Tuesday, February 28, 2012

“နိုင်ငံ့သားကောင်းဆရာဝန်”

by Soe Min on Sunday, February 26, 2012 at 10:12am ·
 
            ကမ္ဘာတလွှား ထင်ရှားကျော်ကြားခဲ့သော သမားဟူးရားကြီးများ ဆိုတာ လက်ရှိကိုယ့်တိုင်းပြည်မှာလောက် အရေးပေး နေရာပေး ခံရပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။ သင်ကြားတတ်ကျွမ်းသော ဆေးပညာရပ်များနဲ့ နာမကျန်းသည် အိုနှင်းဆီတို့ကိုသာ ကုသပေးနေတာမဟုတ်၊ တိုင်းကျိုးပြည်ကျိုး သယ်ပိုးနိုင်ဖို့ ရှေ့တန်းက မားမားမတ်မတ် ပြည်သူ့ကိုယ်စားရပ်တည်ပေးစရာ တစ်ယောက်ယောက်လိုအပ်လာပြီ လို့ စဉ်းစားလိုက်တိုင်း “ဆရာဝန်ဖြစ်ရမည်” ဆိုတဲ့ ဦးစားပေးသတ်မှတ်ချက်ကလေး ပါပါလာတတ်တာ ကြားမိတော့ “၀မ်းနည်းရမှာလား ၀မ်းသာရမှာလား မိသိန်းကြည်ရယ်” လို့တောင် အော်လိုက်ချင်သေး။ (သေမယ့်နှစ်မှ စစ်ထဲလိုက်ရသူတွေအတွက်တော့ ၀မ်းနည်းတာပေါ့) အထူးသဖြင့် အာဏာရပါတီလို့ သိကြတဲ့ အဖွဲ့ကြီးဘက်က ပိုကြိုက်ကြတယ်ဆိုတော့ ကျုပ်တို့တတွေဆီမှာ ကက်ကင်းဓါတ်များ မိနေလို့လား မဆိုနိုင်ဘူးနော်။ တမတ်သားများပြီးရင် ဆရာဝန် နှစ်ဆယ်သားလာတော့မယ် ထင်ပါရဲ့။
ကိုယ်ဆွေကိုယ်မျိုးတွေ နန်းသုံးတော်ဝင် ရှေ့တန်းအတင်ခံနေရခိုက်မှာမှ လူရာမ၀င်ရင် တသက်လုံး လူရာဝင်ပါဦးမလား။ နောက်တခါ ဆရာဝန်ငယ်ငယ်ချောချောကလေး အလိုရှိသည် လို့ ဆိုလာရင် “အဟိ .. ငါ့ကို ခေါ်ချင်လို့နေမှာ” ဆိုပြီး လက်သန်းလေးကိုက် ဟိုဘက်ရမ်းလိုက် သည်ဘက်ရမ်းလိုက်လုပ်ပြီး မိုမိုကွမ်း သွားလုပ်ဦးမှပဲ။ ချစ်ပိတ်သတ်ကြီးကတော့ မိုးမိုးလေးကို အားပေးကြမယ် မဟုတ်လား။ ဂလိုဂလိုကို သောက်ညင်ကပ်အောင် ရေးတတ်တဲ့ ဆရာဝန် မောင်စံဖားတစ်ယောက် သည်တခါတော့ အတည်ပြောမှာပါဗျာ။ နိုင်ငံ့အကျိုး သယ်ပိုးနေကြတဲ့ ဘိုးတော် နောင်တော် (တချို့ဆို ညီတော်တောင် ပါသေး) ဆရာဝန်ကြီးများအတွက် အားကျဂုဏ်ယူစွာနဲ့ ပေါ်လစီမှတ်စုတိုလို့ပဲထင်ထင် နိုင်ငံတော်မှာ တကယ်လိုအပ်နေတဲ့ နိုင်ငံ့သားကောင်းဆရာဝန်များအကြောင်းကို ရေးဖွဲ့စာစီလိုက်ရပါတယ်။
            ဆရာဝန်တွေနိုင်ငံရေးလုပ်ကြတာ ကမ္ဘာမှာ သာဓကတွေ ရှိခဲ့ပါတယ်။ ချေဂွေဗားရား၊ ဂျိုဆေရီဇော် (သူတို့အသံနဲ့တော့ ဟိုဆေးရီဇော်တဲ့)၊ ဒေါက်တာဆွန်ယက်ဆင်တို့ဆိုတာ ပါတီထောင်ရုံ၊ တော်လှန်ရေးလုပ်ရုံ၊ ထောင်ကျတောခို အလုပ်လောက်နဲ့ သမိုင်းတင်ခံကြရတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက အမျိုးသားခေါင်းဆောင်အဖြစ် မြတ်မြတ်နိုးနိုး