by Zay Ya on Thursday, April 26, 2012 at 11:27am
အနှောင်အဖွဲ့ကို ~ (၁) မှ အဆက် ~
အပြင်အပ က အနှောင် အဖွဲ့များ၊ အပြင်အတွင်းက အနှောင်အဖွဲ့လည်း ရှိသေးသည်။ စိတ်ဓာတ် ပျော့ညံ့ခြင်းသည် အတွင်း အနှောင်အဖွဲ့ ဖြစ်သည်။ အစ ပထမတွင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း လမ်းမပေါ်တွင် လျောက်သွားရန် လိုလားသော သူသည် မိမိ မသိဖူး၊ မကြုံဖူးသော လမ်းဖြစ်၍ ထိတ်လန့် စိုးရိမ်စိတ် ပေါ်လာတတ်သည်။
ခရီးသည်ပေါင်း များစွာ တို့သည် ဘုရားသခင် ကို အားကိုးလျက် အမိုက်မှောင်ထဲ ခုန်ဆင်းကြသည်။ သို့ရာတွင် ဆင်ခြင် စဉ်းစား ဥာဏ် နှင့် ပြည့်စုံသည့် ပထမ တန်းစား လုလင်များ ထဲတွင် ဘုရားသခင်ကို မျက်ကန်း ယုံကြည်သူ ဘယ်နှစ်ဦး ရှိသနည်း။
သို့သော်လည်း မိမိ အတွေ့အကြုံ အရ ပြောရမည် ဆိုလျှင် အမိုက်မှောင်ထဲ တွင် ခုန်ဆင်းရန် အတွက် အနည်းငယ် မျှပင် ထိတ်လန့် ကြောက်ရွံ့ မနေသင့်ပေ။ လူတို့သည် နေ့စဉ် နေ့တိုင်း ယင်းကဲ့သို့ အမိုက်မှောင်ထဲ ခုန်ဆင်း နေကြသည်။ ဒေလီ နှင့် ကာလ ကတ္တား လမ်းများ ပေါ်၌ နှစ်စဉ် နှစ်တိုင်း လူပေါင်း မည်မျှ မော်တော်ကား နှင့် ဓာတ်ရထား တိုက်၍ သေကုန်ကြသနည်း။ ယင်းကို ကြည့်လျက် မိမိတို့၏ အိမ်မှ လမ်းပေါ် ထွက်ခြင်း သည်လည်း ပြောရလိမ့်မည်။ ကိုယ့်အိမ်ထဲတွင် ကိုယ်နေသော်လည်း မည်မျှ စိတ်ချ ရသနည်း။ ငလျင် လှုပ်သည့် အတွက် အိမ်အမိုး နှင့် နံရံများ ပြိုကျပြီး လူပေါင်း မည်မျှ သေဆုံး သွားကြသနည်း။ မီးရထား မှောက်သည့် အတွက် လူအများ သေဆုံး ကြရသောကြောင့် မီးရထားနှင့် ခရီး မသွားရ ဘူးလား။
ထိုနေ့က ဆီလီဗိုရီ မှ ကာလကတ္တား သို့ လေယာဉ် နှင့် သွားရမည့် အကြောင်း ကြားသိရသော အခါ ကျွန်ုပ်နှင့် မော်တော်ကား အတူ စီးလာသော ပုဂ္ဂိုလ် တစ်ယောက်က "ကျွန်ုပ်လည်း လေယာဉ်ပျံ နှင့် တော့ သွားချင်ပါတယ်။ ဒါပေမယ့် လေယာဉ်ပျံ စီးရမှာ ကြောက်နေ တယ်" ဟု ပြောသည်။ ကျွန်ုပ်က ပြန်ပြောလိုက်သည်။ "ဘာဖြစ်လို့ ကြောက်ရတာလဲ။ လေယာဉ်ပျံပေါ်က ကျတဲ့ သူတွေ ဟာ ယောဂီတွေ သေ သလို သေကြရတယ်။ ဘယ်သူမှ ခြေလက် အင်္ဂါ ပျက်ပြီး အသက်ရှင် ကျန်နေတယ်လို့ မရှိဘူး။ ပွဲချင်းပြီး သေ သွား ရတယ်။"
ကျွန်ုပ်၏ အဖော်သည် ယောဂီ သေသလို သေဖို့ရန် အတွက် အဆင်သင့် မရှိပေ။ ကျွန်ုပ်က ပြောပြရပြန်သည်။ "လေယာဉ်စီးတဲ့ သူတွေ အားလုံး လေယာဉ်ပျံ ပေါ်က ကျပြီး သေကြရသလား၊ သေတဲ့ လူတွေ အရေအတွက် အလွန် နည်းတယ်။ တစ်သိန်းမှာ တစ်ယောက် လောက် ပဲ ရှိလိမ့်မယ်။ တစ်သိန်းထဲမှာ တစ်ယောက်လောက်သာ သေဖို့ ကြုံလာတယ် ဆိုရင် မိတ်ဆွေက ၉၉၉၉၉ ယောက်ကို ထားခဲ့ပြီး ဘာကြောင့် တစ်ယောက်နှင့် အတူ နေချင်ရ တာလဲ"
