by Myanmar Journal on Wednesday, May 30, 2012 at 4:27pm
မြန်မာ နိုင်ငံမှာ လျှပ်စစ်မီး ရရှိရေးနဲ့ အလုပ်သမား လစာ တိုးမြှင့်ရေးတို့ အတွက် ပြည်သူတွေရဲ့ တောင်းဆို ဆန္ဒပြမှု တွေမှာ အားပေး ကူညီတယ် လို့ ယူဆတဲ့ နိုင်ငံရေး ပါတီ ၅ ပါတီက ခေါင်းဆောင်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှာ အင်္ဂါ နေ့က ခေါ်ယူ ဆွေးနွေးခဲ့ ပါတယ်။
အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ အပါ အဝင် ပါတီ ငါးပါတီကို ခေါ်ယူ ဆွေးနွေး ခဲ့တာ ဖြစ် ပါတယ်။
။နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု အတွက် ပူးပေါင်း ဆောင်ရွက်နေချိန်မှာ မလိုလားအပ်တဲ့ ဆူပူ အကြမ်းဖက်မှုတွေကြောင့် နှောင့်နှေးမှု မဖြစ်အောင် အလေးထား ဆောင်ရွက်သင့်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောကြောင်း ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာတွေ မှာလည်း ဖော်ပြထားပါတယ်။
ဒါဟာ နိုင်ငံရေး ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ခေါ်ယူ သတိပေးတဲ့ သဘော သက်ရောက် တယ်လို့ ဆွေးနွေးမှုမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အန်အယ်လ်ဒီ ပါတီက ရွေးကောက်ခံ အမတ် ဦးအုန်းကြိုင်က ယူဆပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်ဟာ ပြည်သူ တွေက သူတို့ လိုအပ်ချက်တွေကို တောင်းဆို ခွင့် ရှိတဲ့ အတိုင်း ထုတ်ဖော် ပြတာသာ ဖြစ်တယ်လို့ ဦးအုန်းကြိုင်က ဘီဘီစီကို ပြော ပါတယ်။
လျှပ်စစ်မီး မရတဲ့ ကိစ္စ၊ အလုပ်သမားတွေ လစာငွေ လောက်ငမှု မရှိလို့ စားဝတ် နေရေး ကျပ်တည်းတဲ့ ကိစ္စတွေ ဖြစ်နေတယ် ဆိုတာ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးတွေ ကလည်း ဝန်ခံထားပြီး ဖြစ်တာမို့ အစိုးရ အနေနဲ့ ဖြေရှင်း ပေးဖို့ တာဝန်ရှိတယ် လို့ ဦးအုန်းကြိုင်က ထောက်ပြ ပါတယ်။
ဆီးရီးယား နိုင်ငံ Houla မြို့မှာ အရပ်သား တရာကျော် အသတ်ခံခဲ့ရ အပြီးမှာ ဆီးရီးယား နိုင်ငံဟာ အတိမ်းအစောင်းမခံတဲ့ အချိန်မျိုးကို ရောက်နေပြီးလို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် Kofi Annan က ဆီးရီးယား သမ္မတ Assad ကို ပြောကြားလိုက်ပါတယ်။
ဒမာ့စကပ်စ်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မစ္စတာ Annan က အချက်၆ချက်ပါ ငြိမ်းချမ်းရေး စီမံကိန်းကို အကောင်အထည်ဖေါ်ရေးအတွက် သိသာထင်ရှားတဲ့ ဆောင်ရွက်ချက်တွေ အမြန်ဆုံးလုပ်ဖို့ မစ္စတာ Assad ကို သူတိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
ဆီးရီးယား စစ်တပ်နဲ့ စစ်တပ်ကို ထောက်ခံ အားပေးတဲ့ ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့တွေ အားလုံး အနေနဲ့ စစ်ရေး လှုပ်ရှားမှုတွေ အားလုံး ရပ်ဆိုင်းဖို့ကိုလည်း မစ္စတာ Annanက ထပ်မံ ပြောခဲ့ပါတယ်။
