Friday, April 27, 2012

ဒေါက်တာဘမော်လေးချိုးဘွဲ့အကြောင်း


by Lunnset Noemyat on Thursday, April 26, 2012 at 12:41am

ဆရာဟန်ရော ဦးဘကလေးပါ နိုင်ငံရေးကို ၀ါသနာပါသူများ မဟုတ်ပေ။ သို့စေကာမူ နိုင်ငံရေးအကြောင်း နားလည်ထားကြသည်။ သို့အတွက် ဦးဘကလေးသည် မိမိစိတ်ကူးနှင့်ရော သတင်းစာတိုက်များက ညွှန်ကြားချက်အရပါ နိုင်ငံရေး ကာတွန်းများ ရေးခဲ့သည်။

သူရိယသတင်းစာတိုက်သို့ ဦးဘကလေး စိတ်ကူးအလျောက် ရေးသားပေးပို့လျှင် ကာတွန်းတစ်ခုလျှင် ဆဲ့ငါးကျပ်စီပေး၍ သတင်းစာ တိုက်မှ ညွှန်ကြားချက်အရ ရေးစေလျှင် နှစ်ဆဲ့ငါးကျပ်ထိပေးသည်။

တခါသော် ဥပဒေပြုအဖွဲ့၌ ဒေါက်တာဘမော်မှာ သည်အချိန်က ငါးထောင်စားဝန်ကြီး( ထိုစဉ်က ၀န်ကြီးချုပ်ဟုခေါ်သည်) ဖြစ်သည်။ အတိုက်အခံပါတီများက ဆင်းရဲသားများကို သက်ညှာသောအားဖြင့် လစာငွေ ငါးထောင်မယူပါရန် အဆိုတင်သွင်းသည်။ သတင်းစာများကလည်း အဆိုကို ထောက်ခံရေးသားကြသည်။ ဥပဒေပြု အစည်းအဝေးပြုလုပ်သောအခါ ဒေါက်တာဘမော်က အစိုးရဖက်မှ ထောက်ခံမဲပေးလေသည်။
ဤသည်ကို အတိုက်အခံသတင်းစာတစ်ခုက ဦးဘကလေးကို ကာတွန်းရေးဆွဲခိုင်းသည်။ ဦးဘကလေးကတဖန် ဆရာဟန်သို့ အကူအညီတောင်းသည်။ သို့ဖြင့် ဆရာဟန်ရေးကဗျာနှင့် ကာတွန်းသရုပ်ဖော်တခု သတင်းစာ၌ ပါလာလေသည်။

ဒေါက်တာဘမော်လေးချိုးဘွဲ့

သုဓမ္မာ ချွတ်ချော်တဲ့ အဆင့်ရယ်က၊ ဥပဒေ ဇွတ်အော်ဖို့ အခွင့်တွေနဲ့၊ အမတ်မင်းတို့မှာဗျာ၊ လွှတ်တော်ဖွင့်ပါလို့ ဆူပူလာ။    ။

တိုင်းပြည်ကျိုးကိုတော့ ၀ိုင်းသည်ပိုးမည်ဟု တမျိုးတဖုံစီဥာဏ်နဲ့၊ ယုံကြည်ရန်စွမ်းရည်ပြလို့ရယ်၊ မဲဆန္ဒညာ။    ။

မောင်ဘမော်ဒေါက်တိုတယောက်ဟာဖြင့်၊ တောင်တမျှပေါ်လာပြီ၊ နောက်ကို မောက်နှိုင်တော့မဟဲ့လို့၊ ချီးမြှောက်သူ ပြည်မြန်မာတို့၊ ရည်သန်ကာအထင်ကြီးခဲ့လေသမျှ၊ ဆင့်ရီးကို ခွေးမျှော်သည့် အရေးလိုပေါ့၊ တွေးလိုက်တိုင်း ၀ဲလှည့်နာ၊ မဲထည့်သည့် ခမျာတွေမှ မောင်ရင်မသနား။    ။

ကြာရုပ်နဲ့မောင်၊ ဟာ ဟုတ်ပေါင် ဘီအေပေါင်းရယ်နဲ့၊ ပြည်ခေါင်းဆောင် နာမည်ထွက်ကာမှ၊ ပြောင်မျက်နှာ ရွာလွန်ဆန်၍၊ တာဝန်ခံငါးထောင်ကို မဖျက်တဲ့ပြင်၊ မင်းဖက်အကူအညီဝင်၍၊ ကျေးဇူးရှင်ပြည်သူအငတ်တို့ကို၊ မောင်ငဘမော်ရယ်၊ ကျေးဇူးဆပ်လေသလား။    ။ 

ဆရာဟန်= ဇာတ်ညွှန်းရေးဆရာ/ကဗျာဆရာ/စာရေးဆရာ
ဦးဘကလေး= ကာတွန်းဆရာ/ရုပ်ရှင်မင်းသား/ထုတ်လုပ်သူ


( ဆရာမောင်ရည်အောင်၏ ကြယ်များရံသော အနုပညာသည်စာအုပ်မှ ကောက်နှုတ်ချက် )

တင်ပြသူ-ကိုလွန်းဆက်
(မှတ်သားမိသော ကောက်ချက်ကြမ်းများ)

No comments:

Post a Comment