ကျွန်ုပ်ပြောသည်ကို ထိုပုဂ္ဂိုလ်သည် သဘောပေါက် သွားပုံ ရသည်။ ဗာဂဒို ဂရာ လေဆိပ်မှ ကျွန်ုပ်တို့ နှစ်ယောက် လေကြောင်း ခရီး ဖြင့် လာခဲ့ကြရာ နှစ်နာရီလောက် အကြာတွင် ကာလကတ္တား သို့ ရောက်ရှိ လာကြသည်။
လေယာဉ် ပေါ်တွင် ဘေးဘက်ရှိ ပြတင်းမှ ကမ္ဘာလောကကို ကြည့်ရှုသော်လည်း ကျေနပ် အားရခြင်း မရှိသောကြောင့် ထိုပုဂ္ဂိုလ်သည် လေသူရဲ ၏ အနီးသို့ သွားလျက် ကြည့်ရှုရန် ကြိုးစား အားထုတ်သည်။ လေယာဉ် ပေါ်တက်လာပြီး သည့်နောက်၌ သူ၏ အကြောက်အရွံ့သည် ဘယ်ရောက် သွားသနည်း။
ထိုနည်း အတိုင်းပင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း လမ်းမ ပေါ်တွင် ခြေမချ ခင် အချိန်၌ အတွေ့အကြုံ မရှိသေးသောကြောင့် ထိတ်လန့် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာတတ်သည်။ အိမ်က ထွက်ပြေးကြသော လူပေါင်း သိန်းသန်း များစွာ ထဲတွင် ထမင်း မစားရသောကြောင့် သေသွားသူ လူ ဘယ် နှစ်ယောက် ရှိသနည်း။ တစ်ခါတစ်ရံ အခက်အခဲ တွေ့ချင် တွေ့လိမ့်မည်။ သို့ရာတွင် ယင်းအခက်အခဲမှာ ခရီးလှည့်လည် သွားလာခြင်း ဟင်း အမယ် ထဲတွင် ဆားခတ်သလို ဖြစ်လာလိမ့်မည်။
ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ ၏ လမ်းသည် ပန်းခင်းသော လမ်း မဟုတ်စေကာမူ လက်ကမ်းမည်သူ များ နေရာ အနှံ့အပြား ၌ ရှိနေသည် ဟူ၍ နားလည် ထားရမည်။ ယင်းကမ်းသော လက်များသည် ဘုရားသခင် ၏ လက်မဟုတ်ပေ။ လူသား ၏ လက်များသာ ဖြစ်သည်။
လူသား ၏ ယနေ့ ကိုယ်ကျိုး၊ ကိုယ့်စီးပွား ကြည့်လေ့ ရှိသည့် စိတ်ဓာတ်ကို ကြည့်လျက် လူတို့သည် စိတ်ပျက် အားလျော့သည့် အကြောင်းကို ဖြန့်ဖြူး ကြသည်။ သို့ရာတွင် သူစိမ်း တစ်ရံဆံ တစ်ပြည်ရပ်ခြားက ပုဂ္ဂိုလ်ကို ဘုရားသခင် အဖြစ်နှင့် အကူအညီ ပေးရန် အဆင်သင့် ဖြစ်လာသူမှာ လူသား စိတ်ဓာတ် ဖြစ်သည်။ လူတစ်ဦး တစ်ယောက်သည် သူစိမ်းတစ်ရံဆံ ဖြစ်လာလေ ထိုသူ၏ အပေါ် ၌ ထောက်ထားငဲ့ညှာမှု များလေလေ ဖြစ်သည်။ မိမိတို့၏ ဘာသာစကား ကို နားမလည်သူ တစ်ယောက် မိမိတို့ ဒေသ ရောက် သွားလျှင် ထိုဒေသက လူများသည် ထိုသူအား နည်းမျိုးစုံဖြင့် အကူအညီ ပေးဖို့ရန်မှာ မိမိတို့ ၏ ဝတ္တရား ဖြစ်သည် ဟူ၍ သတ်မှတ် ယူဆ ထားကြသည်။
အကယ်၍ ကျွန်ုပ်တို့သည် မိမိတို့၏ အသက်ကို သေလွယ် ပျောက်လွယ် ဟူ၍ ထင်မှတ် ယူဆကြမည် ဆိုလျှင် မှန်မည် မဟုတ်ပေ။ လူ့အသက်သည် သေခဲသော အရာ ဖြစ်သည်။ ပင်လယ်ထဲတွင် သဘောင်္ပျက်သွားသော အခါ ပျဉ်ပြားတစ်ချပ် နှင့် အသက်ရှင် သွားသူများ အများ အပြား ရှိသည်။ အသက်ကယ် သင်္ဘောများလည်း ရောက်လာ ပေလိမ့်မည်။ တောနက် ထဲတွင်လည်း လူတို့ကို အကူအညီပေးရန် အတွက် မိမိတို့၏ အသိဥာဏ်မှ တစ်ပါး အခြားလူများလည်း ရောက်ရှိ လာပေလိမ့်မည်။
