာမှတ်သားစရာတစ်ခုဖြစ်စိမ့်သောငှာ မှတ်မိသလောက်
စကားပြေနဲ့ပြန်လည်တင်ပြမျှဝေလိုက်တာဖြစ်ပါတယ်။


ဖတ်ဖူးလိုက်တဲ့သူများကိုတောင်းပန်ချင်တာကတော့ ယခုပြန်လည်တင်ပြချက်ဟာ
မှတ်မိသလောက်လေး ပြန်လည်တင်ပြရတာမို့ အဓိကလိုရင်းအချက်လေးကို ခြုံငုံမိတယ်ဆိုရင်
မပြည့်စုံမှုအတွက်ခွင့်လွှတ်ပေးပါရန်နှင့်၊ ပို၍နွေးထွေးစေလိုသောသဘော
ပိုလေးနက် စေလိုသောသဘော ပို၍အသက်ဝင်စေလိုသောသဘောနှင့် အသုံးအနှုန်းကိုလည်း
ငှက်ဖိုကြီးဟုမရေးပဲ ငှက်အဖေကြီး ဟုသုံးနှုန်းရေးသားမိသည်ကိုလည်း
ခွင့်လွှတ်တော်မူကြပါကုန်။

ထင်မြင်သုံးသပ်ချက်။

ကျွန်တော်အနေနဲ့ လက်တွေ့ဘ၀မှာ သိခဲ့ရ ကြားခဲ့ရတာတွေ မြင်ခဲ့ရတာတွေ
နဲယှဉ်ထိုးပြီးတစ်ဆက်တည်း   ဝေဖန်ချက်ပေးချင်တာကတော့
ကျွန်တော့်အနေနဲ့သာဆိုရင်တော့ ပထမ ငှက်ကလေး သားသမီးမျိုး မဖြစ်လိုပါဘူး။
ဒုတိယငှက်ငယ်လေးလိုသားသမီးမျိုးသာဖြစ်ချင်ပါတယ်ဆိုတာပါပဲခင်ဗျာ

စာဖတ်သူများအနေနဲ့လည်း ဘယ်လိုသားသမီးမျိုးဖြစ်ချင်ကြပါမလဲဆိုတာကတော့......

ခင်မင်လေးစားလျက်

ကိုထူးဆန်း

ငှက်သားအဖသုံးကောင်


တစ်ခါတုန်းက ပင်လယ်ထဲကကျွန်းလေးတစ်ကျွန်းအပေါ်က သစ်ပင်ကြီးတပင်ပေါ်မှာ

နေထိုင်နေကြတဲ့ ငှက်အဖေ ကြီးတစ်ကောင်နဲ့ ငှက်သားလေးနှစ်ကောင်ရှိခဲ့ပါတယ်

ငှက်သားလေးနှစ်ကောင်ကတော့ ကောင်းစွာမပျံတတ်သေးတဲ့

အပျံသင်စအရွယ်လေးတွေဖြစ်ကြပါတယ်

(မှတ်မိသလောက်ဒီပုံပြင်မှာငှက်မကြီးမပါပါဘူး-စကားချပ်)

တစ်နေ့မှာ ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းတစ်ခု

ဒီကျွန်းပါတ်ဝန်းကျင်ကို ကျရောက်လာတော့မယ် ဆိုတာကို

ငှက်အဖေကြီးကသဘာဝအရ သိလာခဲ့ပါတယ်။ ဒါကြောင့်မို့ သူဟာ ယခုနေထိုင်နေကြတဲ့

ကျွန်းဟာ အဲဒီကျရောက်လာတော့မယ့် လေပြင်းမုန်တိုင်းဒဏ်ကို

ခံနိုင်ရည်ရှိမယ်မထင်လို့ ဒီကျွန်းထက် ပိုကြီးပြီး
သစ်ပင်တွေပေါများပြီးလေပြင်းဒဏ်ကိုပိုခံနိုင်မယ့်

ကျွန်းကြီးတခုကိုအမြန်ဆုံးရှာဖွေပြီးပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။


အဲဒီပိုလုံခြုံစိတ်ချရမယ့်ကျွန်းကြီးတစ်ခုကို တကိုယ်တည်း

ပင်လယ်ထဲကိုလှည့်ပါတ်ပျံသန်းရင်းအဝေးတစ်နေရာမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မရှေးမနှောင်းမှာပဲ အပျံမတတ်သေးတဲ့ မိမိသားငယ်နှစ်ကောင်ကို သူဟာ

အဲဒီကျွန်းကြီးကို ပြောင်းရွှေ့သယ်ဆောင်တဲ့ အလုပ်ကိုစတင်ပါတော့တယ်။

ဆိုခဲ့တဲ့အတိုင်း သားနှစ်ကောင်ဟာ အပျံမတတ်ကြသေးတော့ သူနဲ့ယှဉ်တွဲပြီး
သူတို့ဖါသာမပျံနိုင်သေးပါဘူး။


