Tuesday, March 27, 2012

ဖြောင့်မတ်မှန်ကန်သော တရားစီရင်မှု


by Kaung Kin Thit on Wednesday, March 21, 2012 at 5:01pm

တစ်ခါက နိုင်ငံတစ်ခု၏ အကျဉ်းထောင်တစ်ခုအတွင်းတွင် အကျဉ်းသားအသစ် (၄)ဦးတို့ တွေ့ဆုံ ကြလေသည်။ ထုံးစံအတိုင်း တစ်ဦး နှင့် တစ်ဦး မည်သည့် အမှုဖြင့် ထောင်ကျရသည်ကို မေးမြန်းကြလေသည်။

ပထမအကျဉ်းသားက ဒုတိယအကျဉ်းသားကို ဘာအမှုဖြင့် ထောင်ကျသလဲဟု မေးရာ ဒုတိယ အကျဉ်းသားက “ကျွန်တော်က လယ်သမားပါ၊ ကျွန်တော့်ရဲ့ လယ်မြေတွေကို အသိမ်းခံရလို့ ကုမ္ပဏီကို တရားစွဲတာ ကုမ္ပဏီက တရားပြန်စွဲလို့ အမှုရှုံးပြီး ထောင်ထဲရောက်လာတာပါ” ဟု ပြန်ဖြေပြီး - ခင်ဗျားကရော ? ဟု ပထမလူကို ပြန်မေးလေသည်။


ပထမလူက “ကျွန်တော်လည်း ခင်ဗျားလိုပါဘဲ။ စက်ရုံတစ်ခုက အလုပ်သမားပါ။ အလုပ်ရှင်က အချိန်ပိုတွေ ခိုင်းပြီး လုပ်ခမပေးလို့ တရားစွဲတာ အလုပ်ရှင်က တရားပြန်စွဲလိုက်လို့ အမှုရှုံးပြီး ထောင်ချခံလိုက်ရတာပါ” ဟု ပြန်ဖြေလေသည်။

ထို့နောက် သူတို့ (၂)ဦးသည် တတိယအကျဉ်းသားကို မေးမြန်းစုံစမ်းရာ တတိယ အကျဉ်းသားက “ကျွန်တော်ကတော့ ဂျာနယ် သတင်းထောက်ပါ။ အစိုးရဌာနတစ်ခုရဲ့ လာဘ်စားမှုကို အမှန်အတိုင်း သတင်းရေးမိလို့ တရားစွဲခံရပြီး ထောင်ချခံလိုက်ရတာပါ” ဟု ပြန်ဖြေလေသည်။

ထို့နောက် သူတို့ (၃)ဦးသားသည် သူတို့ကို ကျောပေး ထိုင်နေသော  နောက်ဆုံး အကျဉ်းသားကို “ဗျို့ ဆရာကြီး ခင်ဗျားကရော ဘာမှုလဲဗျ” ဟု မေးမြန်းရာ ထိုအကျဉ်းသားသည် ချက်ခြင်းမဖြေဘဲ ကောင်းကင်သို့ ငေးမောကြည့်နေလေသည်။ ထို့နောက်မှ ထို စတုတ္ထအကျဉ်းသားသည် သူတို့ (၃)ဦး ရှိရာသို့ တဖြည်းဖြည်းခြင်း လှည့်လာပြီး သူတို့ (၃)ဦးလုံးကို ၀မ်းနည်းကြေကွဲစွာဖြင့် ကြည့်လိုက်လေသည်။

ထိုအခါ ကျန်အကျဉ်းသား (၃)ဦး စလုံးသည် “ဟင်ကနဲ” “ဟာကနဲ”  ဖြစ်အောင် အံ့အားသင့် သွားကြလေသည်။

အဘယ်ကြောင့် ဆိုသော် ထို စတုတ္ထအကျဉ်းသား ဖြစ်သူမှာ သူတို့ (၃)ဦးစလုံးဘက်မှ အခမဲ့ အမှုလိုက်ပေးခဲ့သော “လူ့အခွင့်အရေး ရှေ့နေလေး” ဖြစ်နေသောကြောင့်တည်း။
Share

No comments:

Post a Comment