ပြင်သစ် သမ္မတ Francois Hollande ကလည်း Bashar al-Assad ဟာ သူ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒါကို တားဆီးဖို့ အတွက် စစ်ရေးနည်းနဲ့ အရေးယူတာမျိုးကို ထည့်မတွက်ပဲ နေမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဒါပေမယ့်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြီးကြပ်မှု အောက်မှာပဲ လုပ်သွားမှာ ဖြစ်တယ်လို့ သမ္မတ Francois Hollande က အလေးအနက် ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က Houla မြို့မှာ အသတ်ခံခဲ့ရသူ အများစုဟာ အနီးကပ် ချိန်ရွယ် ပစ်သတ်ခံခဲ့ရတာလို့ ယူဆရကြောင်း ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲက အယောက် ၂၀တောင် မရှိသလောက် လူတွေသာ တင့်ကား ဒါမှမဟုတ် အမြောက်ဒဏ်ကြောင့် သေဆုံးခဲ့ရတာလို့ ဆီးရီးယားမှာ ရှိတဲ့ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။
အခု သတ်ဖြတ်မှု အထူးသဖြင့် ကလေးငယ်တွေကို သတ်ဖြတ်ခဲ့မှုကို လူမဆံတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်လို့ ရနိုင်ဘွယ် ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ အပြစ်မဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှု ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောဆိုလိုက်ပြီး ဒီသတ်ဖြတ်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ မနေ့တုန်းက အနောက်အုပ်စုနိုင်ငံ အတော်များများက ဆီးရီးယား သံတမန်တွေကို သူတို့နိုင်ငံတွေထဲက နှင်ထုတ်လိုက်ကြပါတယ်။
Wikileaks ထူထောင်သူ ပြည်နှင်ဒဏ်ပေးဖို့ ဗြိတိန်တရားရုံးချုပ်ဆုံးဖြတ်
By ဗွီအိုအေ (မြန်မာဌာန)
အငြင်းပွားစရာဖြစ်နေတဲ့ ၀ီကီလိ အင်တာနက်ဝဘ်ဆိုက် တည်ထောင်သူ သြစတေးလျှ နိုင်ငံသား ဂျူလီယာ အဆိုင်းကို လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်ဖို့အတွက် ဗြိတိန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို လွှဲပြောင်းပေးဖို့ တရားစီရင် ဆုံးဖြတ်ထားချက်ကို ဗြိတိန်နိုင်ငံ ဗဟိုတရားရုံးက ထပ်မံ အတည်ပြုလိုက်ပါတယ်။
အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ နောက်အမျိုးသမီးတဦးကို မတော်တရော်ပြုလုပ်မှုနဲ့ ဆွီဒင်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားခံရသူ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာအဆိုင်းအပေါ် အောက် တရားရုံးနှစ်ရုံးကနေ စီရင်ချက်ချမှတ်ထားတာကို ဗဟိုတရားရုံးကနေ ဗုဒ္ဓဟူးနေ့မှာ အခုလို ထပ်မံအတည်ပြုချက်ပေးလိုက် တာ ဖြစ်ပါတယ်။
မစ္စတာအဆိုင်းဘက်က ဥပဒေအကျိုးဆောင်တွေကတော့ သူ့အပေါ် ဖမ်းဝရမ်းထုတ်တဲ့ ဆွဲချရှေ့နေတွေဟာ ဥပဒေအကြောင်းအရ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် အကျုံးမ၀င်ဘူးဆိုပြီးတော့ ချေပလျှောက်ထားနေကြတာပါ။
