မြန်မာပြည်ဟာ
ဒီမိုကရေစီ စနစ်ကိုပြောင်းတဲ့အစိုါ်ရသစ်တက်လာပြီးကတည်းက
တစ်နှစ်မပြည့်တစ်ပြည့်အချိန်မှာကမ္ဘာမှာ ချီးမွမ်းထောပနာပြုခြင်း
အခံရဆုံးသော တိုင်းပြည် တစ်ပြည်ဖြစ်လာပါတယ်။ ကမ္ဘာနဲ့နိုင်ငံတကာက
တကယ်ချီးကျုးတာပါ ။ "ကမ္ဘာရဲ့ စီးပွားရေး မျက်နှာစာသစ် " ၊ " အာရှကျား" ၊ "
ခရီးသည် အသွားထိုက်ဆုံးသောတိုင်းပြည်" ၊ အားလုံးအပေါင်းလက္ခဏာတွေနဲ့
ပြည့်နေတဲ့ အဆိုစကားတွေပါ။ ဘာကြောင့် ဒီလောက်ထူးထူးကဲကဲဖြစ်နေတာပါလိမ့် ။
ဘာတွေကောင်းနေတာပါလိမ့်။ ကောင်းကျိုး ဂုဏ်အင်္ဂါတွေဟာ
အစိုးရသစ်ရဲ့လုပ်ဆောင်ချက်၊စွမ်းဆောင်ချက်တွေချည်းကြောင့်တော့မဟုတ်ပါဘူး။
အစိုးရသစ်က လမ်းကြောင်း ပြောင်းပေးတာမှန်ပါတယ်။ ဒါဟာအရေးအကြီးဆုံးသော
အပြောင်းအလဲဆိုတာ လှိုက်လှဲစွာ ၀န်ခံပါတယ်။ ဒါပေမဲ့ ဒါထက်ပိုပြီး
အရင်းခံကျတဲ့ အကြောင်းတွေရှိပါတယ် ။ဒါတွေက ပိုအရေးကြီးပါတယ် ။
ဒီတော့မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ ဓမ္မဓိဌာန်ကျကျ
ဆန်းစစ်ကြည့်မယ်ဆိုရင် သာရည်တွေ ကောင်းချက်တွေက ဘာတွေလဲ --
၁။ တိုင်းပြည်က သယံဇာတ ပေါကြွယ်ဝပါတယ်။ နည်းနည်းနောနောမဟုတ်တဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေပါ။
၂။
မြန်မာည်ြသူပြည်သား လူအများရဲ့ အရည်အသွေး (Human capital) ဒီအချက်မှာတော့
မြန်မာဟာ ကမ္ဘာရှိတိုင်းပြည်များထဲမှာထူးကဲစွာသာရည်တွေရှိနေပါတယ်။
ပထမဦးဆုံး စာတတ်သူပေါများခြင်း (Literacy Rate ) ဒါကလည်း ဟိုးရှေးသမိုင်း
စဉ်ဆက်ကစပြီး ရှိခဲ့တာ။ နှစ်ပေါင်း တစ်ထောင်လောက်က စပြီး စဉ်ဆက်မပြတ်
အရှိန်ကောင်းကောင်းနဲ့ တည်ရှိ နေခဲ့တဲ့ ဘုန်တော်ကြီးကျောင်း ပညာရေး
(Monastic education) ကြောင့်ပါ။ ကမ္ဘာနဲ့ ကမ္ဘာသမိုင်းမှာ
အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားတဲ့အောင်မြင်မှုပါ။ ပြည်သူတွေစာတတ်တာဟာ
ဘယ်လောက်ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာ ကျွန်မတို့လို ဆေးလောကမှ
လူတွေအသိဆုံးပါ။ ကျန်းမာရေးပညာပေးရေးနဲ့ ကျန်းမာရေးမြှင့်တင်ရေးမှာ
ဘယ်လောက်ထိရောက်တယ်ဆိုတာ အခြားအခြားသောစာဖတ်တတ်သူနည်းလွန်းတဲ့
တိုင်းပြည်မှာလုပ်တဲ့ ကျန်းမာရေးလုပ်သားများကလည်း မြန်မာမှာ Literacy rate