သမိုင်းမော်ကွန်းအတင်ခံကြရတဲ့ အာဇာနည်ကြီးတွေ ဖြစ်ပါတယ်။ အခု ကိုယ့်ဆီမှာလည်းပဲ အလားအလာကောင်းတွေ ပေါ်ထွက်နေပြီဆိုတော့ မှန်းမယ့်မှန်းရင် အဲသည်လောက် ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် ကြိုးစားကြဖို့ အားပေးချင်ပါတယ်။ လွှတ်တော်ထဲမှာ “မှန်ပါ့ဘုရား။ ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် လတာပြင်ကြီးပါ။”  ဆိုတာလောက်နဲ့ မတင်းတိမ်စေချင်ပါဘူး။ လူတော်တော်များများရဲ့ စိတ်ထဲမှာ အရိုးစွဲနေကြတဲ့ “နိုင်ငံရေးလုပ်တယ်ဆိုတာ လက်ရှိအစိုးရကို ဖြစ်တဲ့နည်းနဲ့ ကဏ္ဍကောစ လုပ်တာကိုမှ နိုင်ငံရေး လို့ခေါ်တယ်။” ဆိုတဲ့ အမြင်ကို ပြောင်းပစ်ဖို့ လိုပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်သူဘယ်ဝါဆိုတာထက် ပြည်သူတွေအတွက် ဘာလုပ်တယ် ဆိုတာက အဓိကကျပါတယ် လို့ ပြောရင် ဟိုပါတီကလူတွေနဲ့ တလေတည်းထွက်တယ် လို့ အပြောခံရတော့မှာပဲ။ သူတို့ပြောတဲ့စကားထဲမလည်း ဟုတ်တာတွေ နည်းနည်းပါးပါးတော့ ပါချင်ပါမှာပေါ့။ လုပ်တာသာ မဟုတ်ရင်နေရမယ်။ (မဟုတ်တာလုပ်တယ် လို့တော့ မပြောဝံ့ကြောင်းပါ) အရင်တုန်းကလို “မောင်ရင်လာ တံခါးပိတ် ဂျိတ်” လို့ လျှို့ဝှက်ဆွေးနွေးတာမျိုးမဟုတ်ပဲ ဘောလုံးပွဲများလို ဖောင်းဘောရှိရင်တောင် မီဒီယာတွေပေါ်မှာ စလိုးမိုးရှင်းကလေးနဲ့ အီးဂဲအိုင်းပြန်ကြည့်နေတဲ့အခါဆိုတော့ အင်မတန်မှပဲ ဖောက်ထွင်းပါးလွှာပါပေတယ်။ ထရန်စပဲရန့်ဖြစ်ပါပေတယ် လို့ ဆိုရမှာပေါ့။ သာဓုပါဗျာ။ သာဓုပါ။ “လူကြီးမင်းများ လက်ခုပ်တီးပါ” ဆိုတဲ့ သီချင်းကလေးတွေ ပြီးရင်သာ “ကိုင်း … ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်” လို့ အဆုံးသတ်မသွားကြေး။
            ကိုယ်လိုနိုင်ငံငယ်ကလေးဆီကနေ ကမ္ဘာကသိတဲ့၊ မသိချင်ယောင်ဆောင်လို့ကိုမရတဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်ခဲ့ဖူးတာ ဂုဏ်ယူစရာကြီးပါ။ မြန်မာပြည်ဆိုတာ မကြားဖူးတဲ့သူတွေတောင်မှ သူတို့နံမယ်တွေ ပြောပြလိုက်ရင် သိသိသွားကြတာ၊ ကိုယ့်မြန်မာအချင်းချင်းကျမှ မသိချင်ယောင်ဆောင်နေလို့ ဖြစ်ပါ့မလား။ အာဇာနည်မျိုးဆိုတာ ထီးဆက်နန်းရိုးများလို ငှက်ပျောပင်စိုက် မိလိုက်ဘပါ အလိုလိုဆက်ခံပြီးသားအရာ မဟုတ်ပါဘူး။ တစ်အူတုံဆင်းချင်းတောင်မှ စိတ်ထားချင်းတခြားစီ ကွာခြားနိုင်တာ မဟုတ်လား။ ကင်မင်းဆက်ကြီး လက်ဆင့်ကမ်းပေးသလို နေနတ်နွယ်များမို့ မွေးကတည်းကကို အလိုလိုနေရင်း တော်ပြီးသားပါရယ်လို့ အာဏာ ပါဝါ မာလကာတွေသုံးပြီး