ဒီအမှုတွေကို ကျူးလွန်ခဲ့ခြင်းမရှိပါဘူးလို့ ငြင်းဆိုထားတဲ့ မစ္စတာအဆိုင်းအနေနဲ့ ဥရောပ လူ့အခွင့်အရေး ခုံရုံးကို နောက်ဆုံးအနေနဲ့ ထပ်မံ အယူခံဝင်ခွင့် ရှိနေပါသေးတယ်။
ဝီကီလိဟာ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက် စာတမ်းတွေ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံ စစ်ဘက်ရေးဆိုင်ရာ သံတမန် အပြန်အလှန်ပေးပို့တဲ့စာတွေကို လူသိရှင်ကြား ဖွင့်ချခဲ့အပြီးနောက် နိုင်ငံတကာက အာရုံစိုက်လာစေခဲ့တဲ့ ၀ဘ်ဆိုက်တခု ဖြစ်လာခဲ့ပါတယ်ခင်ဗျာ။
မြင်းခြံတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြကြ
ဖိုးထိန်၊ မေ ၃၀ ရက်၊ ၂၀၁၂လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများကို ပြန့်နှံ့လျက်ရှိရာ မြင်းခြံမြို့တွင်လည်း စတင် ပြုလုပ်နေကြပါတယ်။ မြင်းခြံ ပြည်သူလူထု နှစ်ထောင်ကျော်ဟာ ၂၀၁၂ မေ ၃၀ ရက်နေ့ ည ၇ နာရီက ဖယောင်တိုင်မီးတွေ ကိုယ်စီကိုင်ဆောင်ကြပြီး စီတန်း လှည့်လည်ခဲ့ကြပါတယ်။ ထို လှုပ်ရှားမှုကို မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားမှ စတင်ခဲ့ကာ ဗိုလ်ချုပ်ကြေးရုပ်၊ နာရီစင်တို့ကို ပတ်ပြီး ဗိုလ်ချုပ်လမ်းတလျောက် ချီတက်ခဲ့ကြကာ မြင်းခြံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပါတယ်။ထို ဆန္ဒပြမှုဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
Source : Burma Today
လိုင်ဘေးရီးယား သမ္မတဟောင်း ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံရ
By ဗွီအိုအေ (မြန်မာဌာန)
- လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ် တေလာ (Charles Taylor) ကို စစ်ရာဇ၀တ်ပြစ်မှု၊ လုသားမျိုးနွယ်တွေ အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ အထူးတရားရုံးကနေ ထောင်ဒဏ်ြပစ်ဒဏ် နှစ် ၅၀ အပြစ်ပေးလိုက်ပါတယ်။
ချားလ်စ်တေလာဟာ သမ္မတ တယောက်အနေနဲ့ နိုင်ငံငြိမ်းချမ်းပြီး တည်ငြိမ်အောင်လုပ်ရမယ့်အစား သူပုန်တွေကို ထောက်ခံပံ့ပိုးမှုတွေ ပေးပြီး သူပုန်တွေရဲ့ အကူအညီကို ယူခဲ့တယ်လို့ The Hague နိုင်ငံတကာပစ်မှုဆိုင်ရာခုံရုံးရဲ့ ဆီရာရား လီယွန် (Sierra Leone) ဆိုင်ရာမှုတွေကို စစ်ဆေးနေတဲ့ အထူးတရားခွင်က ဒီကနေ့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ တရားရုံးရှေ့နေတွေက သူ့ကို ပြစ်ဒဏ် အနှစ် ၈၀ ချမှတ်ဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးကတော့ နှစ် ၈၀ ဟာ သိပ်များနေတယ်လို့ဆိုပါတယ်။
အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ မစ္စတာတေလာကို ဆီရာရား လီယွန် နိုင်ငံတွင်း တိုက်ပွဲတွေကြာရှည်စေမယ့် လက်နက် မပြတ်တင်သွင်းမှုအပြင် လူသတ်မှု၊ မဒိန်းမှု၊ ကလေးစစ်သားစုဆောင်းမှုနဲ့ ကျွန်ပြုမှု အပါအ၀င် ပြစ်မှု ၁၁ မှုနဲ့ ပြီးခဲ့တဲ့လကပြီး တရားစွဲဆိုခဲ့တာပါ။