ကောင်းတာကြောင့် လုပ်ရကိုင်ရတာ ဘယ်လောက်အောင်မြင်တယ်ဆိုတာ ထောက်ပြ
သွားကြပါတယ်။ နောက် သာရည်တစ်ခုကတော့ မြန်မာအမျိုးသမီးတွေရှဲု့
လုပ်ရည်ကိုင်ရည် ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီးတွေဟာ ကျွန်မတို့နည်းတူ
အမျိုးသမီးတွေ လွတ်လပ်မှု များများရထားတဲ့ အခြား ထေရ၀ါရတိုင်းပြည်နဲ့
နှိုင်းယှဉ်လျှင်တောင် အမျိုးသမီးတွေ လူမှုဘ၀နဲ့ လုပ်ငန်းခွင်အပါအ၀င်
ဆင်နွဲပုံဟာ အင်မတန်မှ ထူးခြားပါတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေက
လုပ်ရည်ကိုင်ရည်မှာ ပိရိသေသပ်ပြီး အဆင်မြင့်မြင့် လုပ်နိုင်ပါတယ်။
တိုင်းပြည်ကလည်း မြေအောက်သံယံဇာတ (ဓါတ်ငွေ့၊ သတ္တု၊ ကျောက်သံပတ္တမြား)
တွင်သာမကမြေကြီးကလည်း ရွှေသီးအောင်ကောင်းတယ်။ ရာသီဥတုကလည်း
ကောင်းတယ်။လူတွေကမပျဉ်းဘူး။လုပ်ရည်ကိုင်ရည်ကောင်းတယ် အခုအစိုးရက
အပြောင်းအလဲ လုပ်နေပြီဆိုတော့ ဘာလိုသေးတော့သလဲ မေးစရာရှိပါတယ်။
သိထားဖို့ကောင်းတာတွေကတော့--
၃။ အခု မြန်မာပြည်
ပွင့်ထွက်လာတဲ့အချိန်ဟာ အာရှမှာလည်း စီးပွားရေးအရှိန် ကောင်းနေတဲ့အချိန်
ဖြစ်တော့ အံကိုက်ဖြစ်သွားတယ်။ ဒါကြောင့် မြန်မာ့စီးပွားရေး အလားအလာ
သိပ်ကောင်းသွားတယ်။
၎။ တစ်ကမ္ဘာလုံးနဲ့ အဆက်ဖြတ်ထားတဲ့
တိုင်းပြည်က ပွင့်ထွက်လာတော့ ပြည်ပကအကူအညီပေးချင်တဲ့ လူတွေရှိတယ်။
(Capital) ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာမယ်။ အရင်က
ဝိုင်းပယ်ခြင်း၊ပခြင်း ခံထားရတဲ့ မျက်နှာငယ် တိုင်းပြည်ဆိုတော့
တရုတ်၊စင်ကာပူ၊ထိုင်း ကိုပဲကုန်သွယ် တိုင်းပြည်အဖြစ် အားကိုးနေရတာ။
သူတို့ကလည်း စီးပွားရေးဆန်ဆန် ရက်စက်ပါတယ်။ ကျာဒသနားမှ
နွားချမ်းသာရမယ်ဆိုတော့ အနိုင်ကျင့် ကြတာမြန်မာက ခါးစီးပြီးခံနေရပါတယ်။
သူတို့ပြုသလို နုနေရတာ။ အခုဒီအခြေအနေဆိုးက လွတ်မြောတ်နိုင်ပါပြီ။
အခု တင်ပြခဲ့တာက အပေါင်းလက္ခဏာ သင်္ကေတတွေပါ။ အနုတ်လက္ခဏာတွေကော မရှိဘူးလား
ရှိတာပေါ့။ ဒါတွေကလည်း အရေးတကြီး အမြန်အဆန် ကိုင်တွယ်ဖြေရှင်းရမှာတွေ
ဖြစ်နေတယ်။ အခါမလင့်ဘဲ ပြုပြင်ထိုက်တာတွေ။ မဟုတ်လျှင်တော့ တိုင်းပြည်ရဲ့