အမှန်မှာ လူသား ၏ စိတ်ဓာတ်သည် တိုးတက်မှု ရှိလာသည် ဖြစ်၍ အသက်အန္တရာယ် သည် လွယ်လွယ် ကူကူနှင့် ရောက်ရှိ မလာနိုင်ပေ။ မိမိ၏ မြို့ကို စွန်ခွာ ထွက်သွား ကြည့်စမ်းပါ။ မြို့ပေါင်း ထောင်ပေါင်းများစွာက လက်ကမ်းဖို့ ရန် အတွက် အဆင်သင့် ဖြစ်နေ သည် ကို တွေ့ရလိမ့်မည်။ မိတ်ဆွေ သူငယ်ချင်း ထောင်ပေါင်း များစွာက စောင့်ကြို နေကြလိမ့်မည်။ သင်သည် တစ်ကိုယ်တည်း မဟုတ်ပေ။ ခြေမဲ့ လက်မဲ့ မဟုတ်ပေ။
မိမိ၏ ပျော့ညံ့နေသော စိတ်ဓာတ်ကို စွန့်ပယ် ပစ်လိုက်ပါ။ ကမ္ဘာလောက ကို အနိုင်ရရှိလာပေလိမ့်မည်။ ကမ္ဘာလောကရှိ မည်သည့် နေရာ ဌာန ကို မဆို သွားနိုင်ပေလိမ့်မည်။ ပိုက်ဆံ တစ်ပြားမှ မရှိဘဲနှင့်လည်း သွားနိုင်ပေလိမ့်မည်။ ရဲဝံ့စွန့်စားမှု ရှိဖို့သာ လိုသည်။ အပြင်ထွက် ဖို့သာ လိုသည်။ သူရဲကောင်း ကဲ့သို့ သေခြင်းတရားကို ရယ်ပစ်လိုက်ဖို့သာ လိုသည်။ သေခြင်းတရား ရောက် လာနိုင်သည် ဆို လျှင် သေခြင်းတရား ထက် ကြီးကျယ်သော အခြား မည်သည့် အရာ ရှိဦးမည်နည်း။ သေခြင်းတရားသည် မည်သည့် နေရာ ၌ နေနေ ရောက်ရှိ လာနိုင်သည်။
လူသည် တစ်ခါတစ်ရံ၌ အခက်အခဲ အကျပ်အတည်းကိုလည်း ရင်ဆိုင် ရသည်။ သို့ရာတွင် ခြေင်္သေ့ကို အမဲလိုက်ရန် သွားသော သူသည် အကယ်၍ ထိတ်လန့် ကြောက်ရွံ့နေမည် ဆိုလျှင် ရှေ့သို့ ခြေလှမ်း တိုးသွားရန် လိုအပ်ပါသလော။ အကယ်၍ အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် သည် အသက်နှင့် အတွေ့အကြုံ နုသေးသည် ~ နည်းသေးသည် ဆိုလျှင် ပထမ ဦးစွာ အနီး အပါး ၌သာလျှင် ပျံသန်း ကြ သည်။
ဦးစွာ ပထမ ပျံသန်းမှု ပြုရာ၌ အိမ်မှ ငွေကြေး အနည်းငယ် ရရှိနိုင်သည် ဆိုလျှင် ယူစရာ မလိုဟူ၍ မပြောလိုပေ။ သို့ရာတွင် အိမ်က ပေးသော ငွေကြေးကို သုံးစွဲလျက် ပထမတန်းစား သို့မဟုတ် ဒုတိယ တန်းစား ခရီးသည် ဖြစ်မလာပေ။ ခြေသလုံး အိမ်တိုင် ခရီးသည် သည် မိမိ၏ အိတ်ကို အားကိုး အားထား မပြုဘဲ မိမိ ၏ အသိဥာဏ်၊ မိမိ ၏ လက်ရုံး ၊ မိမိ ၏ စွမ်းအားကိုသာ အားကိုး အားထား ပြုလုပ်သင့်သည်။ မိမိ ၏ အိမ်က ယူလာသော ငွေကြေးသည် ဘယ်နှစ်ရက် အထိ ခံမည်နည်း။ နောက်ဆုံး တွင်မူ မိမိ၏ အသိဥာဏ် နှင့် မိမိ ၏ အားကိုးသာ လျှင် အားကိုး အားထားရာ ပြုရပေလိမ့်မည်။......။
...............
April 27th 2012 at 12:30 AM
......................
http://zayya.wordpress.com/
http://zayya.blog.com/

No comments:
Post a Comment