မယုံရင် ပုံပြင်မှတ်ခိုင်းလို့လည်း မရဘူးဗျ။ မဟုတ်ဘူးလား ငါ့တူရယ် ဟုတ်တာပေါ့ ဦးလေးရယ်နဲ့ ကျီးနဲ့ဘုတ်လို တစ်လှည့်စီမြှောက်စတမ်းဆိုတာမျိုးလည်း မရဘူး။ ပြည်သူလူထုရဲ့ အမှန်တကယ် ယုံကြည်ကိုးစားမှုရော နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ စိတ်ချယုံကြည်မှုရော မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ ဘဘကြီးဆို အဲဒါတွေ သဘောပေါက်လာလို့ မရအရ တစ်လှမ်းချင်း သိမ်းပိုက်နေတာ မဟုတ်ဘူးလား။ အခုဆို တော်တော်တောင် ခရီးရောက်နေပြီလေ။ အဿထိုရ်မြင်းပျံကြီးနဲ့ ဝေပုလ္လတောင်မှာ လိုချင်ရာကောက်နိုင်နေပြီဆိုမှတော့ တကယ့်အဖိုးတန် ကျောက်မျက်ရွဲတွေ ဒေါင်ဒေါင်မြည် ရွေးစမ်းပါလေ့နော်။ အဖိုးနည်း အိုးကွဲ အတုအယောင်တွေကို ဘာလို့ အလေးခံပြီး သယ်လာဦးမှာလဲ။ သည်အချိန်မှာ သူ့အဖို့ တိုင်းပြည်အတွက် အမှန်တကယ် စေတနာထားလေလေ၊ ပြည်သူတွေက ယုံကြည်၊ နိုင်ငံတကာကလေးစားနဲ့၊ အာဇာနည်စစ်စစ်ကြီး ဖြစ်ခွင့်ရလေလေပဲ မဟုတ်လား။ အဆိုးမြင်သမားတွေ သံသယဖြစ်နေသလို ဟန်ဆောင်လိမ်ညာလှည့်ဖြားထားတဲ့ အင်ကြီးတော့ ဖြစ်ချင်မယ် မထင်ပါဘူး။ ရွှေဘအစစ်ကြီးက ချီးဘူးကွက် နင်းစရာလား။ နောက်ကွယ်က ဘ၀ဇာတ်ဆရာအလိုကျဆိုတဲ့ သံသယတွေကို ဖျောက်ပစ်လိုက်မှပါ။ နို့မို့ သီဟတင်စိုးကားတွေလို လွတ်လပ်ရေး မရပဲနေလိမ့်မယ်။
            သူရဲ့နောက် ဒုတိယနေရာကနေ ဦးဆောင်ကစားနေသူကတော့ သားသားတို့ရဲ့ ဇာတ်လိုက်ဆရာဝန်ကြီးပေါ့ဗျာ။ “ဟောခင်ဗျာ။ ဗဟာဒူးလာပြီ။” လို့တောင် အားပေးလိုက်ချင်သေး။ လူကြီးတွေကို သရော်မော်ကား ပြောစရာလား။ တကယ်ကြီးကို မြှော်လင့်တာပါ။ တကယ်ကြီးကို အားကိုးတာပါ။ ခန့်ချောကြီးမှ ခန့်ချောကြီး။ တိုင်းပြည်အတွက်ကို တကယ်တမ်းစေတနာထားမယ့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မြဲစေမယ့် ပညာတတ် အမျိုးကောင်းသားကြီး။ ဒီလိုသာ ပြောကြေးဆို ဘယ်သူကမှ တိုင်းပြည်အတွက်မလုပ်ပဲ ကိုယ့်အကျိုးစီးပွားသာ လုပ်ပါမည်လို့ ကတိသစ္စာကျိန်ဆိုပြိး အရွေးခံလာကြတာမှ မဟုတ်ပဲ။ အကုန်လုံးကိုသာ အာဇာနည်လိုက်တပ်ရင် ဆပ်ကပ်ကစားတဲ့ အာဇာနည်စန်းစန်းက  မူလပထမ အာဇာနည်လို့ ကြော်ငြာလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုမှာဆို သမ္မတတွေ တစ်ဆက်ပြီးတစ်ဆက်သာ ပြောင်းသွားတယ်။ မှားမိရင်သာ ခေါင်းမဖော်နိုင်အောင် ငယ်ကျိုးငယ်နာပါမကျန် အမြစ်လှန်ပြီး  သမိုင်းတင်တာ။ ဘယ်လောက်ကောင်းကောင်း အာဇာနည်တစ်ယောက်ထွက်မလာဖူးတာ အံ့သြစရာ။ လုပ်ကြံခံရတိုင်းတောင် အာဇာနည် မဖြစ်ဘူးဆိုတာ ဂျေအက်ဖ်ကေ ကြည့်ဖူးရင် သိမှာပေါ့။ ဒီလိုဆိုရင် အာဇာနည်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာ စဉ်းစားကြည့်ရင် မကောင်းဘူးလား။ (သားသားသိတယ်။ ၀မ်း လိုတာ မဟုတ်လားဆိုရင် သေလိုက်တော့။ မင်း သေလိုက်လိုက်တော့)