လမ်းစဉ်ဟာ အံချော် ထွက်သွားပြီး ဆိုးကျိုးတွေက ကောင်းကျိုးတွေကို
သာသွားနိုင်ပါတယ်။ ဒီလို အဆိုးရလဒ်တွေဟာ အရင့်အရင်အစိုးရတွေ အနှစ် ၅၀
လုံးလုံး စီးပွားရေးနဲ့ အခြားဖွံ့ဖြိုးရေးတွေကို ချွတ်ခြုံကျအောင်
လုပ်သွားခဲ့တဲ့ အမွေဆိုးတွေဖြစ်တယ်။ ဒါပေမဲ့ အခု အစိုးရသစ်
ဒီမိုကရေစီစနစ်ကို ပြောင်းသွားပြီ ပြုပြင်ပြောင်းလဲ ရေးလုပ်ရာမှာ
လုံးဝအပြစ်မတင်ဘူး။ အကာအကွယ်ပေးနေသလို ထင်ရတယ်။ ကျွန်မ စောစောပိုင်းတုန်က "
ယုံကြည်မှု ကွာဟာချက်နဲ့ ယုံကြည်မှု တ်ာဆောက်ရေး" ဆိုတဲ့ ဆောင်းပါးမှာ အရင်
အစိုးရ (စစ်အစိုးရ) ကို ကာကွယ်ပေးသလို လုပ်နေရင် အခုအစိုးရကို ' ဒီပုတ်ထဲက
ဒီပဲလို့' ထင်တော့မယ်လို့ရေးမိတော့ စိစစ်ရေးက ဖြတ်လိုက်တယ်။
စစ်အစိုးရဆိုတာလည်း ဖြတ်တယ်။ တပ်မတော်အစိုးရလို့ ခေါ်ရမယ်လို့ နောင် ကျွန်မ
သိရတယ်။ ကျွန်မကတော့ (military regime = stratocracy) ကို
ဘာသာပြန်လိုက်တာပါ။ စိစစ်ရေးက ဒီကိစ္စမှာ ဘာကြောင့် အထိမခံ ကြွေပန်ကန်
ဖြစ်နေပါလိမ့်။ ဒီလိုဆိုရင်တော့ လူတွေ စိတ်ထဲမှာ ပြောမထွက်ပေမယ့်
စနှိးစနောင့်တော့ ဖြစ်နေဦးတော့မှာပဲ။ ယုံကြည်မှု အားနည်းသွားတော့မှာပဲ။
အထက်က ဆိုခဲ့တဲ့ အမွေဆိုးတွေက မြန်မာပြည်သူပြည်သား အတွက် ဘာချန်ထားခဲ့သလဲ
ဆိုတော့ လူတွေဆင်းရဲနွမ်းပါးမှုပဲ။ ဒီလိုဆင်းရဲမှုဟာ အရင် ၃၀
ရခိုင်နှုန်းကျော်ကမှ အခု ၂၆ ရာခိုင်နှုန်း ကျလာတာကို ဂုဏ်ယူစွာနဲ့
ကြေညာနေတယ်။ ၂၆ ရာခိုင်နှုန်း ဆိုတာ က လူ ၄ ယောက်မှာ တစ်ယောက်ကဆင်းရဲတယ်
(Below Poverty Line) လို့ဆိုတာ ။ ဒါကျေနပ်စရာလား၊
ဒီလောက်သယံဇာတကြွယ်ဝတဲ့တိုင်းပြည်ကို ဒီလိုအခြေအနေဆိုးရောက်အောင်
လုပ်နိုင်ခဲ့ကြတာပါ။
ဒါတွင် မကသေးပါဘူး။ဒီအစိုးရတွေ
ချန်ခဲ့တဲ့ကြွေးမြီတွေကလည်း ကြောက်စရာပါလား။ (Foreign debt >11 billion)
နောက်လူတွေ နာလန်ထဖို့တော်တော် ခဲယဉ်းအောင် လုပ်သွားခဲ့တာပဲ။ ဘာတွေများ
သုံးခဲ့တာပါလိမ့်။ ရှေးက ဘတ်ဂျတ်က ဘယ်သူမှမသိရတဲ့ ထင်သာမြင်သာ
မရှိခဲ့တာဆိုတော့ မသိနိုင်တော့ပါဘူး။
ပညာရေးမှာလည်း (
Literacy rate) စာရေးစာဖတ်တတ်မှု ဆိုတဲ့ သာရည်ကို အစိုးရအဆက်ဆက်
အခွင့်ကောင်းယူ အသုံးချ ( exploit) ပြီး တိုးတက်ဖို့အတွက်လုပ်မပေးခဲ့ဘူး။