ဆီးရီးယားသံတမန်တွေကို အနောက်နိုင်ငံတွေ ပြည်နှင်ဒဏ်ပေး
By ဗွီအိုအေ(မြန်မာဌာန)
- ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ပြင်သစ်၊ သြစတြေးလျားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ သူတို့နိုင်ငံတွေမှာ ရှိတဲ့ ဆီးရီးယားသံတမန်တွေကို နှင်ထုတ်လိုက်ပါပြီ။ ဗြိတိန်၊ ဂျာမဏီ၊ အီတလီ၊ စပိန်၊ နယ်သာလန်နဲ့ ကနေဒါတို့ကလည်း သူတို့နိုင်ငံမှာရှိတဲ့ ဆီးရီးယား သံတမန်တွေကို နှင်ထုတ်မယ်လို့ ကြေညာထားပါတယ်။
ဒီအချိန်မှာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆတ်ဒ်အနေနဲ့ တိုးတက်မှုခြေလှမ်းတွေကို ချင်ခြင်း စတင်ဖို့နဲ့ နောက်နေ့ကို မရွှေ့ဆိုင်းဖို့ ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးတဲ့ အချက် ၆ ချက်ပါ ဆီးရီးယား ငြိမ်းချမ်းရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။
မေလ ၂၅ ရက်နေ့က ဝှာလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေနဲ့ စုစုပေါင်း လူတစ်ရာကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို သမ္မတအာဆတ်ဒ်ကလည်း ပြစ်တင် ရှုတ်ချတယ်လို့ မစ္စတာ ကိုဖီအာနန်က သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားကို ကွန်မန်ဒိုတပ်တွေ စေလွှတ်တဲ့သတင်း အမေရိကန်ငြင်း
By ဗွီအိုအေ(မြန်မာဌာန)
- မြောက်ကိုးရီးယားမြေအောက်စစ်စခန်းတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့ အမေရိကန်ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေ မြောက်ကိုးရီးယား ထဲကို လေထီးနဲ့ဆင်းသက်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ဘူးလို့ အမေရိကန်စစ်ဘက်အရာရှိတွေက ငြင်းဆိုပါတယ်။
တိုကျိုအခြေစိုက် The Diplomat နိုင်ငံရေးမဂ္ဂဇင်းထဲမှာ မေလ(၂၉) ရက်နေ့စွဲနဲ့ သတင်းမှာ အမေရိကန်စစ်ဗျူဟာဆိုင်ရာ ထိပ်တန်းတပ်မှူးကစ်ဦးက အဲဒီ ကွန်မန်ဒို တပ်သားတွေအစီအစဉ်အကြောင်းကို အမေရိကန် အရှေ့တောင်ပိုင်း၊ ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ညီလာခံမှာ ထိပ်တန်းတပ်မှူးကစ်ဦးက ထုတ်ဖေါ်ပြောဆို ခဲ့တယ်လို့ The Diplomat မဂ္ဂဇင်းမှာ ရေးသားထားတာဖြစ်ပါတယ်။
အမေရိကန်ကြည်းတပ်က ဗိုလ်မှူးချုပ် နီးလ် တိုလီ (Brigadier General Neil Tolley) ရဲ့ ပြောကြားချက်ကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူပြီး The Diplomat မဂ္ဂဇင်းက အဲဒီသတင်းကို ဖော်ပြထားခြင်းသာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ရေးမှူး ဂျော့ခ်ျ လစ်တဲလ် (George Little) က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည်
ဝေစန္ဒာ | ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၀၇ နာရီ ၂၅ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတရပ် မေလ ၂၉ ရက်နေ့ ည ၇ နာရီတွင် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး အပြည့်အ၀ မရမချင်း သုံးရက်ဆက်တိုက် ဆက်လက်ပြုလုပ်သွား ကြမည်ဟု သိရသည်။
“အခုလို လာဆန္ဒပြရတာ လျှပ်စစ်မီး မရလို့ပါ။ လျှပ်စစ်မီး မြန်မြန်ပြန်ရစေချင်ပါပြီ။ ဒါပေမယ့် အခုထိ မီးက မမှန်သေး ဘူး။ မီးမမှန်သေးဘူးဆိုရင် ကျနော်တို့က ဆန္ဒဆက်ပြရဦးမှာပါ။ ဒီနေ့ကနေ ၃ ရက် ဆက်လက်ဆန္ဒပြမယ်။ အဲဒါမှ မရသေးဘူး ဆိုရင် ဇွန်လ ၆ ရက်နေ့မှာ ဆက်လက်စုရုံးပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမှာပါ” ဟု အလုံမြို့နယ်နေ ဆန္ဒပြ လူငယ်တဦးက ပြောသည်။
ဆန္ဒပြသူ တရာကျော်သည် အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ရုံးရှေ့တွင် စတင်စုဝေးခဲ့ကြပြီး ထိုမှတဆင့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်လျက် စီတန်းလှည့်လည်ကာ စောရန်ပိုင် အရှေ့ရပ်ကွက် သစ်တောလမ်းရှိ ပြည်တော်အေးစေတီသို့ သွားရောက်ကာ ၀တ်ပြုဆုတောင်းခဲ့ကြသည်။
“ဒီမိုကရေစီခေတ်မှာ အမှောင်ထဲမှာ ထိုင်ပြီး မနေနိုင်တော့ပါဘူး” ဟု ပြည်တော်အေး စေတီထိပ်တွင် အလုံမြို့နယ်နေပြည်သူတဦးက မဇ္ဈိမကို ပြောသည်။
အလုံရဲစခန်း၊ အလုံ လျှပ်စစ်ဓာတ်အားပေးရုံး ရှေ့တို့တွင် စုရုံးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။
၁ နာရီခန့် ကြာမြင့်ခဲ့သော ဆန္ဒပြမှုတွင် သက်ဆိုင်ရာ အာဏာပိုင်နှင့် ရဲတပ်ဖွဲ့များမှ ဆန္ဒပြ ပြည်သူများအား တစုံတရာ အနှောင့်အယှက်ပေးမှု မရှိခဲ့သည်ကို တွေ့ရသည်။
ရန်ကုန်မြိုကတွင် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တွင် လျှပ်စစ်မီး အလုံအလောက် ရရှိရေးအတွက် ဆန္ဒပြမှု ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့တွင် ဧပြီလဆန်းမှ စတင်ကာ အုပ်စုခွဲ၍ လျှပ်စစ်မီးများကို အလှည့်ကျ ဖြန့်ဖြူးပေးနေခဲ့သည်။
RNDP ညီလာခံတွင် ဖက်ဒရယ်အရေး ဆွေးနွေးမည်
နေမျိုး | ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၂၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ စတင်ကျင်းပလျက်ရှိသည့် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP ၏ ပထမအကြိမ် ညီလာခံတွင် ဖက်ဒရယ်အရေး ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နေ့အထိ စစ်ပွဲများ၊ နိုင်ငံရေးပြဿနာများ ဖြစ်ပွားနေရခြင်းအား ဖြေရှင်းရန်အတွက် တိုင်းရင်းသား အားလုံး လက်ခံနိုင်သည့် ပြည်ထောင်စုစနစ်တခု လိုအပ်ကြောင်း RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။
