Photo Credit: Reuters/Soe Zeya Tun
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲကို နောက်တပါတ် တနင်္ဂနွေနေ့ဆိုရင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီ ရရှိရေးကို မှတ်ကျောက်တင်မယ့် နိုင်ငံရေး လိုအပ်ချက် အဆင့်တဆင့် ဖြစ်ပါတယ်။
ဒီအဆင့်ကို ရောက်လာဖို့ လူတွေ သန်းပေါင်းများစွာ ပါဝင်ကြိုးပမ်းခဲ့ကြရပါတယ်။ အဓိက ပါဝင်သူတွေကတော့ ပြည်တွင်းက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ပြည်ပရောက် မြန်မာတွေသာမက နိုင်ငံတကာ အစိုးရနဲ့ ပြည်သူတွေလည်း လိုအပ်သလို အထိုက်အလျောက် ပါဝင်ခဲ့ကြပါတယ်။
အနစ်နာခံ ပါဝင်ကြတဲ့အတွက် ဘဝတွေပျက်၊ အသက်အိုးအိမ် စည်းစိမ်တွေလည်း ဆုံးရှုံးခဲ့ကြရပါတယ်။ ဘာကြောင့် ပေးဆပ်ခြင်းတွေ ကြီးမားနေခဲ့ရပါသလဲ…..။
တခွန်းတည်းသော အဖြေဟာ နှစ်ပေါင်း ၅ဝ လုံးလုံး မြန်မာပြည်သူတရပ်လုံးကို ဆင်းရဲတွင်းနက်အောင် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အာဏာရှင်စနစ်ဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ကဏ္ဍအသီးသီးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာကို ပြည်သူတွေက ခက်ခက်ခဲခဲ ဖယ်ရှားနေရတာကြောင့် ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဟာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းခဲ့တဲ့ကတည်းက စတင်ခဲ့ပြီး ရာစုနှစ်တဝက် ဖိနှိပ်ချုပ်ချယ်ခံနေရလို့ ကျနော်တို့အားလုံး နစ်နာဆုံးရှုံးမှုတွေကို ယနေ့တိုင် ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
၂ဝ၁ဝ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး ကတည်းက ဖြစ်နိုင်သမျှ အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေး လှုပ်ရှားမှုကြောင့် အခြေအနေတွေဟာ တဖြည်းဖြည်းချင်း တိုးတက် ပြောင်းလဲလာခဲ့ပြီး ကနေ့အခြေအနေတွေကို ဖြစ်ပေါ်လာစေပါတယ်။ တဖြည်းဖြည်းချင်း ဆိုတဲ့ ရွေ့လျားမှုကြောင့် ကျနော်အပါအဝင် အများအပြားက စိတ်မရှည်နိုင်ခဲ့ကြတာ ရှိပါတယ်။
အချိန်ကာလတွေကို စိတ်မရှည်စွာ ဖြတ်သန်းရင်းနဲ့ဘဲ အခြေခံလိုအပ်ချက် အားလုံးမဟုတ်သည့်တိုင် တော်တော်များများကို တည်ဆောက်လာနိုင်လို့ ကနေ့ နိုင်ငံရေးအခင်းအကျင်းကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ဒီတဆင့်ကို ဖြတ်သန်းကျော်လွှားနိုင်မှ ရှေ့ခရီးတခုကို ကျနော်တို့ ရောက်ရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကာလမှာ အရေးကြီးဆုံးဟာ လက်ရှိနိုင်ငံရေး အခင်းအကျင်းကို အပျက်မခံဘဲ ရှေ့ဆက်တိုးနိုင်ဖို့ ဖြစ်ပါတယ်။ မလိုလားတဲ့သဘောနဲ့ ဖျက်ဆီး နှောင့်ယှက်တဲ့ကိစ္စတွေ မရှိစေဖို့ ကျနော်တို့အားလုံး နိုးနိုးကြားကြား သတိရှိနေကြရပါမယ်။
ကျနော်တို့မြန်မာနိုင်ငံအတွက် အကောင်းဆုံး ထွက်ပေါက်ကတော့ ဒီမိုကရေစီ ဖြစ်ထွန်းအောင် လုပ်ယူရင်း ပြည်သူတွေရဲ့ဘဝကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ဖို့သာ ရှိပါတော့တယ်။ ဒါကို ရည်မှန်းပြီး ဝိုင်းဝန်း ကြိုးစားနေကြပါတယ်။ အောင်ပွဲ မရသေးပါဘူး။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲက ရည်မှန်းချက် အောင်မြင်ဖို့ အဆင့်တဆင့်သာ ဖြစ်ပါတယ်။
ရည်မှန်းချက်အတွက် ကျနော်တို့မှာ လူထုအင်အား လိုအပ်ပါတယ်။ အရည်အချင်း ပြည့်ဝသူတွေ၊ ရိုးသားဖြောင့်မတ်သူတွေ လိုအပ်ပါတယ်။ ကျနော်တို့အားလုံး ညီညီညွတ်ညွတ် ရှိနေကြဖို့ လိုအပ်ပါတယ်။ ထက်ထက်မြက်မြက် လုပ်နိုင်မယ့် မဟာဗျူဟာ လိုအပ်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေးကသာ နိုင်ငံရေးတိုးတက်မှုကို ဖြစ်စေနိုင်တဲ့အတိုင်း မပါဝင်နိုင်သေးသူတွေ မြန်မြန်ဆန်ဆန် ပါဝင်လာနိုင်စေဖို့လည်း လိုအပ်နေပါသေးတယ်။
ကျနော်တို့အတွက် ကံကောင်း ထောက်မတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာ နိုးနိုးကြားကြားနဲ့ နိုင်ငံရေး လှုပ်ရှားခွင့် ရနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အကြီးအကဲတွေမှာ လူထုအကျိုးကို လိုလားနေကြသူ တချို့ကိုလည်း တွေ့လာရတော့ အားတက်စရာပါပဲ။ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့တကွ ပြန်လည် လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေက လူထုနဲ့ တသားတည်း လှုပ်ရှားနိုင်ကြတာဟာလည်း လိုအပ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ဖို့ အင်အားစုကြီး ဖြစ်လာနေပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းဟာ ပြည်သူအားလုံးရဲ့ နာကျည်းတဲ့ ခံစားချက်ကို နားလည်ရုံသာမက ပြည်သူတွေရဲ့ လွတ်မြောက်လိုတဲ့ ဆန္ဒ၊ လူတန်းစေ့ နေနိုင်တဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးရမယ်လို့လည်း ခံယူကြရပါမယ်။ လူတိုင်းလူတိုင်း အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင် အားဖြည့်ကြရင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေဟာ မတိုးတက်ဘဲ မနေပါဘူး။ အားမလျှော့၊ စိတ်ဓါတ်မကျဘဲ ဆက်လက် ကြိုးစားနေကြရပါဦးမယ်။ ကြွင်းကျန်နေတဲ့ အာဏာရှင် အရိပ်အငွေ့တွေ ပျက်ပြယ်လုနီးပါး ဖြစ်နေပါပြီ။
လွင်အောင်စိုး
၂၅-၃-၂ဝ၁၂
No comments:
Post a Comment