လူတန်းစား အသီးသီး အောက်ခြေလ်သမားကစပြီး စက်ရုံအလုပ်သမားတွေကို
တက်ကျွမ်းပညာ (technical knowledge) ဖြစ်ဖြစ်တိုးတက်အောင် မလုပ်ခဲ့ဘူး။
ပညာရေး စနစ်ကလည်း ခေတ်နောက် ပညာရေးစနစ်ဖြစ်သွားတယ်။ အနှစ် ၅၀ နောက်ကျနေတာ
မီအောင်လိုက်ဖို့မလွယ် ဖြစ်သွားတယ်။ မြန်မာတွေက တော်ကြပါတယ်။
သင်ရတာလွယ်တယ်။ တက်လွယ်လို့ တော်ပါသေးရဲ့ ၊ မျှော်လင့်ချက် ထားနိုင်တယ်၊
ဒါပေမဲ့ ပညာရေးစနစ်ကို ပြုပြင်ဖို့ ကောင်းပါပြီ။
ဒီလိုအကောင်းအဆိုး နှစ်ဘက်ကိုကြည်လင် ပြတ်သားစွာ မြင်ပြီးနောက်
အကောင်းဆုံးဖြစ်အောင် plan ( နည်းဗျုဟာ) ဆွဲရမယ်ဆိုရင် အလွန်တရာ
အရေးကြီးတဲ့ ဦးတည်ချက် ရည်မှန်းချက်တွေ ထွက်ပေါ်လာတယ်။
၁။ ကတော့
'မျှတခြင်း' (equity)၊ အဓိကအားဖြင့် ငွေကြေး (economic) မျှတရေး ဖြစ်တယ်။
အခြား လူမှုဘ၀သာယာရေးအတွကအခွင့်အရေးများဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနှင့်
အခြားရပိုင်ခွင့်များမှာ လူတွေအားလုံး သာတူညီမျှဖြစ်ရန် လိုပါမယ်။
တစ်နည်း ပြောရလျှင်တော့ အရေးကြီးဆုံးက ဆင်းရဲနွမးပါးမှုကို
မဖြစ်အောင်တားဖို့ ၊ ကာကွယ်ဖို့ ရှိလာပြီမို့ ဒါကိုပယ်ဖျက်ဖို့ ပိုပြီး
အရေးကြီးတယ်လို့ ဆိုရမယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မပေါ်အောင် ၊ ရှိနေလျှင်လည်း
သည်လို ကျဉ်းမြောင်းအောင် လုပ်ရပါမယ်။ ဒီကွာဟမှု မရှိသေးတောင် မငြိမ်အောင်
သို့မဟုတ် ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ရေးကတော့ အရေးအကြီးဆုံး
အချက်ဖြစ်ပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ကာကွယ်ရန် လိုပါတယ်။ ကမ္ဘာ့
ဘယ်နေရာမှာပဲ ကြည့်ကြည့်၊ ဒီလို ကွာဟမှုရှိနေတဲ့ တိုင်းပြည်ဟာ မအေးချမ်းပါ။
ဒီဘေးအန္တရယ်ကတော့ အစိုးရနဲ့ ပြည်သူတွေရဲ့ အကြီးဆုံးသော ရန်သူဖြစ်လိမ့်မယ်။
၂။
Sustainability ။ ရရှိထားတဲ့ တိုးတက်မှုတွေ ကောင်းကျိုး ကောင်းချက်တွေ
သာရည်တွေ ကို ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန် ထိန်းသိမ်းထားရေး၊ တစ်ပွဲတိုး
ပေါ်တင်ဖြစ်ပြီး ကောက်ရိုးပီးလို အရှိန်သတ် ဖြစ်မသွားအောင် လုပ်ဖို့
လိုပါတယ်။
တိုင်းပြည်ရဲ့ တိုးတက်မှု အဘက်ဘက်ကု ရည်ညွှန်းတာပါ။