နောက်ပြီးပင်လယ်ပေါ်ကနေ ပျံသန်းကြရမှာဖြစ်တာမို့လို့လည်း အန္တရာယ်က များလှပါတယ်။

အဝေးကြီးကိုလည်းပျံသန်းရမှာဖြစ်ပါတယ်။

အဲဒီတော့ ငှက်အဖေကြီးအနေနဲ့ က သားနှစ်ကောင်ကို တစ်ကောင်ပြီးတစ်ကောင် တလှည့်စီ

သူ့ခြေထောက်နဲ့ ကုပ်ပြီး သယ်ဆောင်သွားဖို့ကလွဲလို့ တခြားနည်းမရှိရှာပါဘူး။


ဒါကြောင့် ပထမဦးစွာ အချစ်ပိုမိတဲ့သားအငယ်ကိုစတင်ပြီးခြေနဲ့ကုပ်လို့ အလှမ်းကျယ်တဲ့

ပင်လယ်ခရီးကို စတင်ပျံသန်းခဲ့ပါတယ်။

အတော်ဝေးတဲ့ခရီး နောက်ပြီးတော့လည်း တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ်

ပျံသန်းရတာမဟုတ်တော့ လမ်းခရီးမှာ မောပန်းသလို အိပ်ငိုက်သလိုဖြစ်လာပါတယ်။

အဲဒါနဲ့ သားငယ်နဲ့ စကားစမြည်လေးပြောလိုက်ရရင် အိပ်ငိုက်လေးပြေစိမ့်သောငှာ

သူဗိုက်အောက်က ခြေနဲ့ကုပ်သယ်လာတဲ့သားငယ်ကိုအောက်ပါအတိုင်းစကားစပြောပါတယ်။

"သားငယ်တို့ကို ဖေဖေဟာ ဒီအရွယ်အထိ နေ့စဉ်ရက်ဆက် ပင်ပင်ပန်းပန်း

အစာရှာကျွေးခဲ့တယ်နော်။ အခုလည်းသားငယ်တို့ အန္တရာယ် မကျရောက်စေဖို့

ဖေဖေသားငယ်ကို အခုလို သယ်ဆောင်ပြီးအဝေးကြီးကိုပို့ပေးဖို့ ပင်ပင်ပန်းပန်း

ပျံသန်းနေရတယ်နော်။ အဲဒီတော့ တစ်နေ့ ဖေဖေအသက်ကြီးလို့ စာရှာမထွက်နိုင်တဲ့အခါကျရင်

အခုဖေဖေသားငယ်တို့ကို နေ့စဉ်အစာရှာကျွေးသလိုများ သားငယ်လေးက ဖေဖေ့ကို

အစာပြန်ရှာကျွေးမှာလား ဆိုတာဖေဖေသိချင်လှတယ်" လို့ဆိုတော့

သားငယ်ငှက်လေးက

"အိုဖေဖေရယ် မေးမှမေးတတ်ပလေတယ်။ ဒီလောက်သားတို့အပေါ်မှာဂရုတစ်စိုက်

စောင့်ရှောက်ရှာဖွေကျွေးမွေးတဲ့အဖေကို
သားငယ်ကဘာလို့ပြန်ပြီးအစာရှာမကျွေးနိုင်ရမှာလဲ။