“Federal အရေးနဲ့ပါတ်သက်ပြီး ကျနော်တို့ မနက်ဖြန် ဆွေးနွေးကြမယ်။ တခုတည်းသော နည်းလမ်း တကယ်စစ်မှန်ပြီး အကုန်လက်ခံနိုင်တဲ့ အနားညီ ပြည်ထောင်စုဆိုတဲ့ တိုင်းရင်းသားတွေ ညီတူညီမျှလက်ခံတဲ့ စနစ်ကြီးတခု decentralize လုပ်တဲ့ စနစ်ပဲ။ ဗဟိုချုပ်ကိုင်မှုကို လျှော့ရမယ်။ အထူးသဖြင့် တိုင်းဒေသကြီးဆိုရင်တောင်မှ ပြည်နယ် ကြီး တခုအောက်မှာရှိတဲ့ အအုပ်ချုပ်ခံ ဒေသလေးတွေဖြစ်ဖြစ် ပုံစံပြောင်းရမှာပေါ့။ ကျနော်တို့က ရှစ်ပြည်ထောင် အလေးအနက်ထားပါတယ်” ဟု ဗုဒ္ဓဟူးနေ့ ညီလာခံ ပထမနေ့ အပြီးတွင် မဇ္ဈိမကို ပြောသည်။
စစ်မှန်ပြီး အပေးအယူမျှတသည့် ပြည်ထောင်စုကို တည်ဆောက်ပါက ဘယ်လိုမှ မပြိုကွဲနိုင်ကြောင်း သူက ဆက်ပြော သည်။
“ဗမာဆိုတာလည်း ပြည်နယ်ကြီးတခု သတ်မှတ်လိုက်။ ကျနော်တို့ကတော့ ပြည်ထောင်စုကြီးကို ပြည်နယ်တွေနဲ့ ဖွဲ့ချင်တယ်။ ပြည်နယ်အသစ်တွေကလည်း သူ့အင်္ဂါအလျောက် ပေါ်လာကြမယ်” ဟု မဇ္စျိမကို ပြောသည်။
ညီလာခံပထမနေ့ကို စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး သုံးရက်ကြာ ကျင်းပမည့် ပါတီ ညီလာခံတွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး အတွက်လည်း ထည့်သွင်းဆွေးနွေးကြမည်ဖြစ်သည်။
“ကျနော်တို့က Kingdom နဲ့ နေခဲ့ကြတာပါ။ အမျိုးသားလို့ သတ်မှတ်ရင် အမျိုးသားနေ့တနေ့ ရှိရမှာပါ။ အမျိုးသား သီချင်း၊ အမျိုးသားပန်း၊ အကုန်လုံး ကမ္ဘာမှာလည်း သတ်မှတ်ကြတာပဲ” ဟု ဆိုသည်။
၁၉၇၄ ခုနှစ် မဆလ အခြေခံဥပဒေအရ ဒီဇင်္ဘာ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း သီးခြား ‘ရခိုင်အမျိုးသားနေ့’ သတ်မှတ်ရန် အတွက် ပြည်တွင်း/ပြည်ပ ရခိုင်ပညာရှင်၊ ရခိုင်နိုင်ငံရေးသမား၊ သမိုင်းပညာရှင်များ ဝိုင်းဝန်းစဉ်းစားကြရန် RNDP က ကြေညာချက်တခု ထုတ်ပြန်ဆော်သြခဲ့ဖူးသည်။
ရခိုင်လူမျိုးများ၏ သမိုင်းစတင်သည့် မာယုမင်းဆက် စသည့်နေ့၊ မြောက်ဦးနန်းတော် စတည်သည့်နေ့၊ ရခိုင်ဘုရင်နှင့် ဗမာဘုရင် နယ်ခြားစည်းခြားခဲ့သည့်နေ့၊ ဆရာတော်ဦးဥတ္တမနေ့ စသဖြင့် အဆိုအမျိုးမျိုးရှိနေကြောင်း သိရသည်။
ညီလာခံ ပထမနေ့တွင် အတွင်းရေးမှူး နိုင်ငံရေး အစီရင်ခံစာ၊ ဗဟိုကော်မတီ အစီရင်ခံစာ၊ ငွေစာရင်းနှင့် လွှတ်တော် ၃ ရပ်နှင့်ပါတ်သက်သည့်အစီရင်ခံစာများ တင်သွင်းပြီးဖြစ်ကာ ကိုယ်စားလှယ် ၂ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
၈၈ အများစု NGO လုပ်လိုသော်လည်း ဥပဒေက ကန့်သတ်ထားဟု ကိုကိုကြီးပြော
ဝေစန္ဒာ | ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၀ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များအနေနှင့် NGO အဖွဲ့အစည်း သီးသန့်ထူထောင်၍ အမျိုးသားရေး ဆက်လက်လုပ်ဆောင်လိုကြသော်လည်း တည်ဆဲဥပဒေများကြောင့် အဟန့်အတားဖြစ်နေရကြောင်း ကိုကိုကြီး က ပြောသည်။
အသင်းအဖွဲ့ထူထောင်ရေး ဥပဒေ အရ ၎င်းတို့ကဲ့သို့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် ပိတ်ပင်တားဆီး ထားကြောင်း ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက် သည့် အခမ်းအနား တခုတွင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြားသွားခြင်း ဖြစ်သည်။