ဒါကြောင့် ဘာကိုစစ အကောင်အထည်ဖော်ဖို့ (POA= Plan of action) လုပ်ငန်း
အစီအစဉ်မှာ ဒီဆက်လက် ရှင်သန်ရေးကို ကနေဦး ကတည်းက ထည့်သွင်း စဉ်းစားပြီး '
ဘယ်လို လုပ်မယ်' ဆိုတာ သတ်သတ်မှတ်မှတ် အစီအစဉ် ရှိရပါမယ်။
၃။
ဥပဒေများ။ ဘယ်လိုဥပဒေဖြစ်ဖြစ်၊ ပြည်သူပြည်သား အားလုံးအပေါ်မျှတစွာ
သက်ရောက်မှုရှိရေး။ အခု ခေတ်အခါက နိုင်ငံရေး စနစ်ကြီးကို အမြစ်ကလှန်ပြီး
ပြောင်းလဲလိုက်တာဆိုတော့ ဥပဒေအသစ်တွေအများအပြား ထွက်ပေါ်လာမယ်။ မရှိသေးပြီး
လိုအပ်နေသောအသစ်တွေ ထုတ်မယ်။ ပယ်ဖျက်သင့်လျှင် ပယ်ဖျက်မယ်။
ပြုပြင်စရာရှိရင် ပြုပြင်ပြောင်းလဲညှိပေးပြီး အသုံးဝင်အောင် လုပ်ပေးကြရမယ်။
ဒီလိုဥပဒေတွေဟာ ဒီမဏ္ဍိုင် ၃ ခုစလုံးဖြစ်တဲ့ အစိုးရဥပဒေပြုရေး၊ တရားစီရင်ရေး
အပြင် စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာ (Media) မှာ အကျုံးဝင်မယ်။ ဒီမှာ
အရေးကြီးတာက အသိပေးစရာက အားလုံးအတွက် ဖြစ်ရပါမယ်။ အကြောင်းအကျိုးကြောင့်
'သာ' နေတဲ့ လူတန်းစားက ဒီဥပဒေတွေရဲ့ ကောင်းကျိုးသာရည်တွေကို အသုံးပြု
အကျိုးပြုတဲ့ လူတွေရှိသလို ဒီလို သာရည်မျိုးမရှိတဲ့ လူတန်းစားက မသုံးလိုက်ရ
မဖြစ်စေရပါ၊ သိသူဖော်စား မသိသူကျော်သွား မဖြစ်စေရပါ။ ဒီလိုပဲ ဒီလိုပဲ
ဒီဥပဒေတွေကို ရှောင်တတ် ကွင်းတတ်သူတွေက ရှောင်ကြပြီး မသိနားမလည်သူတွေ ကတော့
'ခံလိုက်ဦး' ဆိုတာမျိုးလည်း မဖြစ်စေရပါ။ ကျွန်မက တစ်ဘက်သတ်အဆိုးမြင်ပြီး
အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကပျက်ယပျက် ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်မ
အသက်အရွယ်နဲ့ ကျော်ဖြတ်လာရတဲ့ နိုင်ငံရေးခေတ်ပေါင်းများစာကို
လက်တွေ့အတွေ့အကြုံရှိပါတယ်။ တကယ့်နဖူးတွေ့ဒူးတွေ့တွေပါ။
စိစစ်
ဝေဖန်လည်း လုပ်ကြည့်ပါတယ်။ ဒီတော့ ပျဉ်ဖိုး တော့ နားလည်တယ်။ ကတိက၀တ်တွေနဲ့
အဲ့ဒါတွေကပေးတဲ့ မျှော်လင့်ချက်တွေလည်း အများကြီး သိခဲ့ရပြီးပါပြီ။ ဖဆပလ
ခေတ်က ' ပြည်တော်သာစီမံကိန်း' 'အိမ်တစ်လုံး၊ ကားတစ်စီး၊ လခ ၈၀၀ိ' ၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က အနှစ်၂၀ စီမံကိန်းအပြီး
'စက်မှုထွန်းကား၊ ဆိုရှယ်လစ် တိုင်းပြည်ကြီး' ဖြစ်စေရမယ်။ ဒါတွေ