စိတ်ချပါဖေဖေ၊အဲဒီအခါကျရင်သားငယ်ကဖေ့ဖေ့ကိုတလှဲ့အစာရှာကျွေးမှာပါ" လို့

ချစ်စဖွယ်အသံလေးနဲ့ပြန်လည်ဖြေကြားသတဲ့။


ငှက်ငယ်လေးရဲ့အဲဒီအဖြေစကားကိုကြားလိုက်ရတဲ့အခါမှာ ငှက်အဖေကြီးဟာ

အတော်ကိုဝမ်းသာပျော်ရွှင်လိုက်မိပါတယ်။

အမောလေးတွေလည်းပြေသင့်သလောက်ပြေသွားတယ်ပေါ့လေ။

ဒါနဲ့ပဲ မရောက်နိုင်သေးတဲ့ ပျံသန်းမှုကိုဆက်လုပ်နေရပြန်တာပေါ့။

အဲဒီလိုပျံသန်းနေရင်းနဲ့ပဲ ငှက်အဖေကြီးဟာ မောပန်းညောင်းညာလာပြန်ပါတယ်။

နှစ်ကိုယ်စာအတွက်မချီပျံသန်းနေရတာမဟုတ်ပါလားဗျာ။

အဲဒီအခါမှာတော့ သူဟာတော်တော်ကိုမခံမရပ်နိုင်ဖြစ်လာပါတယ်။

ပျံသန်းရင်းနဲ့ တဖြည်းဖြည်း အောက်ကိုနိမ့်ကျလာပါတယ်။

မကြာခင်မှာပင်လယ်ထဲကိုထိုးကျဖို့လောက်အထိအချေအနေကဆိုးလာပါပြီ။

သားငယ်လေးကိုပြုတ်မကျအောင်ခြေနဲ့ကုပ်ထားရတာကလည်း အရမ်းကိုလေးလာပါပြီ။

မျက်လုံးတွေလည်းပြာချင်လာပါပြီ။

အဲဒီအချိန်မှာသူသိလာတာက သူ့သားငယ်လေးကိုဆက်ပြီးကုပ်ထားမယ်ဆိုရင်

သူတို့နှစ်ကောင်စလုံးဟာပင်လယ်ထဲကိုကျပီးနှစ်ကောင်စလုံးအသက်ဆုံးရတော့မယ်ဆိုတာကိုဝမ်းနည်းစွာနားလည်လိုက်ပါပြီ။

အဲဒီအတွက်သူဟာ နှစ်ကောင်သေဆုံးဖို့ထက် တစ်ကောင်တည်းသာအသက်အဆုံးခံရတာက

သဘာဝကျတာမို့လို့ သူကုပ်မလာခဲ့တဲ့ ချစ်လှစွာသော သားငယ်လေးကို

ပင်လယ်တွင်းကိုလွှတ်ချလိုက်ရပါတော့တယ်။ အဲဒီလိုလွှတ်ချလိုက်တော့မှပဲ

သူဟာ တကိုယ်စာအလေးချိန်နဲ့မို့လို့ ရှိသမျှအားလေးနဲ့ အားတင်းပျံသန်းပြီး

သူတို့မူလနေထိုင်နေတဲ့ကျွန်းက သားအကြီးဆီကိုပြန်ရောက်လာခဲ့ပါတယ်။

ခဏအနားယူ အားမွေးပြီးတဲ့နောက်မှာ ဒီသားအကြီးကိုလည်းခုနက

သားငယ်ကိုသယ်မသလိုပဲခြေနှစ်ဖက်နဲ့ ကုပ်မပြီး ပင်လယ်ကိုဖြတ်ပြီးပျံသန်းရပြန်ပါတယ်။

လမ်းမှာခုနကလိုပဲ ငိုက်မြည်းသလိုဖြစ်လာတာ မောပန်းသလိုဖြစ်လာတော့

သားအကြီးကို သားငယ်ကိုမေးတဲ့မေးခွန်းကိုမေးမိပြန်ပါတယ်။ အဲဒီအခါမှာတော့..

သူ့သားအကြီးငှက်ကလေးဟာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖြေကိုခုလိုပေးခဲ့ပါတယ်။

"ဖေဖေသားတို့ကိုရှာကျွေးခဲ့တာအခုလိုသယ်မပြီးဘေးလွတ်ရာကိုပို့ပေးတာတွေအတွက်သားကျေးဇူးတင်လှပါတယ်ဖေဖေ။

ဒါပေမယ့် ဖေဖေရယ်၊သားဖြေမယ့်အဖြေအတွက် ဖေဖေသားကိုစိတ်ဆိုးချင်လည်းဆိုးပါတော့

ကိုယ့်ကျေးဇူးရှင်ဖေဖေ့ကိုသားစိတ်ထဲကမပါဘဲမညာပါရစေနဲ့ဖေဖေရယ်။သားကိုစိတ်ဆိုးလို့

မုန်းသွားလို့ ဖေဖေ လွှတ်ချချင်လည်းလွှတ်ချပြီးဖေဖေသာအန္တရာယ်ကင်းတဲ့နေရာကို

ရောက်အောင်ကျိုးစားပျံပါလေတော့။သားကိုလွှတ်ချမှာကိုစိုးရိမ်စိတ်နဲ့တော့ဖြင့်

ကိုယ့်မိဘကျေးဇူးရှင်ကိုသားမလိမ်မညာပါရစေနဲ့။

ဖေဖေ့မေးခွန်းအတွက် သားရင်ထဲက အမှန်အတိုင်းဖြေရမယ့်အဖြေကတော့...