            ပထမတစ်ချက်ကတော့ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ ပြည်သူလူထု တစ်ရပ်လိုပါတယ်။ ခုခေတ်မှာ အာဇာနည်တွေ ဘာလို့ ရှားပါးသွားသလဲဆိုတာ ခုမှပဲ သဘောပေါက်တော့တယ်။ ပြည်သူတွေက ဖိနှိပ်ချုပ်ချယ်ခံရတာ၊ မတရားအနိုင်ကျင့်တာတွေမှ မခံရတော့တာကိုး လို့ တွေးစရာကြီးနော်။ ဆိုကြပါစို့။ တကယ်လို့များ ပြည်သူတွေဟာ မတရားသဖြင့် အနိုင်ကျင့် ဖိနှိပ်ချုပ်ချယ်ခံရခဲ့သည်ရှိသော် (ဥပမာဗျ၊ ဥပမာ) အဲဒီဖိနှိပ်ခံရသူတွေဘက်ကနေ မားမားမတ်မတ် သတ္တိရှိရှိ ရပ်တည် ကာကွယ်ပေးရပါလိမ့်မယ်။ ဒါကြီးကတော့ ငြင်းစရာကို မရှိဘူး။ ရှင်းနေတာ။ ဒီလိုဆိုရင်ဖြင့် သာရာကူးတဲ့သူတွေ၊ နိုင်ခြေမြင်မှ ဒိုင်ဗင်ဝင်ပစ်တဲ့သူတွေ၊ သခင်အားရ ကျွန်ပါးဝလုပ်ချင်တဲ့ ပုဆိန်ရိုးတွေအဖို့ ဘယ်နည်းနဲ့မှ မနီးစပ်နိုင်ဘူး မဟုတ်လား။ သားသားတို့ ဆရာဝန်တွေအနေနဲ့ နိုင်ငံ့သားကောင်းဆရာဝန်ကြီးတွေ ဖြစ်ဖို့ဆိုတာ ကျိန်းသေပေါက် အာဏာရမယ့် အစိုးရကုလားထိုင်ပေါ်မှာ ချည်ပြီးတုပ်ပြီး တက်ထိုင်လိုက်ရုံနဲ့ မဖြစ်လောက်သေးဘူးလို့ ထင်တာပဲနော်။
            ဒုတိယတစ်ချက်ကတော့ ကိုယ်ကျိုးအတ္တကို စွန့်နိုင်ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တစ်ခေါက်လောက်ရောက်ဖူးခဲ့ရင် အာဇာနည်ဆိုတာ ဘယ်လိုပိုင်ဆိုင်မှုမျိုးလဲ သဘောပေါက်သွားပါလိမ့်မယ်။ “ကြည် .. ပဲပြုတ် နံပြား စားချင်တယ်” ဆိုတာ “ပေါင်မုန့်မရှိရင်လည်း ကိတ်မုန့်ပဲစားကြရောပေါ့” ဆိုတဲ့စကားလိုပဲ သမိုင်းဝင်တဲ့စကားပါ။ နောက်ကွယ်က အဓိပ္ပါယ်တွေအများကြီး မြင်နိုင်လိမ့်မယ် ထင်ပါတယ်။ သူ့ဆီကို ပုဂ္ဂိုလ်စွဲနဲ့ လာလှူတဲ့ ရွှေချောင်းတွေကိုတောင်မှ ပါတီအတွက်သုံးစွဲဖို့ ပြန်လွှဲလိုက်တယ် ဆိုတာလည်း ဖတ်ဖူးလိုက်ပါသေးတယ်။ ဆရာဝန်ထဲမှာလည်း အဲလို ဆရာဝန်မျိုးတွေ ရှိခဲ့ဖူးတာ မယုံရင် ပုံပြင်လို့သာ မှတ်ကြပါ။ ရခိုင်ပြည်နယ်က ဆရာဝန်ကြီးတစ်ဦး ပင်စင်ယူဖို့ နှုတ်ဆက်ပွဲလုပ်တဲ့အခါ မြို့ခံလူထုက သူစောင့်ရှောက်ခဲ့ဖူးတဲ့ ကျေးဇူးတရားများကို သိတတ်စွာနဲ့ ဆရာကြီးအတွက် အိုစာမင်းစာပါဆိုပြီး ၀ိုင်းလှူလိုက်ကြလို့ အဲဒီတစ်ညတည်းတင် ကျပ်သိန်း ၈၀ ကျော် ရပါသတဲ့။  