ဘယ်လိုဖြစ်သွားသလဲဆိုတာ အားလုံးအသိမို့ ပြောနေဖို့ မလိုတော့ပါလို့
ထင်ပါတယ်။ ဒီတော့ ကျွန်မကို ဒီအသက် ဒီအရွယ်ကျမှ မျှော်လင့်စရာ
မရှိတော့ဘူးလို့ ထင်ရတဲ့ အခါကာလမှာပီတိ လွှမ်းလောက်တဲ့ မျှော်လင့်ချက်
ရောင်ခြည်ကို သမ္မတကြီး ၃၁-၃-၂၀၁၁ မိန့်ခွန်းမှာ ပေးခဲ့တော့
ဒီမျှော်လင့်ချက်ရဲ့ အလင်းတန်းလေးကို ဘယ်လိုမှ ပျောက်ကွယ် ဆိတ်သုန်း
အဖြစ်မခံနိုင်ပါဘူး။
သမ္မတကြီးရဲ့ ဒီမိုကရေစီ အပေါ်ထားရှိတဲ့
ယုံကြည်မှု၊ ဒီမိုကရေစီ အစိုးရအတွက်လုပ်ပေးနေတဲ့
ပြုပြင်ပြောင်းလဲရေးတွေအပေါ် လုံးဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့
သမတ္တကြီးအပြင်၊ သမ္မတကြီးအပြင် ၊ အခြားသူတွေကကော ဒီလို ပြင်းပြတည်ကြည်
မယိမ်းမယိုင်ဖြစ်တဲ့ ယုံကြည်မှု ရှိရဲ့လားလို့ စိတ်ထဲ ဖြစ်လာမိတယ်။
ယုံကြည်မှု ခံယူချက်သဘောဆိုတာက ဘာသာရေး ယုံကြည်မှုလိုပဲ အဇ္ဈတ္တ အတွင်းကနေ
ခံစားပြီး ထွက်လာတဲ့ အပြင်းစား သဘောခံယူချက်ဖြစ်ရပါမယ်။ တချို့တွေက
လောကမှာနေသွားတာ ကြုံသလိုနေသွားကြတာ။ ရေလိုက်ငါးလိုက အများမိုးခါးရေ
သောက်ဆိုသလို နေတဲ့လူကများပါတယ်။ အခုပြောင်းလဲ ခံယူလာတဲ့ ဒီမိုကရေစီစနစ်ကို
'မချစ်သော်လည်း ပင့်သက်ရှူ' နေကြတဲ့သူတွေ ရှိနေမလား။ ''ဒီမိုကရေစီ
ကျင့်ဝတ် ၀တ္တရားတွေကို တကယ်ပဲ နှစ်နှစ်ကာကာ' ယုံပြီး ဦးလည်မသုံ
လုပ်သွားကြမှာလား။ ပါဝင်နေသူ အားလုံး ဒီမိုကရေစီက လိုအပ်တဲ့ လုပ်ဆောင်ချက်
(Democratic Practices) တွေကို ခရေစစေ့တွင်းကျ နားလည်ကြရဲ့လား ။ ဒီကိစ္စက
ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဘာမဆို မဖြစ်နိုင်တဲ့ဘက်
ထည့်စဉ်းစားပြီး မယုံကြည်မှု ရှိထားမှသာ အောင်မြင်မှုနဲ့နီးမှာ။ ကျွန်မတို့
ဒီလို (Skepticism) ရှိတာ ကိုယ့်အတွက် ကာကွယ်မှု ပေးနိုင်တယ် ဆိုတာလည်း
သတိရှိရပါမယ်။
ကျွန်မ အကြောက်ဆုံး ကတော့ ဒီအခြေ
ဒီအဆင့်ရောက်ပြီးဒါမှ တစ်ခန်းရပ် (သို့) ပွဲမပြီးခင် ဖျာသိမ်း ၊
ပွဲကိုအပြီးသတ်သလို (Game Over) ဖြစ်သွား မှာကိုပါ။
ဆက်လက်ဖော်ပြပါမည်။
၂၄-၂-၂၀၁၂
( ပြည်သူ့ခေတ်ဂျာနယ် ၂၉၊ မတ်၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၈၈ )
No comments:
Post a Comment