“တရားဝင် အသင်းအဖွဲ့အနေနဲ့ လုပ်သွားမှာပါ။ ဒါပေမယ့် လက်ရှိချထားတဲ့ အသင်းအဖွဲ့ ထူထောင်ရေး ဥပဒေတွေက ကျနော်တို့လို လူမျိုးတွေကို ပါဝင်ခွင့်မရှိအောင် တားထားသလိုပဲ။ အသင်းအဖွဲ့တခု ဖွဲ့ရင် ဘယ်လိုနိုင်ငံရေးမှ မလုပ်တဲ့ သူ ဖြစ်ရမယ်။ နောက်တခုက တည်ဆဲဥပဒေတွေနဲ့ မငြိစွန်းသူ ဖြစ်ရမယ် ဆိုတော့ဒါဟာ ကျနော်တို့ကိုများ ရည်ရွယ် ထုတ်ထားသလားလို့အောက်မေ့ရတယ်။ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ မည်သည့် နိုင်ငံရေးမှ မလုပ်ပါ ဆိုတာကလည်း ဘယ်လို နိုင်ငံရေးကို ဆိုလိုတာလဲ။ ကျနော်တို့လိုနှစ်ရှည်နေပြီး ထွက်လာသူတွေက ဒီ မြန်မာ့ လူ့အဖွဲ့အစည်းထဲ ဝင်ဖို့ ထပ်ကန့်သတ်ခံထားရသလိုပဲ” ဟုပြောသည်။
၁၉၈၈ မှစ၍ မြန်မာ့နိုင်ငံရေးလောကတွင် ကျင်လည်ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားအချို့သာ ပါတီနိုင်ငံရေး လောကတွင်းသို့ ဝင်ရောက်မှာဖြစ်ပြီး အများစုမှာ NGO လောကတွင်းသို့ ဝင်ရောက်ကြမည် ဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။
“ကျနော်တို့က ၈၈ တည်းက နိုင်ငံရေးနယ်ပယ်ထဲမှာ ကျင်လည်ခဲ့တယ်။ သူများလို ဘောပင်တောင်း၊ စာအုပ်တောင်း လည်း လုပ်လာတာ မဟုတ်ဘူး။ ဒါပေမယ့် အသက်အရွယ်နဲ့ ခေတ်စနစ်အရ ပါတီနိုင်ငံရေးကို အရမ်း စိတ်ဓါတ်ပြင်းသူတွေလောက်ပဲ လုပ်ဖြစ်မယ်။ အများစုက ပါတီနိုင်ငံရေးထက် အမျိုးသား နိုင်ငံရေးကိုပဲ လုပ်သွားဖို့ များတယ်။ NGO လို အသင်းတခုအနေနဲ့ ဆက်ရှိသွားမှာပါ” ဟု ပြောသည်။
သို့ရာတွင် မည်သူများက ပါတီနိုင်ငံရေး လုပ်ဆောင်သွားမည် ဆိုသည့်အချက်ကိုမူ ထုတ်ဖော် ပြောကြားသွားခြင်း မရှိချေ။
“ဒီအပိုင်းက ပြောဖို့ စောသေးတယ်။ အခု လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတယ်။ ဒီထဲကို ကျနော်တို့ပြောချင်တာကို ပြောနိုင်အောင် ဆောင်ရွက်နေတယ်။ နောက်ပိုင်း နိုင်ငံရေးစိတ်သန်တဲ့ အချို့ကလည်း အဲဒီထဲ သွားဖို့ ပြင်မှာပါ။ ဒါ အဖွဲ့ကွဲတာ မဟုတ်ဘူး။ ဒီလိုမျိုး ပါတီနိုင်ငံရေး မလုပ်ပေမယ့် အမျိုးသားနိုင်ငံရေးတော့ လုပ်မှာပါ။ ရပ်တည်မှု ကွဲတယ်ထင်ပေမယ့် မကွဲပါဘူး” ဟု ပြောသည်။
NGO လုပ်ငန်းနှင့် ပတ်သတ်၍ လေ့လာမှုများ လုပ်ဆောင်နေကြောင်း “လက်ရှိ NGO ဆိုတာကို နားမလည်ကြသေး ဘူး။ NGO ဆိုရင် ဝန်ဆောင်မှုပေးတာလို့ပဲ ထင်နေကြတော့ ဒါကို သေသေချာချာလေးလုပ်ပြီး ဥပဒေပါ အချက်တွေ ကို ပြင်ဖို့ တိုက်တွန်းသွားမှာပါ။ ဒီဥပဒေဟာ အမှောင်ကာလလို့ သတ်မှတ်ထားတဲ့ ၁၉၆၂ နောက်ပိုင်း ထုတ်ပြန်ထားတဲ့ ဥပဒေပါ” ဟု ကိုကိုကြီး က ပြောသည်။
လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ဥပဒေသစ်တရပ် ပေါ်ထွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောဆိုသွားသည်။
No comments:
Post a Comment