အဲဒီပိုက်ဆံတွေကို ညတွင်းချင်းပဲ ဆေးရုံရံပုံငွေအတွက် ပြန်လှူလိုက်တယ်ဆိုပဲ။ စိတ်မှမှန်ရဲ့လား မသိဘူးနော်။ နောင်ကျ ကားပါမစ်တွေရရင် သိန်းငါးရာလောက် မြတ်မှာမြင်လို့ ရင်းလိုက်သလား မှတ်မနေနဲ့။ မဲဆွယ်တဲ့အချိန်ကျမှ ပိုက်ဆံတွေ ထုတ်ချေးတာ ကိုယ်ကျိုးစွန့်တယ် လို့ သတ်မှတ်ချင်လည်း သဘောဗျာ။ သူများလှူထားတာတွေအပေါ် ကိုယ့်နံမယ် လိုက်ကပ်တာလည်း အဲလိုပဲ သတ်မှတ်လိုက်။ အဲဒီလို အလွန်အမင်း စွန့်ခြင်းကြီးငါးလီနဲ့လည်း ကိုယ့်ဘာသာ အာဇာနည်တပ်ထားလို့ ရပါတယ်။ စန်းစန်းကတော့ ပထမပေါ့။
            တတိယတစ်ချက်ကတော့ စိတြဂီဝါခိုမင်းလို တစ်မျိုးသားလုံးကို ကယ်တင်နိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းလည်း ရှိရပါဦးမယ်။ အာဇာနည်ဆိုတာ အဲဒီပန်းတိုင်ကို ရောက်အောင် မသွားနိုင်ရင် သခင်သန်းထွန်းလောက်ဘ၀နဲ့ နိဂုံးချုပ်ရတတ်ပါတယ်။ ထိုင်းမှာဆို ရှပ်နီခေါင်းဆောင်တွေ စနိုက်ပါနဲ့ ရှောသာသွားရော အာဇာနည်လို့ ကမ္ဘာမကျော်ခဲ့ဘူး။ တော်လှန်ရေးကြီးကမှ မအောင်မြင်တာ ဘယ်သမိုင်းတင်ခံရမလဲလို့ မှတ်နေလား။ အာဇာနည်ရဲ့သမိုင်းဆိုတာ သူများက ရေးပေးတာ မဟုတ်ဘူး။ ဂျပန်ပြည်ကို ထွက်ခွာသူ သုံးကျိပ်မှာ ဦးနေ၀င်းတစ်ယောက်သာ သူ့ဘာသာ သူ့သမိုင်းကိုစိတ်ကြိုက်ရေးသွားနိုင်ခဲ့ပေမယ့် သူရေးတဲ့သမိုင်းမှာတောင် သူ့ကိုယ်သူ အာဇာနည်တပ်လို့ မရခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့လောက်တော့ မကောင်းလေဘူးလို့လည်း ငြင်းမရခဲ့ဘူး။ သူ့နောက်မှာ သူ့သမိုင်းကို ဆက်ရေးခဲ့တဲ့သူတွေ သမိုင်းစာမျက်နှာပေါ်မှာ ဘယ်လိုတွင်မှာပါလိမ့်။ သခင်ကိုယ်တော်မှိုင်းအုတ်ဂူရှိတယ်။ ဦးသန့်အုတ်ဂူရှိတယ်။ အာဇာနည်ဗိမာန်နဲ့ ဒေါ်ခင်ကြည်အုတ်ဂူရှိတယ်။ တချို့လူတွေမှာ အုတ်ဂူရှိလို့လား။ ဘာတွေကို အားကျရမှာလဲဆိုတာ မသိရင် အများသူငါထင်နေကြတဲ့ ငါသေရင် ငါ့သား ငါ့မယား မြေးမြစ်များ ကောင်းစားဖို့ ဆိုတာ အဟုတ်ကြီးမှတ်နေမစိုးလို့ ပြောတာပါ။ သူတို့လည်းပဲ ဝေပုလ္လတောင်မှာ တကယ့် ပတ္တမြားအစစ်တွေပဲ ကောက်လာကြတယ်ထင်ပါရဲ့။ ကမ္ဘာမှာတောင် အချမ်းသာဆုံး စာရင်းဝင်လောက်သတဲ့။ မြန်မာပြည်မှာ အုတ်ဂူမရှိတာ ဘာအရေးလဲ။ မြောက်ဝင်ရိုးစွန်းကနေ အရိုးပြာတွေ ကိုယ်ပိုင်လေယာဉ်နဲ့ ကျဲချလို့ရတယ်။ မြေကြီးပေါ်မှာ အုတ်ဂူရှိတာ မရှိတာထက် ပြည်သူတွေရဲ့ နှလုံးသားထဲမှာ နံမယ်တွေ ပုံရိပ်တွေကျန်ဖို့ကတော့ ပိုအရေးကြီးတာပေါ့လေ။ ကိုယ့်တိုင်းပြည်က ပြည်သူတွေအတွက် သူဘာတွေ လုပ်သွားသလဲဆိုတာ အဓိကကျတာ မဟုတ်လား။ သားသားတို့ဆရာကြီးတွေဟာ အခုဆိုရင် လက်ထဲမှာ စူးတွေ ဆောက်တွေနဲ့ အနာဂတ်နိုင်ငံတော်ကြီးကို သူတို့စိတ်တိုင်းကျ ပုံဖော်တည်ဆောက်နိုင်တဲ့ နေရာမှာ ရောက်နေကြပါပြီ။ မြန်မာပြည်ကြီး ဖင်ပဲချွန်းချွန်း၊ နားပဲကားကား သူတို့လက်ရာလို့ သမိုင်းတွင်ကြတော့မှာ။ ကိုယ့်ကို သင်ကြားညွှန်ပြလာတဲ့ဆရာကြီးတွေ ပြုသမျှ နုပါတော့မယ်လို့ ယုံယုံကြည်ကြည် ပုံအပ်ထားပြီး လှပတဲ့အနာဂတ်ကြီးကို မျှော်လင့်နေတယ်ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။
            အာဇာနည်မျိုး သေရိုးမရှိတို့၊ ရဲသော်မသေ သေသော်ငရဲမလား တို့လို ဆိုရိုးစကားတွေကို ကြည့်ရင် အာဇာနည်ဆိုတာ သတ္တိရှိမှ ဖြစ်မယ်ဆိုတာ ဘယ်သူငြင်းဦးမလဲ။ ဒါပေမယ့် သူတို့မှာ ကြောက်စိတ်မရှိဘူးလို့ထင်ရင်တော့ မှားလိမ့်မယ်။ သူတို့ မကြောက်တာ သေရမှာကိုသာ မကြောက်တာ။ သူတို့အတွက် သေရမှာထက် ပိုကြောက်တဲ့အရာတွေ ရှိတယ်။ (အိမ်က မိန်းမတော့ မဟုတ်ဘူးပေါ့) တိုင်းပြည်နဲ့လူမျိုးကို သစ္စာဖောက်တဲ့အဖြစ်ရောက်ရမှာကို သေရမှာထက် ကြောက်တယ်။ ကိုယ့်ရဲဘော်ရဲဘက်တွေ သေတွင်းထဲမှာ ပစ်ထားခဲ့ရမှာကို ကိုယ်တိုင်သေရမှာထက် ကြောက်တယ်။ မတရားမှုပြုသူတွေရှေ့မှာ လက်မြှောက်အရှုံးပေး ဒူးထောက်ရမှာကို သေရမှာထက်ကြောက်တယ်။ ကိုယ့်မှာ စစ်မှန်တဲ့ စာရိတ္တ၊ သိက္ခာ၊ ကိုယ်ကျင့်တရားမရှိပဲနဲ့ အရေခြုံ ဟန်ဆောင် လိမ်ညာရမှာကို သေရမှာထက်ကြောက်တယ်။ ပြည်သူလူထုကို ဒုက္ခဆင်းရဲတွင်းထဲပို့ပြီးတော့  တကိုယ်ကောင်းထွက်ပေါက်ရှာရမှာကို သေရမှာထက်ကြောက်တယ်။ လောကကြီးမှာ သူတို့ ကြောက်တဲ့အရာတွေ အများကြီး။ သေရမှာလေးတစ်ခုကိုပဲ သူတို့ မကြောက်တာ။ ဒါကြောင့်မို့ အာဇာနည်တို့ သွားရာလမ်းနဲ့ ကြီးပွားတိုးတက်သူတို့ သွားရာလမ်းဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ တကယ်တမ်း စဉ်းစားကြည့်တော့ သေခြင်းတရားဆိုတာ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ။ ရှောင်လွှဲလို့ရတာ မဟုတ်ဘူး။ သေပြီးတဲ့နောက် ဘာကိုမှ ယူဆောင်သွားလို့ မရပေမယ့် တစ်စုံတစ်ရာ ချန်ရစ်ထားခဲ့လို့ ရတယ် မဟုတ်ဘူးလား။ အဲဒါဆို ဘာတွေ ထားခဲ့မလဲ။ စည်းစိမ်ချမ်းသာလား။ ဥစ္စာဟူသည် မျက်လှည့်မျိုးတဲ့။ အမွေဆိုတာ ထိုက်သူစံသဘောပါတယ်။ သြဇာအာဏာလား။ အင်းဝမှာ ရှင်မင်းလှ သူ့သားကလေး ကိုးနှစ်သားကို ဓါးမိုးပြီး နန်းတင်တာ ဘယ်နှစ်ရက်ခံလိုက်သတုန်း။ သူတောင် သေအောင် မစောင့်နိုင်ဘူး။ ကိုယ်သေပြီးတဲ့နောက်ဖြစ်ဖြစ် ကိုယ်မသေခင်မှာ ဖြစ်ဖြစ် ကိုယ့်တိုင်းပြည်အတွက် ထူးခြားကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေ ထားခဲ့နိုင်မှ ကိုယ်ရေးတဲ့သမိုင်းဖြစ်တာ မဟုတ်လား။ အာဇာနည်ဆိုတာ သမိုင်းတော့ တွင်ရစ်တာချည့်ပဲလေ။ ပညာတတ်ပြီး ဥာဏ်ရည်မြင့်ပါတယ်ဆိုတဲ့ ဆရာဝန်တွေ နိုင်ငံ့တော်ရဲ့အကျိုးကို သယ်ပိုးကြတဲ့အခါ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမယ်ဆိုတာ မိကျောင်းမင်း ရေကင်းပြစရာ မလိုပါဘူး။ မိကျောင်းမှန်တော့ ဆန်လိမ့်မပေါ့။ တုံးဖြစ်တုံက စုန်လိမ့်မပ။ ကိုယ်တိုင်သာ ရှုစားကြပေတော့။ (ခုတော့ မစုန် မဆန်နဲ့ သောင်များတင်နေသလားပဲ)
            ဘယ်ဇာတ်ကိုပဲ ကက၊ ကွက်စိတ်ဟောတာမဟုတ်တော့ ဇာတ်ပို့ဇာတ်ရံတွေပါမှ ဇာတ်က ကြွလာတာပါ။ အာဇာနည်ဆိုတာလည်း ဒီလိုပဲ။ သူ့စရိုက်ကို ထင်ရှားလာအောင် ပို့ပေးမယ့် သူနဲ့ဆန့်ကျင်ဘက် ကိုယ်ကျိုးရှာသူ၊ ပြည်သူကို နှိပ်စက်သူ၊ ကောက်ကျစ်ယုတ်မာသူ၊ သတ္တိမရှိပဲ နောက်ကျောက ဓါးနဲ့ထိုးသူ၊ အစရှိတဲ့ စဉ်းစားဥာဏ်နုံနဲ့သလောက် အခွင့်အာဏာအလျှံပယ်ရှိနေသူ လက်နက်ကိုင်လူကြမ်းများမပါရင် သည်ဘ၀အတွက်တော့ နှမလက်လျှော့နေလေတော့ ဖြစ်ရဦးမှာပေါ့။ မြင့်မြတ်တဲ့စိတ်ထားနဲ့ တပါးသူအတွက် အသက်စွန့်ဝံ့သူတိုင်းတောင် အာဇာနည်ဖြစ်ခွင့်ရတာ မဟုတ်ဘူး။ စိုင်းအောင်လှိုင်မြင့်ဆို ဟင်နရီဒူးနန့်လောက်နဲ့ ကျေနပ်ရတာ။ ဒါကြောင့် ကယ်စရာမင်းသမီးကလေးနဲ့ ရဲစွမ်းသတ္တိပြည့်စုံသူ မင်းသားလေးနှစ်ဦးတည်းနဲ့တော့ အာဂျားအာဂျားဖိုက်တင် ကစားလို့ မကောင်းသေးဘူး။ စူပါပါဝါ လက်နက်ကြီးတွေနဲ့ မွန်းစတားကြီးတွေ အစွမ်းထက်လေလေ၊ ကစားပွဲအရှိန်အဟုန် မြင့်လေလေ ဖြစ်ရပါတယ်။ ချေဂွေဗားရားကြီး ကျူးဘားမှာ တော်လှန်ရေးအောင်မြင်ခဲ့တုန်းက ကမ္ဘာကသိရုံသာသိတာ၊ နံမယ်ကောင်း မရသေးပါဘူး။ ဘိုလီးဗီးယားမှာ အသိဥာဏ်နုံနဲ့တဲ့ပြည်သူ၊ ရက်စက်လှစွာသော အစိုးရနဲ့ နောက်ကွယ်က မဆင်မခြင်ကြိုးကိုင်သူများလက်ကို ရောက်သွားတော့မှ ထင်ရှားပြတ်သားပြီး သူ့နိုင်ငံသားတွေတင် မဟုတ်ဘူး။ တကမ္ဘာလုံးရဲ့ နှလုံးသားထဲအထိ ဒါရိုက်ဟစ် ၀င်သွားပါတော့တယ်။ သည်ကနေ့ထိ ဘယ်နိုင်ငံသွားသွား သူ့ရုပ်ပုံနဲ့တီရှပ်ဝတ်ထားတဲ့ လူငယ်တွေ တွေ့နေရတုန်းပဲ။ တကယ်လို့များ ဂဠုန်ဦးစောသာမရှိခဲ့ရင် ဗိုလ်ချုပ်လည်း ဦးနေ၀င်းနေရာမျိုးကို မလွဲမရှောင်သာ ယူချင်ယူနေရမှာပေါ့။ ခုလောက်ဆို ဇာတ်ပို့တွေရဲ့ အရေးပါပုံကိုလည်း သဘောပေါက်လောက်ပါပြီ။
