Tuesday, February 28, 2012

လွမ်းတဲ့စာ (၂)

by Myanmar Jokes on Tuesday, February 28, 2012 at 12:43pm ·
 
 
သို့
မောင်

မောင်ဆီက စာကိုဖတ်ရတာ အချစ်လဲ စိတ်မကောင်းပါဘူး။ ခင်လဲ ဒီမှာအလုပ် လုပ်လို့အဆင်ပြေလို့သာ နေရတာပါ။ မြန်မာပြည်ပြန်လာချင်တာ။ အလုပ်ကလား။ အဆင်ပြေပါတယ်။ ခင့်အောက်မှာ လူ (၅၀၀) ကျော် အလုပ်လုပ်တယ်လေ။ ကွန်ဒို အပေါ်ဆုံးထပ်က ရုံးခန်းမှာ ပြာတာလုပ်တာလေ။ ဟိုတလောက ဖုန်းလေး အသစ်ဝယ်ကိုင်လိုက်တယ်လေ။ iPhone ထက်ပိုမြင့်တဲ့ jPhone ဆိုလားပဲ။ 4S တောင်မဟုတ်ဘူး။
9Z ဆိုပဲ။ ကင်မရာကလည်း သူများတွေလို 5MP, 8MP, 10MP ခုဂဏန်းလေးတွေ မဟုတ်ဘူး 512 တောင်။ 512KP kilo Pixel တဲ့။ (512KP = 0.5MP) ပုံထွက်ကတော့ ဝါးတားတားပဲ။ အဲဒီတော့မှ လူလဲ ပိုလှမှာလေ။ ပြီးတော့ မျက်မှန်လေးတပ်၊ ပါးလေးဖောင်း၊ နှုတ်ခမ်းလေးစူ ဓာတ်ပုံရိုက်ပြီး facebook ပေါ်တင်ထားသေးတယ်လေ။ ခင့်ပုံကို မမှတ်မိလောက်အောင် ချောတယ်မဟုတ်လား။

အိမ်မှာ အိမ်သာကြွေခွက်ကို သန့်ရှင်းရေးလုပ်ရင်း မောင့်ကို သတိရသေးတယ်။ မောင်အခုတိုက်နေတဲ့ သွားပွတ်တံကို အရင်က မောင်နဲ့ရန်ဖြစ်တိုင်း ခင်ကအိမ်သာကြွေခွက်ကို တိုက်ပစ်တာ။ ဒီကို ရောက်နေတဲ့ မောင့်ဦးလေးကို မှတ်မိတယ်မဟုတ်လား။ သူက အိမ်ပြန်ရင်ငွေထုပ်ပိုက်ပြန်မယ် ပြောတာလေ။ သူအခုတော့ ငွေထုပ်ပိုက်ပြန်သွားပြီ။ အဲ... တစ်ခုပဲရှိတယ်။ ဘဏ်က လိမ်ယူသွားတဲ့ ငွေတွေမို့ ရဲကတော့ ဝရမ်းထုတ်ထားလေရဲ့။

သောကြာနဲ့ စနေနေ့ညတွေဆိုရင် မောင့်ကိုလွမ်းလို့ အိပ်မရတာနဲ့ ကလပ်ပဲ သွားဖြစ်နေတော့တယ်။ သူငယ်ချင်းတွေက တောင် ခင့်ကို နေပြည်တော်လို့ ခေါ်နေကြတယ်။ တင်စားပြီး ခေါ်တယ်ဆိုပြီး ဝမ်းသာမသွားနဲ့ဦး။ ကြွက်တွင်းကမှ ရေထည့်လို့ ပြည့်ရင်လျှံသေးတယ်။ နေပြည်တော်က ပိုက်ဆံတွေထည့်တာ ထည့်မလောက်ဖြစ်နေတာကို သောက်တာနဲ့တင်စားပြီးပြောတာ...။

ပြီးခဲ့တဲ့ရက်က မောင်က မြန်မာမှာ ကွန်မကောင်းလို့ ဝက်ဘ်ပေ့ခ်ျတစ်ခု ဒေါင်းလုပ်ဆွဲပေးပါဆိုပြီး လင့်ခ်ပေးတာလေ မှတ်မိသေးလား။ အဲဒီ လင့်ခ်ကိုသွားကြည့်တာ ဝက်နဲ့တူတာမတွေ့လို့ angry birds ထဲက ဝက်ပုံပဲ ဒေါင်းလုပ်ဆွဲပေးလိုက်တယ်။ အခုတွဲပို့ပေးလိုက်မယ်။ အိမ်ရောက်မှ အဲဒီဝက်ကိုပဲ ပေါ်စားလိုက်တော့နော်။

ခင်တို့ကုမ္ပဏီက မြန်မာနိုင်ငံက သဲတွေဝယ်ပြီး စင်ကာပူကမ်းခြေတွေမှာဖို့နေတာလေ။ အဲဒီကနေ ကော့သောင်းကို တဆက်တည်းဖြစ်သွားရင် ခင်လဲ လမ်းလျှောက်ပြီး မြန်မာနိုင်ငံကို ပြန်လာလည်လို့ရပြီ။ အဲဒါက လိုသေးတယ်ဆိုတော့ ဒီနှစ်ပိုင်း မောင်နဲ့ တွေ့နိုင်အောင်ကြိုးစားနေပါတယ်။ လေယာဉ်လက်မှတ်ကံစမ်းမဲပေးတဲ့ ပစ္စည်းတိုင်း ဝယ်သုံးနေတယ်လေ။ ကံစမ်းမဲပေါက်ရင်တော့ ပြန်လာနိုင်မှာပါ။

နောက်ဆို မောင့်ဆီကို ဖုန်းဆက်လို့ရအောင် ဖုန်းဝယ်ဖို့ပိုက်ဆံလွှဲပေးလိုက်တယ်။ ၄၀၀၀ ပဲလွှဲပေးလိုက်တာဆိုတော့ ၅၀၀၀ တန်ဆင်းကဒ် ထွက်ရင် ၁၀၀၀ ထပ်စိုက်ပြီး ဝယ်လိုက်လေနော်.. မောင်။

မောင်ရဲ့ခင်

Myanmar Jokes

No comments:

Post a Comment