Monday, February 27, 2012

ဝန်ထမ်း လစာတိုးကိစ္စ နှင့် လာဘ်ပေးလာဘ်ယူ ကိစ္စအပေါ် ထင်မြင်သုံးသပ်ချက်

by Lwin Aung Soe on Tuesday, February 28, 2012 at 2:43am ·



ကျနော်ကတော့ ဝန်ထမ်းတွေ လစာတိုးပေးတာကို သဘောကျပါတယ်။ ဒါမှလည်း နောက်လုပ်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေဟာ ဥပဒေပြုလမ်းကြောင်းကနေ ထွက်လာဖို့ အားကောင်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။

ဝန်ထမ်းတွေ လစာတိုးပေးရေးကိစ္စကို လွှတ်တော်အတွင်းမှာ ဦးရွှေမန်းက power building လို့ ပြောဆိုသူတွေ ရှိလာပါတယ်။ ကျနော်က ဒါကို လွှတ်တော်ရဲ့ Capacity building လို့ မြင်မိပါတယ်။


သမ္မတကအစ ကျနော်တို့အပါအဝင် ပြည်သူတွေ တဦးချင်းဟာ ဒီမိုကရေစီကို သဘောကျ နှစ်သက်ကြမှာပါ။ ဒါဆိုရင် Rule of Law ကို ကျနော်တို့ အသက်သွင်းဖို့ လိုအပ်လာပါတယ်။ Rule of Law မရှိဘဲ ဒီမိုကရေစီ တည်ဆောက်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ လွှတ်တော်တွင်း ရည်မှန်းချက်မှာ Rule of Law ရှိနေပါတယ်။

တကယ်တော့ Rule of Law ကို လူတိုင်းလူတိုင်း လေးစားလိုက်နာလာအောင် လွှတ်တော်ရဲ့  Capacity building မှာ ထည့်ယူတာ ဖြစ်ပါတယ်။ ဒါဟာ ရေရှည်မှာ တိုင်းပြည်တည်ငြိမ်ဖို့ ဖြစ်စေသလို ဒီမိုကရေစီကို ရေရှည် ထိန်းသိမ်းနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။ တချို့လူတွေက နပ်တော့ အဲဒီဘက်လိုင်းကို အဆွဲမခံကြပါဘူး။

ဝန်ထမ်းတယောက်ကို အနည်းဆုံးလစာ တသိန်းပေးလိုက်လည်း အဲဒီဝန်ထမ်းရဲ့ မိသားစုက သက်သာချောင်ချိနေဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ တကယ်လိုအပ်တဲ့ ကနဦးအဆင့်ပါ။

နောက်ထပ်ဖြစ်လာနိုင်တာတွေထဲမှာ တချို့ကို ပြောပါရစေ။ အနည်းဆုံး အလုပ်သမား ဥပဒေမှာ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး အခြေခံလစာငွေကို ပြဌာန်းပေးရဖို့ တွန်းအားတရပ် ဖြစ်စေပါတယ်။ ဒါဟာ အစိုးရဝန်ထမ်း မဟုတ်တဲ့ အလုပ်သမားတွေအတွက် အင်မတန်ကောင်းမွန်တဲ့ အခြေခံရပိုင်ခွင့် ဖြစ်လာနိုင်စရာ ရှိပါလိမ့်မယ်။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်တဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။

လစာတိုးတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ အစိုးရမှာ တာဝန်ရှိလာပါတယ်။ ထိန်းချုပ်နိုင်ရင် ငွေကြေးဖောင်းပွမှုကိုပါ တဆက်တည်း အောင်မြင်အောင် ထိန်းလာနိုင်စရာ ရှိပါလိမ့်မယ်။ အစိုးရဟာ ဒီကိစ္စတွေမှာ ရေလိုက်ငါးလိုက် အချောင်ခိုနေလို့ မရပါဘူး။ တာဝန်အရ ဖြစ်အောင်ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ မလုပ်ချင်လို့ ခေါင်းရှောင်ချင်တာလား ဆိုတာကိုတော့ ကျနော် သံသယ မဖြစ်မိပါဘူး။ လုပ်ချင်ပေမယ့် အခြားအကြောင်းကြောင်းတွေက ပိုအရေးကြီးတယ်လို့ ခံယူတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။



လာဘ်ပေးလာဘ်ယူ ကိစ္စမှာ ပြည်သူတွေ အသားကျနေတာကလည်း ရေရှည်မှာ မကောင်းပါဘူး။ လာဘ်ပေး လာဘ်ယူ မရှိမှ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်တာ ဖြစ်ပြီး ဆင်းရဲမွဲတေမှုကိုလည်း တစထက်တစ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ လာဘ်မပေးရင် ကိုယ်စီကိုယ်ငှ ပုဂ္ဂိုလ်ရေး အဆင်မပြေနိုင်တာလေးတွေ ရှိကောင်းရှိပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ အနာဂတ်မှာ လာဘ်မပေးရတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အခုအချိန်မှာ အဆင်မပြေတာလေးတွေအပေါ် ခဏလေး သည်းခံအောင့်အည်းပြီး နေသင့်လှပါတယ်။ အားလုံးညီရင် မကြာခင် ပွဲပြတ်နိုင်ပါတယ်။

လာဘ် မပေးရင်၊ လာဘ်ယူတာကို တိုင်တန်းခွင့်ရနေရင် လာဘ်ယူတာလည်း လျော့နည်း ပပျောက်သွားနိုင်ပါတယ်။ အစိုးရတွေဘက် တာဝန်ရှိတာကတော့ မနေ့ကဖတ်လိုက်ရတဲ့ “တရားစီရင်ရေးတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိပါက ရန်ကုန်တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်ထံ တိုက်ရိုက် တိုင်ကြားနိုင်” ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်အောင် တွန်းအားပေး လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂၈-၂-၂ဝ၁၂   

No comments:

Post a Comment