            အလကားနေရင်း အမုန်းခံပြီး ဟိုလူ့ ကလိလိုက် သည်လူ့ကလိလိုက် စာတွေ လျှောက်ရေးနေတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းရဲ့စိတ်ထဲမှာ အသာစီးရမှ၊ ကိုယ့်အတွက်ကျန်မှ၊ တရားတာ မတရားတာ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ့်အလုပ်မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ်စား၊ စကားမများနဲ့။ အစရှိတဲ့ အတ္တကို ဗဟိုပြုသော စိတ်ဓါတ်အတွေးအခေါ်များ တစထက်တစ ပြန့်ပွားလာလိုက်တာ။ အာဇာနည်ဆိုတာ တန်ဖိုးထားစရာ အတုယူစရာ လို့တောင် မမြင်နိုင်တော့ဘူး။ လူမိုက်စာရင်းထဲများ ထည့်ထားကြမလားမသိ။ အနစ်နာခံဖို့ ကိုယ်ကျိုးစွန့်ဖို့ဆိုတာ အဲဒီစိတ်ဓါတ်မျိုး တကယ်ရှိတယ်ဆိုရင်တောင် အတုအယောင်တွေချည့် မြင်ဖူးထားလို့ မယုံနိုင်တော့ဘူး။ ကိုယ့်သားသမီးများ သွန်သင်ဆုံးမရင်တောင် ကတုံးပေါ်ထိပ်ကွက်တတ်ဖို့၊ လူပေါ်လူဇော်လုပ်နိုင်ဖို့ပဲ  လေ့ကျင့်ပေးတော့တယ်။ အရေးအခင်းတုန်းကဆို မိဘတိုင်းဟာ သူတို့သားသမီးတွေကို နိုင်ငံရေးနဲ့ ဝေးနိုင်သမျှဝေးဖို့ သွန်သင်ကြတယ်။ ကျောင်းသားလူငယ်တွေ လက်ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ့ရင် ဘိန်းမှုထက်ဆိုးတယ်။ လူသတ်မှုနဲ့ထောင်ကျတဲ့သူဟာ ကဗျာရေးလို့ထောင်ကျတဲ့သူထက် အရင်လွတ်တယ်။ လူငယ်တွေကို နိုင်ငံရေးမျိုးဆက်ဖြတ်လိုက်တဲ့အခါမှာ ဘယ်သူမဆို တစ်ဦးချင်း တစ်ယောက်ချင်းစိတ်ဓါတ်နဲ့ပဲ ရှင်သန်ကြီးပြင်းကြတော့တယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် ဘယ်သူ့ကို မဲပေးမှာလဲဆိုတာတောင် စိတ်မ၀င်စားတော့ဘူး။ ဘယ်သူ့ပေးပေး၊ သူ့ဘာသာတက်ချင်တဲ့သူ တက်မှာပဲဟာ ဘာလုပ်ဖို့ ခေါင်းစားနေမှာလဲ။ ဘယ်သူတက်တက် ဘုန်းကြီးပျံယိမ်းကဖို့ တို့ရွာထဲကတစ်ယောက်ပါတာ၊ တီဗီမှာပြရင်တောင် မီးခြစ်ဆံခေါင်းလောက် ခပ်ဝါးဝါးပဲ တွေ့ရလိမ့်မယ်။ လက်ခုပ်တီးနေ အလကား လက်နာရုံပေါ့။ ဟိုကလည်း ကြားမှာမှ မဟုတ်တာ။ အဲသည်လို နောက်ခံမျိုးနဲ့ ကိုယ်တို့ဆီ အာဇာနည်တစ်ယောက်တစ်လေ ထွက်နိုးနိုး သည်စာမျိုးရေးတယ်ဆိုရင်တော့ ဟောသည်အကောင်လောက် မိုက်မဲသောသူ ဤစကြာဝဠာတစ်ခွင် ရှိလိမ့်မည် မထင်ပါ။ အောက်ကသီချင်းကလေး ကြားဖူးတဲ့သူရှိရင်ဖြင့် လက်ညှိုးထောင်ပြပါဦး။
“ရာဇ၀င် … အထုပတ္တိလည်း ရှိရမယ်..။ မော်ကွန်းလည်းထိုးလောက်တယ်။ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ ငါတို့မြန်မာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သားသမီးတွေကို မွေးရမယ်…။”

No comments:

Post a Comment