Monday, May 28, 2012

မဟာဗျူဟာမြောက် လေညှင်း။




ရေကြီးတာလည်း စကားစပ်မိမယ်။

တောင်သမန်အင်းလည်း ပါရမယ်။

ဆည်ဖောက်တမံဆောက်တာလည်း ဖြစ်ရမယ်။

စစ်ပွဲတွေလည်း ငြင်းမယ်။

ဧရာဝတီလည်း ပတ်သတ်ရမယ်။


ပါတီမှတ်ပုံတင်ရေးလည်း ဟဲမယ်။

လိုသူပါ မလိုသူခွာရေးလည်း သေချာမယ်။

ကော်နက်ရှင်ကိစ္စလည်း ပြောမယ်ဆိုမယ်။

အကျဉ်းသားအကျယ်သားအရေးလည်း တွေးကြတာပေါ့။

အထိမ်းအမှတ်နေ့တွေလည်း လုပ်ရမယ်။

ဆင်းရဲမှုတိုက်ဖျက်ရေးလည်း ချမယ်။


ထိုထိုသော၊ အလီလီသော၊ အဖြာဖြာသော..

ကလေးတွေမသိသော၊ လူလတ်တွေ နားမလည်သော

လူကြီးတွေ လိုက်မမှီသော၊ ဆင်းရဲသားတွေ မသေချာသော

လူချမ်းသာတွေ မမျှော်လင့်သော၊ နိုင်ငံရေးသမားတွေ မယုံရဲသော

မီဒီယာတွေ မရေးရဲမလွှင့်ရဲသော၊ စာသင်ခန်းနဲ့ သင်ရိုးညွှန်းတမ်းမှာ မပါဝင်သော

ကြပ်လွန်းလှတဲ့ လိုင်းကားထဲတွင်မဆန့်သော၊ ပြန်မကျသော ကုန်ဈေးနှုန်းနှင့် မညီညွတ်သော

ရှော့ပင်းမောများတွင် ဖက်ရှင်မဖြစ်သော၊ ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ပြင်သူ၊
မိန်းမလျာနဲ့ ယောင်္ကျားလျာတွေ အားလုံး
စိတ်မဝင်စားသော……………စိုးရိမ်နေမိရပါသော။ စောင့်ကြည့်နေကြရပါသော

အင်္ဂလိပ်-မြန်မာအဘိဓာန်သုံးစကားလုံးများသည်

ယခုအခါ အရူးတစ်ယောက်ပါးစပ်ထဲသို့ ကမူးရူးထိုးဝင်သွားပြီးသကာလ

မဟာဗျူဟာမြောက်လေညှင်းအဖြစ်

ကျွန်ုပ်တို့ တွေ့ဖြစ်ဆုံဖြစ်လိုက်ကြပါသည်။


သို့ရာတွင်

လေညှင်းသည် မုန်တိုင်းအဖြစ်သို့ မရောက်မချင်း

ယုံကြည်ချင်းနှင့် စပ်လျဉ်းသော ပတိပက္ခများသည်လည်း

အပေါ့အငန်ညီညွတ်စွာဖြင့်

ကိုကိုမမဦးဦးဒေါ်ဒေါ်ဖေဖေမေမေဘိုးဘိုးဖွားဖွားညီညီမများအား

အပါးတော်မြဲစေကြောင်း၊ နားငြောင်းတော်မူစေကြောင်း

လေညှင်းလမ်းကြောင်းပေါ်မှာ ခပ်မိုက်မိုက်တေးသီလိုက်သည်။      ။


စိမ်းခက်စိုး

No comments:

Post a Comment