အခုဖေဖေဟာမိဖဖြစ်တာကြောင့် သားကိုရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့တယ်။

ဘေးလွတ်ရာကိုလည်းအပင်ပန်းခံသယ်ဆောင်ပျံသန်းနေတယ်။

အဲဒီလိုပါပဲဖေဖေ၊တစ်နေ့မှာ အခုဖေဖေသားအပေါ်ကျေပွန်စွာထမ်းဆောင်နေတဲ့

တာဝန်မျိုးကိုသားအနေနဲ့ သားရဲ့ရင်သွေးသားသမီးတွေအပေါ်မှာတာဝန်ကျေအောင်

ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖေ့ဖေ့ကိုသားအစာရှာမကျွေးနိုင်ပါဘူးဖေဖေ"

လို့ဝမ်းနည်းစွာနဲ့ပြန်ပြောရှာသတဲ့။

အဲဒီလို မမျှော်လင့်တဲ့အဖြေကိုရုတ်တစ်ရက်ကြားလိုက်ရတဲ့ ငှက်အဖေကြီးဟာ

အလွန်ပင်စိတ်နှလုံးကျေကွဲစွာနဲ့ မျက်လုံးတွေမိုက်ကနဲဖြစ်ပြီးပျံသန်းဖို့အားတောင်

ရုတ်တစ်ရက်ကုန်ဆုံးသွားသလိုဖြစ်ခဲ့ရပါတယ်။အဲဒါကြောင့်လည်း

သူတို့ဟာပင်လယ်ထဲကိုရုတ်တစ်ရက်ထိုးဆင်းတော့မလိုဖြစ်သွားပါတယ်။

အဲဒီအခိုက်အတန့်ကလေးမှာပဲ ငှက်အဖေကြီးဟာမမျှော်လင့်ပဲ

တုန့်ပြန်မှုတစ်ခုကိုသတိထားမိလိုက်ပါတယ်။အဲဒါကတော့ သူလက်နဲ့ကုပ်ချီထားတဲ့

သားလေးဟာ ရှိသမျှခွန်အားနဲ့အတောင်ပန်ကိုဖြန့်ပြီးတဖျတ်ဖျတ်ခတ်နေတယ် ဆိုတာပါပဲ။

သူတို့အောက်ကိုနိမ့်ကျလာရာကနေရှိနေတဲ့အမြင့်မှာရပ်တန့်နေပါပြီ။

သူ့သားငယ်ငှက်ကလေးဟာအစွန်းကုန်တောင်ပန်ကိုခတ်ရင်းသားအဖနှစ်ယောက်

ပင်လယ်ထဲထိုးမကျအောင်ရုန်းကန်နေပါတယ်။ အဲဒီမျှော်လင့်မထားတဲ့တုန့်ပြန်မှုကူညီ

ရုန်းကန်မှုကြောင့်ဝမ်းသာအားရဖြစ်သွားတဲ့ငှက်အဖေကြီးဟာအလွန်ကိုအားတက်သွားပါတယ်။

ဒါကြောင့်ချက်ချင်းသတိပြန်ဝင်ပြီး

သူကိုယ်တိုင်လည်းအတောင်ပံကိုအစွမ်းကုန်ခတ်လို့ နောက်ဆုံးမှာလိုရာပန်းတိုင်

ဖြစ်တဲ့ကျွန်းကြီးဆီကိုအန္တရာကင်းစွာရောက်ရှိသွားကြပါတယ်။

အမောအပန်းပြေတဲ့အခါမှာတော့ ငှက်အဖေကြီးဟာအမြင်မှန်တစ်ခုကိုရလာခဲ့ပါတယ်။

တကယ်လို့သာ ပထမသားအငယ်ဟာ (စိတ်ထဲကပါသည်မပါသည်ကိုတော့မသိ)

အပြောချိုပေမယ့် ရေသာခိုတဲ့သား၊တကယ်တမ်းမှာမိဘနဲ့အတူဝိုင်းမရုန်းကန်ဘဲ

နို့သက်ခံစို့ခဲ့တဲ့သားသာမဟုတ်ပဲ အခုသားကြီးလိုသာအမှန်တရားကို

သတ္တိရှိရှိနဲ့အမုန်းခံပြောရဲပြီးတစ်ကယ်တမ်းအရေးကြုံလာတဲ့အခါမှတော့

ကြုံလာတဲ့အခက်အခဲကိုမိဘနဲ့အတူလက်ရည်တပြင်စီးလက်တွေ့ကျကျခွန်အားရှိသလောက်

ဝိုင်းဝန်းရုန်းကန်ဖြေရှင်းပေးနိုင်တဲ့သားလေးသာဖြစ်ခဲ့မယ်ဆိုရင်.....

သူ့သားငယ်လေးကိုပင်လယ်ထဲကိုအဘယ်အကြောင်းကြောင့်လွှတ်ချလိုက်ဖို့လိုခဲ့မှာလဲလို့သာ....

ကိုင်းစာဖတ်သူတို့ဘယ်လိုသားသမီးမျိုးဖြစ်ချင်ကြပါသလဲ

ဖြစ်သင့်ကြပါသလဲဆိုတာကိုတော့ဖြင့်......

ခင်မင်လေးစားလျက်

ကိုထူးဆန်း

No comments:

Post a Comment